
နေပြည်တော် ဇူလိုင် ၆
ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ယဉ်ကျေးမှု အမွေအနှစ်များ ပြုပြင်ထိန်းသိမ်းရေး ဦးစီးကော်မတီ၏ ( ၁ / ၂၀၂၃ ) အစည်း အဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမျိုးသား စာကြည့်တိုက် ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပရာ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ယဉ်ကျေးမှုအမွေအနှစ်များ ပြုပြင် ထိန်းသိမ်းရေးဦးစီးကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ကော်မတီ ဒုတိယ ဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ကော်မတီဝင် ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ် ကြီး ထွန်းထွန်းနောင်၊ ဦးမောင်မောင်အုန်း၊ ဦးမင်းနောင်နှင့် ဦးမျိုးသန့် ၊ မကွေးတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာန ဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ၊ ပြည်တွင်း ပညာရှင်များ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညောင်ဦး ခရိုင်နှင့် ပခုက္ကူခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
နိုင်ငံတကာက အထူးစိတ်ဝင်စားသော ယဉ်ကျေးမှုနယ်မြေဖြစ်
ရှေးဦးစွာ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ယဉ်ကျေးမှုအမွေအနှစ်များ ပြုပြင် ထိန်းသိမ်းရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပုဂံကမ္ဘာ့အမွေ အနှစ်ဒေသသည် နှစ်ပေါင်းထောင်ကျော် က ရှေးဟောင်းအဆောက်အအုံများကို တစ်စုတစ်ဝေးတည်း တစ်နေရာတည်းမှာ တွေ့နိုင်သော တန်ဖိုးမဖြတ်နိုင်သည့် မြန်မာ့နှလုံးသား အမွေအနှစ်ယဉ်ကျေးမှု ဒေသဖြစ်သောကြောင့် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဒေသအဖြစ် ထိုက်တန်စွာ ရရှိ ထားသောဒေသဖြစ်ပြီး နိုင်ငံတကာက အထူးစိတ်ဝင်စားသော ယဉ်ကျေးမှု နယ်မြေဖြစ်ပါကြောင်း။
၂၀၁၆ ခုနှစ် ဩဂုတ် ၂၄ ရက်က လှုပ်ခတ်ခဲ့သည့် မြေငလျင်ကြောင့် ပုဂံ ကမ္ဘာ့အမွေအနှစ်ဒေသရှိ စေတီပုထိုးများ အနက် ၃၈၉ ဆူ ထိခိုက်ပျက်စီးခဲ့ပြီး ပျက်စီးမှုများကို ရေရှည်ကြံ့ခိုင်ကောင်းမွန် စေရန် စနစ်တကျပြုပြင်နိုင်ရန်အတွက် “ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံ ညောင်ဦးဒေသရှိ ရှေးဟောင်းဘုရား၊ စေတီပုထိုးများနှင့် သာသနိကအဆောက် အအုံများ ပြုပြင်ထိန်းသိမ်းရေးဦးစီး ကော်မတီ” ကို ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၉ ရက်တွင် ဖွဲ့စည်းခဲ့သလို အဖွဲ့ဝင်လေးဦး ပါဝင်သော အကြံပေးအဖွဲ့ (Advisory Team)၊ အဖွဲ့ဝင် ၂၃ ဦး ပါဝင်သော ပညာရှင်အဖွဲ့(Technical Expert Team- TET)နှင့် အဖွဲ့ဝင် ၁၃ ဦး ပါဝင်သည့် ပုဂံ ဒေသ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက် ရေးကော်မတီ (Bagan International Coordination Committee–BICC) တို့လို အဖွဲ့အစည်းများကိုပါ ဖွဲ့စည်းခဲ့ပါ ကြောင်း။
