အတ္တ ပရ မျှမျှတတ ရောင်းဝယ်ဖောက်ကားကြစို့လား

Type

 

ခင်သန်းမြင့်
 

ဒီနေ့တော့ သားငါးတွေက စားရတာ ရိုးအီလာတာကတစ်ကြောင်း၊ မတန်တဆ  ဈေးခေါင်ခိုက်နေတာကတစ်ကြောင်းကြောင့် ခြိုးခြံ ချွေတာတဲ့အနေနဲ့ ပဲကုလားဟင်းလေးချက်ပြီး ငရုတ်သီးဆားထောင်း၊ ဒါမှမဟုတ် ငါးပိထောင်းလေးနဲ့ပဲ စားတော့မယ်လို့ စိတ်ကူးထားတယ်။ကျွန်မတို့လို သာမန်အိမ်ရှင်မတွေအဖို့တော့  နေ့တိုင်းဟင်းကောင်းချည်းပဲ  ဘယ်ချက်စားနိုင်ပါ့မလဲ။ ဝင်ငွေထွက်ငွေမျှတအောင်၊ မိသားစု တွေလည်း လျှာရင်းမြက်အောင်  ဒီလိုပဲ တွေးတောကြံဆဝယ်ရခြမ်းရတာပါပဲ။ တကယ်တော့ သားငါးပါမှ စားလို့မြိန်တာမှ မဟုတ်တာ။ အစပ်အဟပ်တည့်အောင် စီမံချက်ပြုတ်နိုင်ရင်လည်း ထမင်းမြိန်တာပါပဲ။ 
ရှေးလူကြီးတွေပြောသလို ရှိတာလေးနဲ့လှအောင်ဝတ်၊ ရတာ လေးနဲ့ဝအောင်စားတာပဲ  ကောင်းပါတယ်။  ကိုယ်ရတဲ့ဝင်ငွေထက် ထွက်ငွေက ပိုများနေရင်တော့ အကြွေးတင်မှာပဲလေ။    ပိုပိုလျှံလျှံ သုံးစွဲချင်ရင်တော့ ပိုပြီးကြိုးစားလုပ်ကိုင်ရှာဖွေကြရမှာပေါ့။
အိမ်ထောင်စုတစ်စုလိုပဲ နိုင်ငံတစ်နိုင်ငံဆိုလည်း ဝင်ငွေနဲ့ ထွက်ငွေ မျှတအောင်၊ မကုန်သင့်တာမကုန်ရအောင်၊ နိုင်ငံ့ဝင်ငွေတိုးတက်အောင်၊ ငွေပိုငွေလျှံရအောင် စီမံခန့်ခွဲကြရတာပါပဲ။
 ပြည်တွင်းဖြစ် ထုတ်ကုန်တွေကို အသုံးပြု
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ၃၀-၆-၂၀၂၃  ရက်က   ကျင်းပတဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေးအစည်းအဝေးမှာ  အသုံးစရိတ် ချွေတာရေးနဲ့ပတ်သက်ပြီး မဖြစ်မနေသုံးစွဲရန်  လိုအပ်သည်များမှအပ ချွေတာသုံးစွဲကြဖို့၊  ဖြုန်းတီးမှုတွေမဖြစ်စေရေးအတွက် အသုံးစရိတ် များကို စနစ်တကျသုံးစွဲကြဖို့၊ အသေးစိတ်ကစပြီး ခြိုးခြံချွေတာနိုင်မှ ပြည်တွင်း လိုငွေပြမှုနဲ့ နိုင်ငံခြားလိုငွေပြမှုတွေကို လျှော့ချနိုင်မယ်၊ ဒါကြောင့် ပြည်ပမှဝယ်ယူသုံးစွဲခြင်းထက် ပြည်တွင်းဖြစ် ထုတ်ကုန်တွေ ကိုအသုံးပြုဖို့ ပြောကြားသွားတာ သတင်းစာထဲမှာ ဖတ်လိုက်ရတယ်။
