
ရန်ကုန် ဇူလိုင် ၁၅
၂၀၂၃ အာဆီယံ ယူ-၁၉ အမျိုးသမီး ဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲ ကို ဇူလိုင် ၁၅ ရက်က အင်ဒိုနီးရှား နိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာအသင်းသည် အိမ်ရှင် အင်ဒိုနီးရှားအသင်းနှင့် သာမန် ပွဲကစားချိန် မိနစ် ၉၀ တွင် တစ်ဂိုး စီ သရေကျနေသဖြင့် ပယ်နယ်တီ ဖြင့်ဆုံးဖြတ်ရာ မြန်မာအသင်း က လေးဂိုး-နှစ်ဂိုး စုစုပေါင်း ငါးဂိုး-သုံးဂိုးဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။
ယခင်ကထက် များစွာတိုးတက်လာသည့် အင်ဒိုနီးရှားအသင်း ကစားပုံကြောင့် မြန်မာအသင်းအနေဖြင့် အနိုင်ရရန် ရုန်းကန်ခဲ့ရပြီး ပယ်နယ်တီအဆုံးအဖြတ်တွင် အနိုင်ရရှိကာ တတိယဆုရယူနိုင်ခဲ့သည်။ မြန်မာအသင်းသည် ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့သော်လည်း တတိယဆု ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်းတွင် ဖီးဗေ (ဂိုး)၊ မေသက်မွန်မြင့်၊ ခင်ဌေးကြိုင်၊ ဖြူဖွေး၊ ကြယ်စင်၊ ဖြူဖြူဝင်း၊ ဝေဖူးအိမ်၊ စန္ဒာလင်း၊ ယွန်းဝတီလှိုင်၊ ယဉ်လွန်းအိမ်၊ ဇင်မိုးပြည့်တို့ပါဝင်ကစားခဲ့သည်။ မိနစ် ၃၀ တွင် ယဉ်လွန်းအိမ်က မြန်မာအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သော် လည်း ၄၉ မိနစ်တွင် အင်ဒိုနီးရှားအသင်းက ပယ်နယ်တီမှတစ်ဆင့် ချေပဂိုးပြန်သွင်းခဲ့သည်။ ယင်းနောက်ပိုင်းတွင် ဂိုးထပ်မသွင်းနိုင်သဖြင့် တစ်ဂိုးစီသရေကျခဲ့ပြီး အချိန်ပိုမကစားဘဲ ပယ်နယ်တီဖြင့် တိုက်ရိုက် ဆုံးဖြတ်ခဲ့သည်။ ပယ်နယ်တီကန်သွင်းရာတွင် မြန်မာအသင်းက လေးလုံးစလုံး ဂိုးဝင်ခဲ့ပြီး အင်ဒိုနီးရှားအသင်းက လေးလုံးကန်ရာတွင် နှစ်ဂိုးသာဝင်ခဲ့သဖြင့် မြန်မာအသင်း အနိုင်ရခဲ့ခြင်းဖြစ်သည်။ မြန်မာ အသင်းအတွက် ပယ်နယ်တီဂိုးများကို သိင်္ဂီထွေး၊ စန္ဒာလင်း၊ ဖြူဖြူဝင်း နှင့် ဖြူဖွေးတို့က ကန်သွင်းယူခဲ့သည်။
ရဲရင့်လွင် ၊ ဓာတ်ပုံ-MFF