
စစ်တွေ ဇူလိုင် ၁၃
အခြေခံကျန်းမာရေးစောင့်ရှောက်မှု ပိုမိုခိုင်မာစေရန် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရေး ရခိုင်ပြည်နယ်အဆင့် အသိပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ လောကာနန္ဒာ စေတီတော်ပရိဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော်၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ဇနီး၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အထူးကု ဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် က သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ကျန်းမာရေးဝန်ကြီး ဌာနနှင့်အတူ နှီးနွှယ်ဌာနများ၊ လူမှုရေးအသင်းအဖွဲ့ များ၊ ပရဟိတအသင်းများ ပူးပေါင်း၍ အင်တိုက် အားတိုက် ဆောင်ရွက်ခဲ့ခြင်းကြောင့် သဘာဝဘေး ၏ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများကို ပြည်သူ့ကျန်းမာရေးပြဿနာအဆင့်ထိ ဖြစ်ပွားခြင်း မရှိအောင် ကာကွယ်နိုင်ခဲ့ပါကြောင်း။
ယခုအခါ မိုခါမုန်တိုင်း တိုက်ခတ်ပြီးနောက် နှစ်လနီးပါးရှိပြီဖြစ်သည့်အတွက် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအားလုံးကို ပုံမှန် လည်ပတ်နိုင်ပြီဖြစ်ရာ တစ်နေ့ထက်တစ်နေ့ ပိုမို မြှင့်တင်ဆောင်ရွက်ရန် စတင်ဆောင်ရွက်ကြရမည့် အချိန်ဖြစ်ပါကြောင်း၊ သို့မှသာလျှင် ပြည်သူ့ကျန်းမာ ရေးလုပ်ငန်းများ ပိုမိုခိုင်မာလာပြီး ရောဂါကြိုတင် ကာကွယ်နိုင်ကာ ရောဂါဖြစ်ပွားမှုနှုန်း၊ ဆေးရုံ တက်ရောက်မှုနှုန်း၊ သေဆုံးမှုနှုန်းများကျဆင်းပြီး ဆေးကုသမှုကုန်ကျစရိတ်များ လျော့နည်းလာမည် ဖြစ်ကြောင်း၊ အလားတူ ပြည်သူ့ကျန်းမာရေးလုပ်ငန်း များ ဆောင်ရွက်ရာတွင် ကျန်းမာရေးဌာနတစ်ခုတည်း ပြည်သူလူထုတစ်ရပ်လုံး၏ ကျန်းမာရေးအခြေအနေ တိုးတက်မြင့်မားအောင် ဆောင်ရွက်၍မရပါကြောင်း၊ နှီးနွှယ်ဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ ဆောင်ရွက်ရန် လည်း အရေးကြီးပါကြောင်း တိုက်တွန်းပြောကြား သည်။
ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြင့်မြင့်သန်းက ရခိုင်ပြည်နယ်အတွင်း အခြေခံကျန်းမာရေးလုပ်ငန်း များ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများက ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများ ကို သီးစုံဒံပေါက်များ ဝေငှခဲ့ကြသည်။
ညနေပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စစ်တွေမြို့ ဘက်စုံ သုံးဆိပ်ကမ်း၌ MV WERU PACK KHA သင်္ဘောပေါ် မှ ဆန်အိတ်များ တင်ချနေမှု ၊ ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များတွင် အသုံးပြုမည့်ပစ္စည်းများကို လူအင်အား၊ စက်ယန္တရားအင်အားများအသုံးပြုကာ ဘေးသင့် ဒေသများသို့ ဖြန့်ခွဲပေးရန် စီစဉ်ဆောင်ရွက်နေမှုနှင့် ဖော်ကျွန်းသင်္ဘောပေါ်သို့ ရန်ကုန်မြို့သို့ ပို့ဆောင်မည့် ထရန်စဖော်မာများနှင့် ဆက်သွယ်ရေးယာဉ်များ တင်ဆောင်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ မှာကြားသည်။
သတင်းစဉ်