အာဆီယံ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲတွင် မြန်မာအသင်း ဗိုလ်လုပွဲနှင့် လွဲချော်

 

ရန်ကုန်   ဇူလိုင်   ၁၃
၂၀၂၃ အာဆီယံ ယူ-၁၉  အမျိုးသမီးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဇူလိုင် ၁၃ ရက်က အင်ဒိုနီးရှားနိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာ အသင်း အချိန်ပိုတွင် အရေးနိမ့်ပြီး ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့သည်။
ဆီမီးဖိုင်နယ်ပွဲစဉ်များတွင် ဗီယက်နမ်အသင်းက  မြန်မာအသင်းကို နှစ်ဂိုး-တစ်ဂိုး၊ ထိုင်းအသင်းက အိမ်ရှင်အင်ဒိုနီးရှားအသင်းကို ခုနစ်ဂိုး-တစ်ဂိုး ဖြင့် အနိုင်ရခဲ့သည်။ မြန်မာအသင်းသည် ဗိုလ်လုပွဲတက်ရောက် နိုင်ရေး အကောင်းဆုံးကြိုးစားခဲ့သော်လည်း  အချိန်ပိုတွင် ပေးလိုက် ရသည့်ဂိုးကြောင့် ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့ရသည်။   မြန်မာအသင်းသည် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ပထမပိုင်းပြီးခါနီးတွင် ချေပဂိုးနှင့် အချိန်ပိုတွင် အနိုင်ဂိုးပေးလိုက်ရခြင်းဖြစ်သည်။
မြန်မာအသင်းသည် ပွဲအစရှစ်မိနစ်မှာပင် မြန်မာအသင်း   ဂိုးစတင် ရရှိပြီး ယဉ်လွန်းအိမ်က သွင်းယူခဲ့သည်။ ဂိုးပေးလိုက်ရသဖြင့် ဗီယက်နမ် အသင်း ချေပဂိုးရရန် ကြိုးပမ်းလာသော်လည်း  မြန်မာအသင်း   ခံစစ် အမှားမရှိအောင်   ကစားနိုင်ခဲ့သည်။  သို့သော် ပထမပိုင်းပြီးခါနီးတွင် ချေပဂိုးပေးလိုက်ရပြီး ဒုတိယပိုင်းတွင်လည်း   နှစ်သင်းစလုံး  ဂိုးထပ် မသွင်းနိုင်သဖြင့်  အချိန်ပိုဆက်လက်ကစားခဲ့ရသည်။အချိန်ပို  ပထမ ပိုင်းပြီးခါနီးတွင်   ဗီယက်နမ်အသင်း   အနိုင်ဂိုးရခဲ့ပြီး ယင်းဂိုးကို ပွဲပြီး သည်အထိ ထိန်းကစားခဲ့သည်။
တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲကို ဇူလိုင် ၁၅ ရက်တွင် ဆက်လက် ကျင်းပမည်ဖြစ်ပြီး တတိယနေရာလုပွဲအဖြစ်   မြန်မာနှင့်  အိမ်ရှင် အင်ဒိုနီးရှား၊ ဗိုလ်လုပွဲအဖြစ်  ထိုင်းနှင့်   ဗီယက်နမ်အသင်း ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။                                                    

ရဲရင့်လွင်