တစ်ဆက်တည်းမှာပဲ “ပြည်ပသို့တင်ပို့မှုမှ ရရှိသည့်ရောင်းရငွေနှင့် ပြည်ပမှ ဆီတင်သွင်းမှုကြောင့်   ကုန်ကျငွေများမှာ   မကာမိသည်ကို တွေ့ရှိရကြောင်း၊ မြေပဲနှင့် နှမ်းများကို ပြည်ပသို့ တင်ပို့ခြင်းမရှိဘဲ ပြည်တွင်းဆီထုတ်လုပ်မှုအတွက်သာ အသုံးပြုမည်ဆိုပါက ပြည်တွင်း စားသုံးဆီဖူလုံမှုကိုဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ ဆီထွက်သီးနှံများ အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက နှစ်စဉ်ပြည်ပ မှဒေါ်လာသန်း ၆၀၀ ဖိုးခန့် ဆီတင်သွင်းမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း” ပြောကြားသွားခဲ့တယ်။ 
အလားတူပဲ ကြက်သွန်ဖြူအချို့ကိုလည်း ပြည်ပက တင်သွင်းနေရပြီး အာလူးစိုက်ပျိုးမှုမှာလည်း ပြည်တွင်းလိုအပ်ချက်လုံလောက်ရုံသာ စိုက်ပျိုးထုတ်လုပ်နိုင်သေးတယ်။    မီးဖိုချောင်သုံးသီးနှံတွေဖြစ်တဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အာလူးတို့ဟာ မိမိတို့နိုင်ငံမှာ မရှိမဖြစ် စားသုံးတဲ့  သီးနှံများဖြစ်သလို နိုင်ငံ့စီးပွားမြှင့်တင်ရေးမှာလည်း ကဏ္ဍတစ်ခုအနေနဲ့  ပါဝင်နေတယ်။
မွေးမြူရေးကဏ္ဍနဲ့ ပတ်သက်လို့လည်း ကြက်၊ ဝက်၊ ဆိတ်၊ နွားနဲ့ ငါးတို့ဟာ ကိုယ့်နိုင်ငံမှာ မွေးမြူဖြစ်ထွန်းတယ်။ ဒါပေမယ့် အသားငါးများ ရဲ့ဈေးနှုန်းတွေက မြင့်တက်နေတယ်။ အရေအတွက် များများထုတ်လုပ် နိုင်မှသာ များများရောင်းချနိုင်မှာဖြစ်တယ်။  ဝယ်လိုအားနဲ့ ရောင်းလိုအား မျှတအောင်    မွေးမြူဖို့လိုတယ်လို့    ပြောကြားသွားတာကိုလည်း ဖတ်လိုက်ရတယ်။ 
နိုင်ငံ့စီးပွားမြှင့်တင်ရေးအစည်းအဝေးကျင်းပတာက ဇွန် ၃၀၊ သတင်းစာထဲမှာက ဇူလိုင် ၁ ရက်ဆိုတော့ သတင်းစာဖတ်ရင်း ကျွန်မ ဖြင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို သတိရသွား တယ်။
ဗိုလ်ချုပ်က “ကျွန်တော်တို့မြန်မာတွေမှာ ဆီမရှိလို့  မစားနိုင်ဘူးလို့ ပြောကြတယ်။   ဆီမရှိလို့မစားနိုင်တာ  မှန်ပါတယ်။ သို့သော်လည်းပဲ ဒီဆီကို ဘာအတွက်သုံးနေကြသလဲ။ ဗုံးပေါလအောသုံးသလား မသုံးဘူးလားဆိုတာ ဈေးတွေသွားကြည့်ပါ။ အိမ်တွေသွားကြည့်ပါ။ သိနိုင်ပါတယ်။ တခြားနိုင်ငံကို သွားကြည့်ရင် ဆီကို ဒီလိုဗုံးပေါလအော သုံးသလား မသုံးဘူးလားဆိုတာ   သွားကြည့်ရင် သိနိုင်ပါလိမ့်မယ်။ ခင်ဗျားတို့စိတ်ထဲမှာတော့ ဘာမှအရေးမကြီးဘူးလို့ထင်တယ်။ ခင်ဗျား တို့ဆီတွေ ဗုံးပေါလအောသုံးသည့်အတွက်ကြောင့် အိန္ဒိယပြည်က နှစ်စဉ် ဆီတွေအမြောက်အမြား   သွင်းနေရတယ်။ အဲဒါဈေးကြီးတဲ့ အထဲမှာ အကြောင်းတစ်ရပ်ပဲ။
