
ရန်ကုန် ဇူလိုင် ၁၉
ရန်ကုန်မြို့ အတွင်းဝန်ရုံး (ယခင် ဝန်ကြီးများရုံး)၌ (၇၆)နှစ်မြောက် အာဇာနည်နေ့ ဝမ်းနည်းခြင်း အထိမ်းအမှတ် နိုင်ငံတော်အလံ အား တိုင်ဝက်သို့ လျှော့ချလွှင့်ထူ၍ အလေးပြုခြင်း အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများကျဆုံးခဲ့ရာ ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ရှိ အတွင်းဝန်ရုံး (ယခင်ဝန်ကြီး များရုံး)၌ ကျင်းပသည်။
နှစ်မိနစ် ငြိမ်သက်
အခမ်းအနားသို့ (၇၆)နှစ် မြောက် အာဇာနည်နေ့ အခမ်း အနား ကျင်းပရေး လုပ်ငန်း ကော်မတီအတွင်းရေးမှူး ရန်ကုန် တိုင်းဒေသကြီးစည်ပင်သာယာရေး ဝန်ကြီး မြို့တော်ဝန် ဦးဗိုလ်ဌေး နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဂုဏ်ပြုတပ်ဖွဲ့ များ တက်ရောက်ကြပြီး ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများကို အလေး ပြုကြကာ နိုင်ငံတော်အလံအား တိုင်ဝက်သို့ လျှော့ချလွှင့်ထူ၍ နှစ်မိနစ် ငြိမ်သက်ကာ မေတ္တာပို့ အမျှပေးဝေကြသည်။
ယနေ့တွင် အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး)၌ ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ သည့် အစည်းအဝေးခန်းမနှင့် ပါလီမန် အဆောက်အအုံနေရာ တို့ကို နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ အများပြည်သူ လာရောက်လေ့လာနိုင်ရန် ယနေ့ တစ်ရက်တာ အထူးဖွင့်လှစ်ပြသ ခဲ့သည်။ ကျန်နေ့များတွင် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားရှိပြီး ယနေ့၌ အာဇာနည်ခေါင်းဆောင် ကြီးများ ကျဆုံးခဲ့သည့် အစည်း အဝေးခန်းမ၊ အာဇာနည် ခေါင်း ဆောင်များကျန်ရှိခဲ့သည့် ပစ္စည်း ၂၈ မျိုးပြခန်း၊ သက်တမ်းရာကျော် ရှိသည့် ပါလီမန်အဆောက်အအုံ အတွင်း ခင်းကျင်းပြသမှုနှင့် အခြား လေ့လာစရာ သမိုင်းဝင်မှတ်တမ်း များကို အများပြည်သူ အထူး စည်ကားများပြားစွာ ဝင်ရောက် ကြည့်ရှုလေ့လာကြသည်။
ဦးညွှတ်အလေးပြု
(၇၆) နှစ်မြောက် အာဇာနည် နေ့ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ဝမ်းနည်းခြင်း အထိမ်း အမှတ်အဖြစ် ဥဩဆွဲ အချက် ပေးစဉ် ယာဉ်နှင့်ပြည်သူများက ရပ်တန့်၍ ဦးညွှတ်အလေးပြုခဲ့ ကြသည်။
သတင်းစဉ်