ဦးစီးကော်မတီ၏ ကြီးကြပ်မှုနှင့် လုပ်ငန်းများဆောင်ရွက်ခဲ့သည်မှာ ပဉ္စမ အကြိမ် အစည်းအဝေးကျင်းပပြီးသည် အထိဖြစ်ပြီး ပြီးခဲ့သည့်အစည်းအဝေး ငါးခုတွင် ချမှတ်ခဲ့သော ဆုံးဖြတ်ချက် ပေါင်း (၅၁) ချက်ရှိပါကြောင်း၊ ပဉ္စမ အကြိမ် အစည်းအဝေး၏ဆုံးဖြတ်ချက် အရ ဦးစီးကော်မတီကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက “ပုဂံကမ္ဘာ့အမွေ အနှစ်ဒေသရှိ ယဉ်ကျေးမှု အမွေအနှစ်များ ပြုပြင်ထိန်းသိမ်းရေး ဦးစီးကော်မတီ” အဖြစ် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက် တွင် ပြောင်းလဲဖွဲ့စည်းခဲ့ပါကြောင်း၊ ထို့ကြောင့် ယနေ့ပြုလုပ်သည့် အစည်း အဝေးမှာ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ယဉ်ကျေးမှုအမွေအနှစ်များ ပြုပြင် ထိန်းသိမ်းရေးဦးစီးကော်မတီ၏ ပထမ အကြိမ်ပြုလုပ်သည့် (၁/၂၀၂၃) အစည်း အဝေးဖြစ်ပါကြောင်း။
ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် စေတီပုထိုးများ ပြုပြင်ထိန်းသိမ်းရန် အတွက် UNESCO အဖွဲ့အစည်းအပါအဝင် ပြည်တွင်း/ ပြည်ပ ရှေးဟောင်းသုတေသန ဆိုင်ရာ ပညာရှင်များ၊ ဆက်စပ်ဝန်ကြီးဌာန များ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံ ဗိသုကာပညာရှင်အသင်းနှင့် နည်းပညာတက္ကသိုလ်များစသည့် ပညာ ရှင် အဖွဲ့အစည်းများနှင့် လူမှုရေးအဖွဲ့များ ပူးပေါင်းကူညီ ပါဝင်ဆောင်ရွက်ခဲ့မှုဖြင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ဘုရားပုထိုး ၃၈၉ ဆူအနက် တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် ပူးပေါင်း၍ (၉)နှစ် စီမံကိန်းဖြင့် ပြင်ဆင်ရန်စီမံ ဆောင်ရွက်နေသည့် သဗ္ဗညုဘုရားကြီးမှ လွဲ၍ ကျန်ဘုရားအားလုံးကို ပထမ အဆင့် ပြုပြင်ထိန်းသိမ်းမှုဆောင်ရွက်ပြီးသောကြောင့် ရာနှုန်းပြည့်ပြီးစီးသည်ဟု ပြောရမည်ဖြစ်ကြောင်း။
ဘုရား ၄၉၉ ဆူ ထိန်းသိမ်းပြုပြင်ပြီး
စီမံကိန်းဆောင်ရွက်ခဲ့သည့် လေးနှစ် တာအတွင်း ငလျင်ကြောင့်ထိခိုက်ခဲ့သော ဘုရားပုထိုးများသာမက သဘာဝဘေးဒဏ် ကြောင့် ပြုပြင်ရန်လိုအပ်သော နောက်ထပ်ဘုရား အဆူ ၁၁၀ ကိုလည်း ဆောင်ရွက်ပြီးခဲ့သောကြောင့် စုစုပေါင်း ဘုရား ၄၉၉ ဆူ ထိန်းသိမ်းပြုပြင်ပြီးခဲ့ သည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၁၆ ခုနှစ် ငလျင်လှုပ်ခတ်ပြီးနောက် ထိန်းသိမ်းရေး လုပ်ငန်းများကို ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသော ပြည်တွင်း/ ပြည်ပ ပညာရှင်များ၊ ဆက်စပ်ဌာနများ၊ အနယ် နယ်အရပ်ရပ်က လာရောက်ကူညီဆောင် ရွက်ခဲ့ကြသည့် ပရဟိတအသင်းအဖွဲ့များ၊ ဒေသခံများ၊ ဒေသတွင်းမှ အဖွဲ့အစည်းများ ၏ ပူးပေါင်းဆောင်ရွက်မှုများကြောင့် လေးနှစ်ကာလအတွင်း အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း။