ပြီးတော့ ငရုတ်၊ ကြက်သွန်ကိုကြည့်ပါ။ မြန်မာပြည်မှာ ကိုယ့် ဘာသာကိုယ်စိုက်လို့ မရဘူးလား၊ ကျွန်တော်ဆိုရင် ကျွန်တော့်အိမ်မှာ စိုက်ထားတယ်။    အိမ်ရာကွက်လပ်ရှိတဲ့    နေရာမှာရှိတဲ့လူတွေက စိုက်ကြပါလား၊ ဒီလိုတော့  မစိုက်ကြဘူး။ ဈေးထဲမှာ  ဝယ်စားတော့ အဲဒီ ငရုတ်၊ ကြက်သွန်တွေ ဘယ်ကလာသလဲ။ အိန္ဒိယပြည်ကလာတယ်။ အိန္ဒိယပြည်ကလာတော့ အိန္ဒိယပြည်ကို ခင်ဗျားတို့  ပိုက်ဆံပေးနေရတယ်။ ဒီတိုင်းပြည်မှာ  ရနိုင်တဲ့ပစ္စည်းကို       တခြားနိုင်ငံ   ဝယ်ရတဲ့အတွက် ဈေးတွေကြီးတယ်ဆိုတာဟာ အခုလိုမျိုး အကြောင်းမျိုးတွေကြောင့်ပဲ” ဆိုပြီး မြန်မာပြည်သူတွေကို သူ့နောက်ဆုံးမိန့်ခွန်းမှာ ထည့်ပြောသွား တာကိုး။ 
နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး     မင်းအောင်လှိုင်က နိုင်ငံ့စီးပွားမြှင့်တင်ရေးအစည်းအဝေးမှာ “စီးပွားရေးကောင်းမွန်မှုကို နိုင်ငံများ၌ လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍစသည့် ကဏ္ဍသုံးခုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မှုကို ကြည့်၍ နိုင်ငံ ၏ GDP ကို တွက်ချက်ကြသည်ကို တွေ့ရကြောင်း၊ လယ်ယာစိုက်ပျိုးရေး တွင် မြေကိုအကျိုးရှိစွာအသုံးချဆောင်ရွက်မည်ဆိုပါက စိုက်ပျိုးရေး လုပ်ငန်းတစ်ခုတည်းဖြင့် လယ်ယာကဏ္ဍကြီးမှ GDP ပါဝင်မှုအချိုးသည် များစွာတိုးတက်လာမည်ဖြစ်ကြောင်း၊   အလားတူ  ပြည်ပပို့ကုန်များလည်း များစွာတိုးတက်ပြောင်းလဲသွားနိုင်ကြောင်း” ပြောကြားသွားခဲ့ပါတယ်။
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့်အဖွဲ့များ
ဇူလိုင် ၂ ရက် ရန်ကုန်မြို့ UMFCCI မှာကျင်းပတဲ့  မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ညီနောင် အသင်းအဖွဲ့များမှ   တာဝန်ရှိသူများနဲ့ တွေ့ဆုံပွဲမှာလည်း နိုင်ငံတော် ဝန်ကြီးချုပ်က “မိမိတို့တာဝန်ယူရသည့်အချိန်တွင် ပြည်ပသွင်းကုန်များ အစားထိုးနိုင်ရေးအတွက် ပြည်တွင်းကုန်ထုတ်လုပ်ရေးလုပ်ငန်းများတိုးမြှင့်နိုင်ရေး   အသေးစား၊ အငယ်စားနှင့်  အလတ်စားစီးပွားရေး လုပ်ငန်း(MSME)များကို အားပေးဆောင်ရွက်ခဲ့ကြောင်း၊   ပြည်တွင်း လိုအပ်ချက်များကို  ပြည့်မီအောင်ထုတ်လုပ်ပြီး     ပိုလျှံပါက ပြည်ပသို့ တင်ပို့နိုင်သည်အထိပါ  စီမံဆောင်ရွက်လျက်ရှိကြောင်း။  UMFCCI အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးဝိုင်းဝန်းဆောင်ရွက်နိုင်ရေး   စဉ်းစား ဆောင်ရွက်ကြစေလိုကြောင်း။
