
နေပြည်တော် ဇူလိုင် ၁၄
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဝါဝါမောင်သည် ရန်ကုန်မြို့ရှိ အိန္ဒိယနိုင်ငံသံရုံးမှ ဒုတိယ အကြီးအကဲ Ms. Nabanita Chakrabarti ကို ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံ သည်။
တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ အိန္ဒိယနိုင်ငံ၏ အကူအညီဖြင့် ဆောင်ရွက်မည့် စီမံကိန်းများနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ မြန်မာ - အိန္ဒိယ နှစ်နိုင်ငံအကြား ချုပ်ဆိုထားသော အသေးစား ဖွံ့ဖြိုးမှုစီမံကိန်းများ (Small Development Projects) အကူ အညီပေးရေးဆိုင်ရာ နားလည်မှု စာချွန်လွှာအောက်မှ အိန္ဒိယ ဘက်သို့ အဆိုပြုထားသည့် စီမံကိန်းများ၏ ဖြစ်ပေါ် တိုးတက်မှု၊ မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများ ပြန်လည် ထူထောင်ရေးဆိုင်ရာ စီမံကိန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။ တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီး ဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။
အသေးစားဖွံ့ဖြိုးမှု စီမံကိန်း သည် အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှု အတွက် ကျန်းမာရေး၊ ပညာရေး၊ လူမှုအသိုက်အဝန်း တိုးတက်မှု ကဏ္ဍများတွင် အချိန်တိုအတွင်း ထိရောက်စွာ အကောင်အထည် ဖော်နိုင်မည့် စီမံကိန်းများကို အမေရိကန်ဒေါ်လာ နှစ်သန်း အောက် ပမာဏဖြင့် ဆောင်ရွက် နိုင်သည့် အကူအညီစီမံကိန်းများ (Grant Projects) ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်