ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းဆိုရာတွင်

Type

 

ဝင်းမောင်မောင်
 

ခရီးသွားလုပ်ငန်းသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးစီးပွားရေးလုပ်ငန်းကြီးများတွင် တစ်ခုအပါအဝင်ဖြစ်သည်။ မြန်မာနိုင်ငံသည် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးကို များစွာအထောက်အကူပြုစေသည့် ခရီးစဉ်ဒေသသစ်များနှင့် ပြည်တွင်းခရီးသွားဖွံ့ဖြိုးတိုးတက်လာမှု အခြေအနေကောင်းများကို ပိုင်ဆိုင်ထား သည်။ ပြည်တွင်းခရီးသွား အရှိန်အဟုန်ဖြင့် တိုးတက်လာခြင်းသည်  ခရီးသွားလုပ်ငန်းများနှင့် ခရီးစဉ် ဒေသများအပေါ် သက်ရောက်မှု  များစွာရှိသည်။
ပြည်တွင်းခရီးသွားများ  မြန်မာနိုင်ငံအတွင်း တည်းခိုနေထိုင်လည်ပတ်မှုများသည်   ၂၀၂၂    ခုနှစ် တွင် ၅ ဒသမ ၇၈ သန်းအထိ ရှိခဲ့သည်။ ၂၀၂၂ ခုနှစ် တွင် ပြည်ပခရီးသွားများ တည်းခိုနေထိုင်လည်ပတ် ခဲ့မှုမှာ ၀ ဒသမ ၆၆ သန်းသာရှိခဲ့သဖြင့် ပြည်တွင်း ခရီးသွားသည် ခုနစ်ဆခွဲ ရှစ်ဆအထိ ပိုမိုများပြားခဲ့ သည်။   ခရီးသွားလုပ်ငန်းသည်   အထိန်းအကွပ်မဲ့ အလွန်အကျွံတိုးတက်လာပါက တည်ရှိပြီးခရီးစဉ် ဒေသများနှင့်    အသစ်ဖြစ်ထွန်းမည့်   ခရီးစဉ်ဒေသ များ၏ ရေရှည်တည်တံ့မှုနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက် မှုကို ခြိမ်းခြောက်လာမည်ဖြစ်သည်။
ထို့ကြောင့်  ခရီးသွားလုပ်ငန်း  ဖွံ့ဖြိုးတိုးတက် လျက်ရှိသည့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ခရီးစဉ်ဒေသ များ မပျက်စီးစေရေး အထူးအလေးပေး ဆောင်ရွက် လာကြသည်။    အချို့ခရီးစဉ်ဒေသများကို   ယာယီ ပိတ်သိမ်း၍လည်းကောင်း၊ အချို့ခရီးစဉ်ဒေသများ ကို ခရီးသွားဧည့်သည်  အရေအတွက်ကို   အကန့် အသတ်ဖြင့် လက်ခံ၍လည်းကောင်း နည်းလမ်းမျိုးစုံ ဖြင့် ဆောင်ရွက်လျက်ရှိသည်။
ခြိမ်းခြောက်ခံ ခရီးစဉ်ဒေသများ
ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းဖြစ်စေ ရေး   အဓိကပါဝင်ပတ်သက်နေသည့်    ခရီးသွား ဧည့်သည်များ၊  ခရီးသွားလုပ်ငန်းရှင်များ၊   ခရီးစဉ် ဒေသများရှိ   ဌာနဆိုင်ရာများမှ   တာဝန်ရှိသူများ၊ ခရီးစဉ်ဒေသတွင် လာရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင် နေကြသည့် လုပ်ငန်းရှင်များ၊ ဒေသခံများ အားလုံးပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ခရီးစဉ် ဒေသများရေရှည်တည်တံ့ ခိုင်မြဲရေးသည် ခရီးသွား ဧည့်သည်များ၏ စောင့်ထိန်းလိုက်နာမှုများပေါ်တွင် များစွာတည်မီနေသည်။   ခရီးသွားများအနေဖြင့် သွားရောက်လည်ပတ်သည့် ခရီးစဉ်ဒေသများတွင် အမှတ်တမဲ့ပြုမူဆောင်ရွက်မှုများသည် ခရီးစဉ် ဒေသများကို ထိခိုက်စေသဖြင့် သတိပြုရှောင်ရှားကြ ရန် လိုအပ်ပေသည်။  