မြဝတီမြို့၌ တက္ကသိုလ်ဝင်တန်းဂုဏ်ထူးရှင်များအား တစ်ဘာသာလျှင် ရွှေတစ်မတ်သား ဆုချီးမြှင့်

 

မြဝတီ   ဇူလိုင်   ၁၃


၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြဝတီမြို့နယ်မှ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများနှင့် ထူးချွန်အောင်သင်ကြားပေးခဲ့ကြသည့် ဆရာ ဆရာမ များအား မြဝတီခရိုင်နှင့် မြို့နယ်စစ်ဘက်နယ်ဘက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ ဒေသခံမြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များက ဂုဏ်ပြုချီးမြှင့်ပွဲကို မြဝတီမြို့ City Home ခန်းမ၌ ဇူလိုင် ၁၁ ရက်က ကျင်းပသည်။ 


ဆုချီးမြှင့်ပွဲတွင် မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က အမှာစကားပြောကြားပြီး  မြို့နယ်ပညာရေးမှူး ဦးမြင့်ဦးက ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။   ထို့နောက်   သင်္ဃန်းညီနောင်အခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ထွန်းထွန်းလတ်၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများနှင့်  ဆရာဆရာမများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်သည်။


ဂုဏ်ပြုဆုချီးမြှင့်ရာတွင် ဂုဏ်ထူးတစ်ဘာသာလျှင် ရွှေတစ်မတ်သားနှုန်းဖြင့် ချီးမြှင့်ခြင်းဖြစ်ပြီး ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူ ၃၆ ဦးနှင့်  ဆရာ  ဆရာမ လေးဦးတို့အတွက် စုစုပေါင်း ရွှေ ၁၄ ကျပ်ခွဲသား ချီးမြှင့်ခဲ့ခြင်းဖြစ်ကာ မြို့နယ်အတွင်း  ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် လေးဘာသာဂုဏ်ထူးရှင် တစ်ဦး၊  သုံးဘာသာ ဂုဏ်ထူးရှင် သုံးဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ငါးဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၂၇ ဦး စုစုပေါင်း ၃၆ ဦးထွက်ပေါ်ခဲ့ကြောင်း သိရသည်။          

ထိန်လင်းအောင်(ပြန်/ဆက်)