ထို့ပြင် ၂၀၂၃ ခုနှစ် မေ ၁၅ ရက်တွင် တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် ပုဂံဒေသတွင် သုံးရက်ဆက်တိုက် မိုးသည်းထန်စွာရွာသွန်းခဲ့ရာ မိုးရေချိန် ၁၅ ဒသမ ၇၅ လက်မအထိ ရှိခဲ့ပါကြောင်း၊ စူဠာမဏိဘုရား၊ ဓမ္မရံကြီးဘုရား အပါ အဝင် ဘုရား ၁၅ ဆူ၏ ပရိဝုဏ်ထဲ၌ ရေဝင်ရောက်ခဲ့ခြင်း၊ ဘုရားရှစ်ဆူ၏ အစိတ်အပိုင်းအချို့ ထိခိုက်ပျက်စီးမှုဖြစ် ခြင်း၊ ရှေးဟောင်းအဆောက်အအုံ စေတီ ပုထိုး ၄၅ ဆူ အနည်းငယ် ထိခိုက်ပျက်စီးမှု ဖြစ်ခြင်းတို့ကို ထပ်မံတွေ့ရ၍ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့များ၊ ဒေသ ဆိုင်ရာ တာဝန်ရှိသည့်ဌာနများ ပူးပေါင်း ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရပါကြောင်း။
ထိခိုက်ပျက်စီးမှု ရှစ်ဆူမှာ ခုနစ်ဆူအား ပြုပြင်ထိန်းသိမ်းပြီးစီး
ထိခိုက်ပျက်စီးမှုများကို ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာနက ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက် ခဲ့ရာတွင် ထိခိုက်ပျက်စီးမှု ရှစ်ဆူမှာ ခုနစ်ဆူအား ပြုပြင်ထိန်းသိမ်းပြီးစီးခဲ့ပြီး သဗ္ဗညုဘုရား တံတိုင်းအနည်းငယ် ပျက်စီး မှုမှာ တရုတ်ပညာရှင်အဖွဲ့က ဆောင်ရွက် ဆဲဖြစ်ပါကြောင်း၊ ထပ်မံတွေ့ရှိရသည့် အနည်းငယ်ထိခိုက်ပျက်စီးခဲ့သော ၄၅ အနက်မှ သုံးဆူပြုပြင်ပြီးစီးပြီး ကျန် ၄၂ ဆူကို ဆက်လက်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပရိဝုဏ်အတွင်း ရေဝင် ရောက်ခဲ့သည့် ဘုရား ၁၅ ဆူအနက် စူဠာမဏိဘုရားပရိဝုဏ်မှာ ရေဝင်ရောက် မှု အများဆုံးဖြစ်ခဲ့သည့်အတွက် နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အတိုင်း ဘုရား ပရိဝုဏ်အတွင်း မြေမျက်နှာပြင် အနိမ့်အမြင့် တိုင်းတာမြေညှိခြင်း၊ ရေထွက်ပေါက် အဟောင်းများ ရှာဖွေ ပြုပြင်ခြင်း၊ လိုအပ်မည့်နေရာများတွင် မူလပုံစံမပျက်စေဘဲ အသစ်ထပ်မံ ဖောက်လုပ်စေခြင်းတို့ ဆောင်ရွက်ခဲ့ရာ အားလုံးပြီးစီးပြီဖြစ်ပါကြောင်း၊ အဘက်ဘက် မှ ဝိုင်းဝန်းကူညီပူးပေါင်းပါဝင်ကြသူများ အားလုံးကို နိုင်ငံတော်ကိုယ်စား မှတ်တမ်း တင်ပါကြောင်း။
ပုဂံဒေသ၏ ယဉ်ကျေးမှုအမွေအနှစ် များ ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ထပ်မံဖြစ်ပွားလာနိုင် သည့် သဘာဝဘေးအန္တရာယ်များအတွက် ပါ ကြိုတင်မျှော်မှန်းပြီး နှစ်အလိုက် အဆင့်ဆင့် ကြိုတင်ကာကွယ်ထိန်းသိမ်း ရေး ဆောင်ရွက်သွားရန် ပြည်တွင်း/ပြည်ပ ပညာရှင်များ၏ နည်းပညာအကူအညီနှင့် အကြံဉာဏ်များ ရယူခဲ့သည့်အပြင် အသုံးပြု သည့် ပစ္စည်းများကိုလည်း ရှေးဟောင်း အမွေအနှစ်နှင့် ကိုက်ညီပြီး စံချိန်စံညွှန်း ပြည့်မီသော ပစ္စည်းများဖြစ်ရန်အတွက် သက်ဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာနများက အကူအညီပေးရန် ပြည်တွင်း/ ပြည်ပ ပညာရှင်များနှင့် ဌာနဆိုင်ရာ အဖွဲ့အစည်း များအားလုံး စဉ်ဆက်မပြတ် ညှိနှိုင်း တိုင်ပင်ပြီး စည်းစည်းလုံးလုံးဆောင်ရွက် သွားရန်လိုအပ်ပါကြောင်း။