ဥပမာ- ကမ်းခြေဒေသများတွင် သန္တာကျောက်တန်းများ၊  ရှားပါးရေနေသတ္တဝါမျိုးစိတ်များဖြင့် ပြုလုပ်ထားသည့် အမှတ်တရ ပစ္စည်း များ၊  အသုံးအဆောင်များ၊ အစားအသောက်များကို ဝယ်ယူခြင်းမှ     ရှောင်ကြဉ်ခြင်းနှင့်    ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများ၊ အဆောက်အအုံ များတွင်   အကျည်းတန်စေသည့်   မင်ဖျက်ဆေး (Correction Pen)များဖြင့် ရေးခြစ်ခြင်း၊ ဖျက်ဆီး ခြင်းများကို   ရှောင်ကြဉ်ကြရန်   လိုအပ်ပါသည်။ တစ်ဦးချင်းစောင့်ထိန်းမှု       မရှိခြင်းများသည် အမျိုးသားအမွေအနှစ်များ၏ ရေရှည်တည်တံ့မှုကို ခြိမ်းခြောက်လျက်ရှိသည်။
ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်း
သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံပြည်သူများ အပေါ် ထိခိုက်မှုမရှိဘဲ ကုန်ကျစရိတ် အနည်းဆုံးဖြင့် အကျိုးအမြတ်အများဆုံးရရှိစေသည့်    ခရီးသွား လုပ်ငန်းကို ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်း ဟု ဆိုကြသည်။  လူတစ်စုသာ  အကျိုးအမြတ်ရရှိပြီး နိုင်ငံတော်အတွက်လည်းကောင်း၊   ဒေသခံပြည်သူ များအတွက်လည်းကောင်း အကျိုးဖြစ်ထွန်းမှု မရှိ သည့်အပြင် သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေပြီး ခရီးစဉ်ဒေသကိုပါ ထိခိုက်စေသည့် ခရီးသွားလုပ်ငန်း များကို ကြိုတင်တားဆီးရန်လိုအပ်သည်။ 
ခရီးသွားဧည့်သည်များ  စုပြုံ၍  အများအပြား လာရောက်လည်ပတ်ခြင်း၊   ခရီးစဉ်ဒေသများရှိ သဘာဝအရင်းအမြစ်များကို အလွန်အကျွံထုတ်ယူ သုံးစွဲခြင်း၊   ဇီဝမျိုးစုံမျိုးကွဲများကို   ထိန်းသိမ်းမှု အားနည်းခြင်းများသည်    ခရီးစဉ်ဒေသများ ရေရှည် တည်တံ့ခိုင်မြဲရေးကို    ထိခိုက်စေသည့်  အခြေခံ အချက်များ ဖြစ်သည်။
မဏ္ဍိုင် သုံးရပ်
ရေရှည်တည်တံ့သော   ခရီးသွားလုပ်ငန်းကို အကောင်အထည်ဖော်ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရေး၊ လူမှုဝန်းကျင် မထိခိုက်စေရေး၊ စီးပွားရေးအရ    အကျိုးအမြတ်ရရှိစေရေးဆိုသည့် အဓိက  မဏ္ဍိုင်ကြီးသုံးရပ်ကို အခြေခံ၍ ဆောင်ရွက် ကြပြီး     ယင်းမဏ္ဍိုင်ကြီးသုံးရပ်       ဟန်ချက်ညီစွာ ဆောင်ရွက်နိုင်ရေးမှာ အလွန်အရေးကြီးသည်။ 
ခရီးသွားလုပ်ငန်း၏ ဆိုးကျိုးသက်ရောက်မှုများ ကို အနည်းဆုံးပမာဏသာ ဖြစ်စေခြင်း၊ သဘာဝ အရင်းအမြစ်များနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းခြင်း၊ ခရီးစဉ်ဒေသရှိ  သဘာဝ ပတ်ဝန်းကျင်အပေါ်တွင်         ဧည့်သည်များ၏ ဂရုတစိုက်ရှိမှုနှင့် သိမြင်နားလည်မှုများကို မြှင့်တင် ခြင်း၊ ခရီးသွားလုပ်ငန်းအတွက် အရင်းအမြစ်များကို  အကျိုးရှိထိရောက်စွာ အသုံးပြုခြင်းတို့သည် ပထမ မဏ္ဍိုင်၏ ပင်မလုပ်ငန်းများဖြစ်သည်။