UMFCCI သည် ရောင်းဝယ်ရေးလုပ်ငန်းများကို    အဓိကဆောင်ရွက် ကြသူများဖြစ်ကြပြီး   နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီး သည့်အဖွဲ့များဖြစ်သောကြောင့် မိမိအနေဖြင့် အချိန်ယူ တွေ့ဆုံဆွေးနွေး ခဲ့ခြင်းဖြစ်ကြောင်း။
အုပ်ချုပ်မှုပိုင်းဆိုင်ရာ တာဝန်ရှိသူများက စီမံခန့်ခွဲခြင်း၊    စိုက်ပျိုး မွေးမြူရေးလုပ်ဆောင်သူများက   ကုန်ကြမ်းများ    ထုတ်လုပ်ခြင်း၊ ကုန်ထုတ်လုပ်သူများက    ထုတ်ကုန်များ    ဆောင်ရွက်ကြခြင်းဖြစ်ပြီး ထုတ်ကုန်များထုတ်လုပ်နိုင်မှသာ   ရောင်းဝယ်ခြင်းဝန်ဆောင်မှုများ ဖြစ်ပေါ်လာမည်ဖြစ်သဖြင့်    ကိုင်းကျွန်းမှီ၊   ကျွန်းကိုင်းမှီ အပြန်အလှန် မှီခိုနေရခြင်းကြောင့် အပြန်အလှန်အကျိုးရှိစေရေး တိုက်တွန်းပြောကြား လိုကြောင်း” စသဖြင့်ဆွေးနွေးမှာကြားသွားပါတယ်။
ဒါ့အပြင်  UMFCCI ဟာ ရောင်းဝယ်မှုများကို အဓိကဆောင်ရွက်တဲ့ အဖွဲ့ဖြစ်တဲ့အတွက်    ထုတ်ကုန်ပစ္စည်းများရှိမှသာ   ရောင်းဝယ်မှုများကို ဆောင်ရွက်နိုင်မယ်။    အရေအတွက်များများ         ရောင်းချနိုင်ရေးကို ကြိုးပမ်းဆောင်ရွက်ဖို့နဲ့    ထိုက်သင့်တဲ့အမြတ်နဲ့သာ     ရောင်းချဖို့၊ နိုင်ငံအကျိုးအတွက်လည်းကြည့်ပြီး      ချိန်ဆဆောင်ရွက်ကြဖို့ကိုလည်း ပြောကြားသွားပါတယ်။
အတ္တ ပရ မျှမျှတတ
ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီဆိုလို့ တစ်နေ့က ဒူးရင်းသီးဝယ်ပြီးအပြန် စိတ်ထဲ ကသိကအောက်ဖြစ်ခဲ့ရပုံကို ပြန်ပြီးအမှတ်ရမိတယ်။ ပြီးခဲ့တဲ့ ရက်က လခထုတ်ရက်လည်းဖြစ်၊   ဒီရာသီမှာ  ဒူးရင်းသီးလည်းတစ်လုံး မှမစားဖြစ်သေးလို့ သံတောင်သီးဆိုလား၊ တောင်ငူသီးဆိုလား တစ်လုံး ဝယ်စားဖြစ်တယ်။ သေးသေးလေးလေးတစ်လုံးကို ငါးထောင်တောင် ပေးခဲ့ရတယ်။
ဈေးသည်ကောင်လေးကို ဓားဦးဖျားနဲ့ ကော်ခိုင်းပြီး မှည့်မမှည့်၊ ကောင်းမကောင်း အရင်ဆုံးမြည်းစမ်းကြည့်မိတယ်။ စိတ်တိုင်းမကျလို့ “ဒူးရင်းသီးလေးတွေက သေးတယ်နော်၊ နောက်တစ်လုံးမြည်းလို့ရဦး မလား”ဆိုတော့ “ကြီးကြီးစားချင်ရင် ယိုးဒယားသီးစားလေ” ဆိုတဲ့ မခိုးမခန့်လေသံနဲ့ နောက်တစ်လုံးကို ဓားဦးဖျားနဲ့ကော်ပြီးပေးတယ်။