ငလျင်ဒဏ်သင့် ပုဂံစေတီပုထိုးများ အတွက် ပြည်တွင်း/ ပြည်ပက သဒ္ဓါတရား ထက်သန်စွာဖြင့် လှူဒါန်းကြသော အလှူ ငွေများလက်ခံရရှိခဲ့သဖြင့် စိစစ်ကြီးကြပ် မှု၊ စစ်ဆေးမှုနှင့် စနစ်တကျ အကျိုးရှိရှိ သုံးစွဲပြီး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း များ ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရှိရ ပါကြောင်း၊ ဆက်လက်ထိန်းသိမ်းစီမံခန့်ခွဲ နိုင်ရန်အတွက် နှစ်ကာလအလိုက် စီမံချက်များ ချမှတ်ဆောင်ရွက်ပြီး လိုအပ် သလို ကျန်ရှိသည့် အလှူငွေများကိုလည်း ဖွဲ့စည်းထားသော လုပ်ငန်းကော်မတီများ နှင့် ဆပ်ကော်မတီများက စနစ်တကျ ကြီးကြပ်စီမံခန့်ခွဲကြရန် လိုအပ်ပါကြောင်း။
ပုဂံဒေသသည် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်သောကြောင့် ရှေးဟောင်း အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်ရာတွင် ပြည်တွင်း/ ပြည်ပ ပညာရှင်များနှင့် ဖွဲ့စည်းထားသော နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ၏ အကြံပြုချက်များ၊ နိုင်ငံ တကာတွင် လက်ခံအသုံးပြုနေသော ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ၊ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်သွား ရန် လိုအပ်ကြောင်း ပြောကြားသည်။
ဘုရားပုထိုးများ ပြုပြင်ထိန်းသိမ်းထားရှိမှု
ရှင်းလင်းတင်ပြ
ထို့နောက် ဦးစီးကော်မတီဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက မန္တလေးတိုင်းဒေသကြီး၊ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ အတွင်းရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ သည့် ရှေးဟောင်းဘုရား၊ စေတီပုထိုးများ နှင့် သာသနိကအဆောက်အအုံများကို ပြန်လည်ပြုပြင် ဆောင်ရွက်ပြီးစီးမှုနှင့် ဆောက်ရွက်ဆဲအခြေအနေ၊ အလှူခံ ရရှိသည့်အလှူငွေများ ထိန်းသိမ်းထား ရှိမှုနှင့် သုံးစွဲမှုအခြေအနေ၊ မိုခါမုန်တိုင်း ရိုက်ခတ်မှုကြောင့် မိုးရွာသွန်းမှုများပြားပြီး ရေဝင်ရောက်မှု၊ ပျက်စီးမှုအချို့ သက်ရောက် ခဲ့သည့် ဘုရားပုထိုးများ ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဦးစီးကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ မကွေးတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ပုဂံကမ္ဘာ့အမွေအနှစ် ဒေသရှိ ယဉ်ကျေးမှုအမွေအနှစ်များ ပြုပြင်ထိန်းသိန်းရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ ဦးစီးကော်မတီတွဲဖက် အတွင်းရေးမှူး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်က ယခင် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် အမှာစာများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာန ခွဲ ညွှန်ကြားရေးမှူးက ပုဂံကမ္ဘာ့အမွေ အနှစ်ဒေသရှိ ရှေးဟောင်းအမွေအနှစ် များ ပြုပြင်ထိန်းသိမ်းကာကွယ်စောင့် ရှောက်မှုနှင့် လက်ရှိလုပ်ငန်းဆောင်ရွက် နေမှု အခြေအနေများကိုလည်းကောင်း ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန ခရိုင်အုပ်ချုပ်ရေးမှူးက စီမံခန့်ခွဲ ရေးဆိုင်ရာကိစ္စရပ်များကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ပုဂံကမ္ဘာ့ အမွေအနှစ်ဒေသရှိ ယဉ်ကျေးမှုအမွေ အနှစ်များ ပြုပြင်ထိန်းသိမ်းရေးကိစ္စရပ် များနှင့် စပ်လျဉ်း၍ ဆွေးနွေးအကြံပြု တင်ပြကြ ရာ ကော်မတီဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေး ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ပေးသည်။