ဒုတိယမဏ္ဍိုင်မှာ   ဒေသခံများ၏   ခရီးသွား လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ခွင့်နှင့်  လုပ်ငန်းနှင့် ဆက်စပ်သည့် အသိပညာများရရှိခွင့်ကို မြှင့်တင်ပေး ခြင်း၊ ခရီးသွားလုပ်ငန်းအတွေ့အကြုံများကို ရရှိစေ ခြင်းနှင့် ထိုအတွေ့အကြုံများမှတစ်ဆင့် ကိုယ်တိုင် ဖန်တီးလုပ်ဆောင်ခွင့်   ရရှိစေခြင်း၊  ခရီးစဉ်ဒေသရှိ ယဉ်ကျေးမှုအမွေအနှစ်များ၊ လူနေမှုပုံစံများ၊ ရိုးရာ ဓလေ့များအပေါ်တွင် ဧည့်သည်များ၏ အလေးအနက် ရှိမှုနှင့်    သိမြင်နားလည်မှုကို  မြှင့်တင်ခြင်းတို့ ဖြစ်သည်။
တတိယ   မဏ္ဍိုင်ဖြစ်သော   စီးပွားရေးအရ အကျိုးအမြတ်ရရှိရေးကို ဆောင်ရွက်ရာတွင် ခရီးစဉ် ဒေသ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် မူဝါဒချမှတ် ခြင်း၊ စီမံကိန်းရေးဆွဲခြင်းနှင့် စီမံခန့်ခွဲခြင်းများ၏ အရေးပါမှုကိုသိမြင်ပြီး အလေးထားဆောင်ရွက်ခြင်း၊ ဒေသခံများအတွက် အကျိုးအမြတ်ရရှိမှုကို ဖြစ်စေ ခြင်းနှင့်   ဒေသခံများ   ခရီးသွားလုပ်ငန်းများတွင် ကိုယ်တိုင် အမှီအခိုကင်းစွာဖြင့် ရပ်တည်ဆောင်ရွက် လာနိုင်ခြင်း    စသည့်အချက်များကို       ထည့်သွင်း စဉ်းစားဆောင်ရွက်ရပါမည်။
တာဝန်သိခရီးသွားများ
ပြည်တွင်းခရီးသွားများဖြစ်စေ၊ ပြည်ပခရီးသွား များဖြစ်စေ မိမိကိုယ်ကိုတာဝန်ယူမှုရှိသော ခရီးသွား များဖြစ်လာစေရေး   ခရီးသွားစဉ်စောင့်ထိန်းရမည့် ကျင့်ဝတ်များကို   စောင့်ထိန်းကြရန်လိုအပ်သည်။ တစ်ဦးချင်း တစ်ယောက်ချင်းမှသည် အားလုံးပါဝင် သည့် တာဝန်သိစွာ ခရီးသွားတတ်သည့်  ယဉ်ကျေးမှု ထွန်းကားလာအောင် ဆောင်ရွက်ကြရမည်။ ရေရှည် တည်တံ့သော ခရီးသွားလုပ်ငန်းအတွက် မိမိတို့သည် မည်သည့်နယ်ပယ်၊ မည်သည့်နေရာဒေသ၊ မည်သည့် အလုပ်အကိုင်၊ မည်သည့်အခန်းကဏ္ဍတွင်  ရှိနေ စေကာမူ   ခရီးသွားတစ်ဦး၏  တာဝန်ဝတ္တရားများကို တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် ဆောင်ရွက်ကြရ မည်။ မိမိသည်   တာဝန်ယူမှုရှိသော  ခရီးသွားသူ တစ်ဦးဖြစ်လာစေရေး   အောက်ပါအချက်များကို မိမိတတ်နိုင်သမျှ လိုက်နာကျင့်သုံးရန် တိုက်တွန်း လိုပါသည်-
    -    ခရီးသွားရန်     စတင်ဆောင်ရွက်စဉ်ကပင်   မိမိသွားရောက်မည့်           ခရီးစဉ်ဒေသရှိ   ဒေသခံများနှင့်   သဘာဝပတ်ဝန်းကျင်ကို   ထည့်သွင်းစဉ်းစား ရွေးချယ်ခြင်း။
    -    ခရီးစဉ်တစ်လျှောက်တွင်      စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုကို ရှောင်ကြဉ်ခြင်း။
    -    ခရီးစဉ်အတွင်း နေထိုင်လည်ပတ်မှုများတွင် စွမ်းအင်သုံးစွဲမှုကို ချွေတာခြင်း။
    -    မိမိ၏     ဈေးဝယ်အိတ်၊    တစ်ကိုယ်ရေသုံး အမှိုက်အိတ်များဆောင်ယူသုံးစွဲခြင်း။