ကျွန်မလည်း စကားနည်းရန်စဲ “မမြည်းတော့ပါဘူး”ဆိုပြီး တစ်ခါ တည်းခွဲခိုင်းလိုက်တော့ လူ့အရေပြားထက် နှီးတစ်ဖျားသာသာ အမြွှာ ငါးမြွှာပဲရတယ်။  တစ်မြွှာကို  ငွေကျပ်တစ်ထောင်နှုန်းပေါ့၊  စိတ်ထဲ ကသိကအောက်ဖြစ်မိပေမယ့် စားသုံးသူတချို့ဆို ကိုယ့်ထက် ကံဆိုး ရှာတယ်။ အလုံးလိုက်ဝယ်လာပြီး     အိမ်ကျမှခွဲတာ        တစ်မြွှာမှပါမလာလို့ ဖေ့စ်ဘွတ်ခ်ပေါ်တက်ပြီး ရင်ဖွင့်တာ တလောလေးက ဖတ်လိုက်ရတယ်။ ဒီမှာက သူ့အရပ်နဲ့သူ့ဇာတ် ဖြစ်နေတာကြာပြီပဲ။ ဘယ်မှာလဲ စားသုံး သူအခွင့်အရေး။
ဒါကြောင့်မို့လည်း ကိုယ့်နိုင်ငံက ဒူးရင်းသီးတွေက ပြည်တွင်းဈေးကွက် မှာတောင် တဖြည်းဖြည်းနောက်ရောက်လာပြီ။ မကြာမီ နောက်ကောက် ကျတော့မယ်။ အရည်အသွေးအပိုင်းလည်း မမီ၊ ဈေးကိုလည်း မတန် တဆ  တင်ရောင်းနေကြတာကိုး။ 
ကျွန်မကတော့ စိတ်ထဲမှာ    ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်။ ဒီလို အတ္တ ပရ မျှမျှတတ ရောင်းဝယ်ဖောက်ကားမှုမရှိတဲ့ဆိုင်တွေ၊ ဈေးနှုန်းကို မတန်တဆတင်ပြီး ထိုက်သင့်သလောက်    ဝန်ဆောင်မှု မပြုနိုင်တဲ့ ဈေးဆိုင်တွေကို အားမပေးတော့ဘူးလို့ပေါ့။ သက်ဆိုင်ရာ တာဝန်ရှိသူအပိုင်းကလည်း ဒီလို အများအကျိုးကို    မျက်ကွယ်ပြု၊ အတ္တကို လွန်လွန်ကဲကဲ  ရှေ့တန်းတင်နေကြတဲ့ ဝိသမလောဘသားတွေကို ဒီအတိုင်းကြည့်မနေကြပါနဲ့။ စည်းမျဉ်း၊ စည်းကမ်းနဲ့အညီ ထိန်းချုပ် ပေးပါဦး။ ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက်ဆိုရင် ဘက်စုံထောင့်စုံ ဘက်ပေါင်းစုံက ညီညီညာညာ၊     အချိတ်အဆက်မိမိ    ဆောင်ရွက်မှသာ ဖြစ်မှာလေ။
ကျွန်မလည်း ဈေးသွားရင်းမတ်တတ် မီးဖိုချောင်အရေးကိစ္စကစပြီး နိုင်ငံနဲ့ချီပြီး    တွေးမိ ပြောနေမိပြန်ပါပြီ။   နာမည်ကျော် စာရေးဆရာကြီး ဆရာသော်တာဆွေကတော့  နိုင်ငံရေးဟာ    မီးဖိုချောင်အရေးတဲ့။  မီးဖိုချောင်ထဲမှာ     ငရုတ်၊ ကြက်သွန်   တဒုန်းဒုန်းထောင်းပြီး   စဉ်းတီတုံးမှာ အသား၊   ငါးတဒုတ်ဒုတ်ခုတ်နေရရင်     တို့တိုင်းပြည် စည်ပင်သာယာဝပြောတာပဲလို့ဆိုတယ်။     ဒါကြောင့်မို့   ကုန်ထုတ် လုပ်သူများအနေနဲ့ ကုန်ထုတ်စွမ်းအားတွေ မြင့်မားတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ကြသည့်နည်းတူ ရောင်းချသူများအနေနဲ့ကလည်း  အတ္တ ပရ မျှမျှတတ ရောင်းဝယ်ဖောက်ကားကြစို့လား။     ။