ဆက်လက်၍ ကော်မတီဥက္ကဋ္ဌက တင်ပြလာသည့်အမှာစာများကို ဆက်လက် တင်ပြရန်ကိစ္စရပ်များနှင့် ကော်မတီ၏ အဆုံးအဖြတ်ဖြင့် ဆောင်ရွက်ရန် ကိစ္စရပ် များကို အတည်ပြုသည်။
ထို့နောက် ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ငလျင်ဖြစ် ပြီးသည့် လေးနှစ်အတွင်းမှာ ဦးစီး ကော်မတီအစည်းအဝေး (၅)ကြိမ်၊ ပညာ ရှင်အဖွဲ့ (Technical Expert Team-TET) အစည်းအဝေးကို (၂၄) ကြိမ် ကျင်းပ ပြုလုပ်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၁၆ ခုနှစ် ငလျင်ကြောင့် ထိခိုက် ပျက်စီးခဲ့သော သာသနိကအဆောက်အအုံ နှင့် စေတီပုထိုး ၃၈၉ ဆူအနက် သဗ္ဗညု ဘုရားကြီးသည် ကြံ့ခိုင်မှုအနေဖြင့် တရုတ် ပညာရှင်အဖွဲ့က ကနဦးဆောင်ရွက်ထား သည့် အခြေအနေအတိုင်း ထူးခြားမှုမရှိ သည်ကို သိရှိရပါကြောင်း။
ဝိုင်းဝန်းပူးပေါင်းဆွေးနွေး
၂၀၂၃ ခုနှစ် မတ်လမှ စတင်၍ တရုတ် ပညာရှင်အဖွဲ့ရောက်ရှိနေခဲ့ပြီး လိုအပ် သည့် ဆောင်ရွက်ချက်များ ပြုလုပ်လျက် ရှိသည့်အတွက် မကြာမီကာလတွင် သဗ္ဗညု ဘုရား ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း များ စတင်ဆောင်ရွက်မည်ဟု သိရှိရပါ ကြောင်း၊ အနာဂတ်ကာလ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသ၏ ရှေးဟောင်း အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရာ တွင် နိုင်ငံတော်အဆင့်အနေဖြင့် ဆက်လက် ညှိနှိုင်းစီမံပေးသွားမည်ဖြစ်ပြီး ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင်လည်း ယခုကဲ့သို့ပင် အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆွေးနွေးစစ်ဆေး အကြံပြုဆောင်ရွက်သွားရန် တိုက်တွန်း လိုပါကြောင်း။
ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီး ခဲ့သည့် ရှေးဟောင်းသာသနိကအဆောက် အအုံများ ပြန်လည်ပြုပြင်မွမ်းမံသည့် လုပ်ငန်းနှင့် မိုခါမုန်တိုင်းဒဏ်ကြောင့် ဘုရားပုထိုးစေတီများ ရေဝင်ရောက်မှုနှင့် ထိခိုက်ပျက်စီးမှုများကို ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့ကြသည့် ဦးစီးကော်မတီ ဝင်များ၊ ဆက်စပ်ဝန်ကြီးဌာနများနှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဒေသ ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ၊ ပညာရှင် အဖွဲ့မှပညာရှင်များ၊ ပူးပေါင်းပါဝင်ခဲ့သူ များအားလုံးကို ကျေးဇူးအထူးတင်ရှိပါ ကြောင်းနှင့် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ၏ ရှေးဟောင်းအဆောက်အအုံများ ရှေ့ဆက် ပြုပြင်ထိန်းသိမ်းသည့် လုပ်ငန်းများတွင် လည်း ဆက်လက်ပူးပေါင်းပါဝင်ကူညီ ပေးကြရန် ပြောကြားသည်။
သတင်းစဉ်