    -    ပလတ်စတစ်ဘူးများ၊  ပလတ်စတစ်အိတ် များ၊        ဖော့ဘူးများကို      လျှော့ချ သုံးစွဲခြင်း။
    -    ဒေသခံများ၏ မတူကွဲပြားသည့် ယဉ်ကျေးမှု များကို  အသိအမှတ်ပြု   လေးစားတန်ဖိုး ထားခြင်း။
    -    မျိုးသုဉ်းပျောက်ကွယ်တော့မည့်       ရှားပါး အပင်မျိုးစိတ်များနှင့် တိရစ္ဆာန်မျိုးစိတ်များ ကို ထိန်းသိမ်းခြင်း။
    -    ဒေသခံများထုတ်လုပ်ထားသည့်   အမှတ်တရ လက်ဆောင်ပစ္စည်းများ၊  ဒေသထွက်ပစ္စည်း များကို ဝယ်ယူအားပေးခြင်း၊ ဒေသခံများ၏ စားသောက်ဆိုင်များ၊    စီးပွားရေးလုပ်ငန်း များကို  အားပေးခြင်းဖြင့် ဒေသ၏  လူမှု စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို   အထောက် အကူပြုပေးခြင်း။
    -    ဒေသခံများ၏ လူနေမှုဓလေ့စရိုက်များကို အသိအမှတ်ပြုလေးစားပြီး  လိုက်လျော ညီထွေစွာ ပြုမူနေထိုင်ခြင်း။
    -    တရားမဝင် မူးယစ်ဆေးဝါးရောင်းဝယ်မှု များ၊   သုံးစွဲမှုများ၊    လိင်ကုန်ကူးခြင်းများ မပြုလုပ်ခြင်း။
    -    သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံများအပေါ် တာဝန်သိသော၊   ကျင့်ဝတ်လိုက်နာသော ခရီးသွားလုပ်ငန်းများကိုသာ မိမိ၏ ခရီးစဉ် အား စီစဉ်ပေးသူအဖြစ် ရွေးချယ်အသုံးပြု ခြင်း။
    -    အနည်းဆုံး ရေပမာဏကိုသာ သုံးစွဲခြင်း။
တာဝန်သိခရီးသွားလုပ်ငန်းများ
ယခင် သမားရိုးကျ  ခရီးသွားလုပ်ငန်းများသည် အမြတ်ဗဟိုပြု        စီးပွားရေးလုပ်ငန်းများဖြစ်ပြီး ရေရှည်တည်တံ့သော    ခရီးသွားလုပ်ငန်းသည်  အတ္တ  ပရ   မျှတသည့်၊    လူမှုတာဝန်ကျေသည့်   စီးပွားရေးလုပ်ငန်းဖြစ်သည်။  ယနေ့ကမ္ဘာပေါ်တွင်  မည်သည့်ကဏ္ဍ၌     ရင်းနှီးမြှုပ်နှံ၍    စီးပွားရေး ဆောင်ရွက်ကြသည်ဖြစ်စေ ရေရှည်တည်တံ့စေရေးအတွက်ဘက်ပေါင်းစုံမှ စဉ်းစားလုပ်ကိုင်ဆောင်ရွက် လျက်ရှိသည်။ သဘာဝပတ်ဝန်းကျင်    မထိခိုက်စေ ရေး၊ ယဉ်ကျေးမှု အမွေအနှစ်များ  မထိခိုက်မပျက်စီး စေရေးနှင့် ဒေသခံများ၏ လူမှုစီးပွားဘဝ မထိခိုက် စေရေးများကို       ကြိုတင်လေ့လာတွက်ချက်ပြီး ထိခိုက်မှုအနည်းဆုံးဖြင့်  အမြတ်ရရှိရေးကို စဉ်းစား လုပ်ကိုင်လာကြသည်။     လူမှုတာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများကို  
အားပေးလာကြသည်။ ခရီးသွားလုပ်ငန်းကဏ္ဍတွင် လည်း   ရေရှည်တည်တံ့သော   ခရီးသွားလုပ်ငန်းကို အထောက်အကူပြုစေမည့် ကျင့်ဝတ်များ၊ လုပ်ထုံး လုပ်နည်းများကို      လိုက်နာဆောင်ရွက်သည့် စီးပွားရေးလုပ်ငန်းများကိုသာ  ဒေသခံများက လက်ခံ ကြိုဆိုလာကြပြီဖြစ်သည်။          ဒေသခံများနှင့် သဟဇာတဖြစ်ပြီး ဒေသကိုအကျိုးပြုသော၊ သဘာဝ ပတ်ဝန်းကျင်ကိုထိန်းသိမ်းသော တာဝန်သိခရီးသွား လုပ်ငန်းများအတွက် အခြေခံ ကျင့်ဝတ်များကို မျှဝေ လိုပါသည်။  အောက်တွင် ဖော်ပြထားသည့် အခြေခံ ကျင့်ဝတ်များနှင့်    သွေဖည်ခဲ့ပါက   ရေရှည် တည်တံ့ခိုင်မြဲမှုနှင့်    သဟဇာတဖြစ်မှုကို  ထိခိုက်စေ ပါသည်-
