တိုက်စစ်မှူး အောင်သူနှင့် အောင်ကောင်းမာန်ကို ထိုင်းကလပ် အူထိုင်းထာနီအသင်း ခေါ်ယူ

 

ရန်ကုန်   ဇူလိုင်  ၁၂


၂၀၂၃-၂၀၂၄  ရာသီ ထိုင်းလိဂ်-၁ ပြိုင်ပွဲသို့ တန်းတက်ခွင့်ရထားသည့် အူထိုင်း ထာနီအသင်းသည် မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးနှစ်ဦးဖြစ်သည့် အောင်သူနှင့် အောင်ကောင်းမာန်တို့ကို ခေါ်ယူလိုက်ပြီဖြစ်သည်။


အူထိုင်းထာနီအသင်းသည် တိုက်စစ်မှူးအောင်သူကို ပြီးခဲ့သည့်ရက်ပိုင်းက  ခေါ်ယူပြီးနောက် အောင်ကောင်းမာန်ကို ထပ်မံခေါ်ယူခဲ့ကြောင်း ဇူလိုင် ၁၂ ရက်က တရားဝင်သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အောင်သူသည် ယခင်ကလပ် လမ်ဖွန် ဝါရီယာအသင်းနှင့်  စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် အူထိုင်းထာနီအသင်းသို့ ပြောင်းရွှေ့ ခဲ့ခြင်းဖြစ်သည်။ အောင်သူသည် ၂၀၁၈ ခုနှစ်ကတည်းက ထိုင်းကလပ် များတွင် ကစားနေခြင်းဖြစ်ပြီး Police Tero အသင်း၊ မြောင်တောင် ယူနိုက်တက်အသင်း၊ ဘူရီရမ်ယူနိုက်တက်အသင်းနှင့် လမ်ဖွန်ဝါရီယာ အသင်းတို့တွင် ကစားခဲ့ကာ ငါးသင်းမြောက်အသင်းအဖြစ် အူထိုင်း ထာနီအသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။  အောင်ကောင်းမာန်သည် ထိုင်းလိဂ်-၁ ကလပ်ဖြစ်သည့် ချောင်ဘူရီအသင်းသို့ ပြီးခဲ့သည့် ရာသီ ဝက်တွင် ပြောင်းရွှေ့ခဲ့ပြီး ဒုတိယအကျော့တွင် ထိုင်းလိဂ်-၂ ကလပ် ကာစတမ်ယူနိုက်တက်အသင်းတွင် အငှားပြောင်းရွှေ့ခဲ့သည်။ အငှား စာချုပ်ပြည့်သွားသည့် အောင်ကောင်းမာန်သည် ချောင်ဘူရီအသင်းနှင့် ပြန်လည်ပူးပေါင်းခဲ့ပြီး ရာသီကြိုခြေစမ်းပွဲများတွင် ပါဝင်ကစားခွင့်ရနေ သော်လည်း အူထိုင်းထာနီအသင်းသို့ ရုတ်တရက် ပြောင်းရွှေ့ခဲ့ခြင်းဖြစ် သည်။  အောင်ကောင်းမာန်မှာမူ ၂၀၂၀ ပြည့်နှစ်တွင် ပြည်ပကလပ်များသို့ စတင်ပြောင်းရွှေ့ခဲ့ပြီး ထိုင်းနှင့် မလေးရှားကလပ်များတွင် ကစားခဲ့ သည်။                              

ရဲရင့်လွင်၊ ဓာတ်ပုံ-အူထိုင်းထာနီအသင်း