    -    ကာလရှည်ကြာ    အကျိုးဖြစ်ထွန်းမှုကို အာမခံနိုင်ပြီး အမြတ်ရရှိစေမည့် ဦးတည် ဈေးကွက်တစ်ခုကိုသာ     ဝန်ဆောင်မှု ပေးခြင်း။
    -    ခရီးစဉ်ဒေသများနှင့်  အဆိုပါခရီးစဉ်ဒေသ များတွင် ရှိနှင့်ပြီးသည့် ယဉ်ကျေးမှု အမွေ အနှစ်များကို အသိအမှတ်ပြု အလေးအနက် ထားသည့်     လုပ်ငန်းများ    ဖြစ်လာစေရေး ခံယူဆောင်ရွက်ခြင်း။
    -    ဒေသစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် သိသာ ထင်ရှားသည့် အကျိုးအမြတ်ကို ဖြစ်ထွန်း စေခြင်း။
    -    သဘာဝပတ်ဝန်းကျင်နှင့် လူမှုအဖွဲ့အစည်း များအကြား  သဟဇာတဖြစ်မှုနှင့်  အပြန် အလှန် အကျိုးသက်ရောက်မှုကိုဖြစ်ထွန်းစေခြင်း။
    -    ရေမြေတောတောင်များ၊    တိုင်းရင်းသား လူမျိုးစုများနှင့်       လူနေမှုဓလေ့စရိုက် ယဉ်ကျေးမှုများကို          ကာကွယ်ခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများတွင်     အရင်း အနှီးစိုက်ထုတ်မှုကို မြှင့်တင်ခြင်း။
    -    မတူကွဲပြားသည့် ဒေသခံလူမှုအဖွဲ့အစည်း များအား အခွင့်အလမ်းသစ်များ  ဖန်တီးပေး ရန်နှင့် ပေါ်ပေါက်လာသည့် စိန်ခေါ်မှုများကို အတူတကွဖြေရှင်းတတ်လာစေရန် ကူညီ ဆောင်ရွက်ပေးခြင်း။    
တာဝန်သိခရီးသွားလုပ်ငန်းများ  ပေါ်ပေါက်လာ မှသာ   ရေရှည်တည်တံ့သည့် ခရီးသွားလုပ်ငန်း ဖြစ်တည်လာမည်။ ဒီတာဝန်ကို တစ်ဦးတစ်ယောက် တည်း၊  အဖွဲ့အစည်းတစ်ခုတည်းက      ထမ်းဆောင် နိုင်မည် မဟုတ်ပါ။ ခရီးသွားလုပ်ငန်းနယ်ပယ်တွင် ပါဝင်ပတ်သက်သူ  တစ်ဦးချင်းစီတိုင်းတွင် တာဝန်ရှိ ပါသည်။ 
နိုင်ငံတော်၏ စီးပွားရေးကို တစ်ဖက်တစ်လမ်း မှ      အထောက်အကူဖြစ်စေပြီး    ဆပွားအကျိုး သက်ရောက်မှု   ကျယ်ပြန့်သည့် ခရီးသွားလုပ်ငန်းကို အမြတ်ရရှိရေးသာ ဦးတည်ဆောင်ရွက်ရာမှ ရေရှည် တည်တံ့ရေးကို     ဦးတည်ဆောင်ရွက်လာစေရေး ပါဝင်ပတ်သက်သူအားလုံး အလေးထားဆောင်ရွက် ရမည့် အချိန်ဖြစ်သည်။ 
ရေရှည်တည်တံ့သောခရီးသွားလုပ်ငန်း၏ အကျိုးကျေးဇူးများ
ရေရှည်တည်တံ့သော   ခရီးသွားလုပ်ငန်းသည် လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုကို          ထိထိ ရောက်ရောက်နှင့် စရိတ်သက်သာစွာဖြင့်ဆောင်ရွက် နိုင်ပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ခြင်း၊ ပင်လယ်ကမ်းရိုးတန်းဒေသများ၏  ဂေဟစနစ်နှင့် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို   သဘာဝအတိုင်း ထိန်းသိမ်းနိုင်ခြင်း၊  ခရီးစဉ်ဒေသများကို    မူလ အတိုင်း    ထိန်းသိမ်းထားနိုင်ခြင်းဖြင့်     ခရီးသွား ဧည့်သည်များ           လာရောက်လည်ပတ်စေရန် ဆွဲဆောင်နိုင်ခြင်း၊   ခရီးစဉ်ဒေသများ၏   အရည် အသွေးနှင့် ဒေသတွင်းနိုင်ငံများရှိ ခရီးစဉ်ဒေသများ နှင့်   ယှဉ်ပြိုင်နိုင်စွမ်းအားကို   မြှင့်တင်နိုင်ခြင်း၊ အနာဂတ်     ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို မြှင့်တင်နိုင်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်း ကာကွယ်ပေးခြင်းကြောင့် နောင်မျိုးဆက်သစ်များ အတွက် ကောင်းမွန်သည့် အမွေများချန်ထားနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေသည်။ 
ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်
သဘာဝအရင်းအမြစ်များကို  ရေရှည်တည်တံ့သောနည်းလမ်းများဖြင့် အသုံးပြုစေရေး၊ အလွန် အကျွံအသုံးပြုခြင်းနှင့် ညစ်ညမ်းမှုများ လျော့ကျစေ ရေး၊  ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းတတ်စေ ရေး၊     ဒေသအဆင့်နှင့်     နိုင်ငံတော်အဆင့်  ရေးဆွဲ ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများတွင် ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို ထည့်သွင်းဆောင်ရွက် စေရေး၊ ဒေသခံများ၏ စီးပွားရေး အကျိုးအမြတ်ရရှိမှု ကို အလေးထား သုံးသပ်ဆောင်ရွက်စေရေးများကို ဆောင်ရွက်ကြရပါမည်။   ထိုသို့  ဆောင်ရွက်ရာတွင် ဒေသခံများ၊   အစိုးရဌာနဆိုင်ရာများ၊   ခရီးသွား လုပ်ငန်းရှင်များ၊ ခရီးသွားများ၊ ကျွမ်းကျင်ပညာရှင် များ၊ မီဒီယာများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ခြင်းဖြင့်   နိုင်ငံတော်စီးပွားရေးကို  အထောက်အကူ ဖြစ်စေသည့်         ခရီးသွားလုပ်ငန်းအား  ရေရှည် တည်တံ့အောင်          ကြိုးပမ်းဖော်ဆောင်ပေးကြရ ပါမည်။
မြန်မာနိုင်ငံသည်    ခရီးသွားလုပ်ငန်းအတွက် အရင်းအမြစ်များ    ပြည့်စုံသည့်   နိုင်ငံဖြစ်သည်။ သဘာဝအတိုင်း   မပျက်စီးသေးသည့်   ပင်လယ် ကမ်းခြေများ၊ ရေအောက်ရှုခင်းများကို လေ့လာနိုင် သည့် မြိတ်ကျွန်းစုဒေသ ခရီးစဉ်များ၊ သာယာလှပ သည့် တိမ်ပင်လယ်ရှုခင်းများ၊  တောင်တက်ခရီးစဉ် များ၊   ရေခဲဖုံးလွှမ်းနေသည့်  တောင်တန်းများ၊ မတူကွဲပြားသည့် တိုင်းရင်းသားများ၏ ယဉ်ကျေးမှု ဓလေ့စရိုက်များ၊   လူနေမှုပုံစံများ၊   ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေများစသည်ဖြင့်     ခရီးသွား လုပ်ငန်းအတွက် အရင်းအမြစ်များ ပြည့်စုံကြွယ်ဝလှ သည်။ ထိုသို့   ပြည့်စုံကြွယ်ဝလှသည့်  ခရီးသွား လုပ်ငန်းအတွက် အရင်းအမြစ်များ ရေရှည်တည်တံ့ ပြီး ခရီးသွားလုပ်ငန်း၏ အသီးအပွင့်များကို   ဒေသခံ များ ခံစားနိုင်ရေး ခရီးသွားများ၊ ခရီးသွားလုပ်ငန်းများ က ပြိုင်တူတွန်းလို့   ရွှေ့ပေးကြပါရန်   တိုက်တွန်း လိုက်ရပါသည်။        ။