
စစ်ကိုင်း ဇူလိုင် ၆
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် စင်းဟောက် ကျေးရွာအနီးရှိ စင်းဟောက်ချောင်းကူးတံတား မကြာမီ ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါချောင်းကူးတံတားသည် အရှည် ပေ ၂၀၀၊ အကျယ် ၂၄ ပေဖြစ်ပြီး သံကူကွန်ကရစ်အမျိုးအစား တံတားဖြစ်ကြောင်း သိရသည်။ အဆိုပါချောင်းကူး တံတားသည် ရွှေဘို - မြစ်ကြီးနားသွား မဟာဗျူဟာ လမ်းမကြီးပေါ်၌ တည်ရှိနေပြီး ယာဉ်ကြီး၊ ယာဉ်ငယ် များ နေ့စဉ်ဖြတ်သန်းသွားလာနေရသော ချောင်းကူး တံတား တစ်စင်းဖြစ်ကြောင်း သိရသည်။
အဆိုပါတံတားကြီး မိုးမကျမီ အမြန်ပြီးစီးနိုင်ရေး အတွက် ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်၏ ညွှန်ကြားချက်အရ အင်းတော် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖုန်ဂရိန်နှင့်အဖွဲ့ က ကြီးကြပ်၍ တံတားဆောက်လုပ်ရေးတာဝန်ခံ AE ဦးမြင့်ဆန်းလှိုင်နှင့်အဖွဲ့က တာဝန်ယူဆောက်လုပ်ခဲ့ရာ တံတားကြီးမှာ လုံးဝပြီးစီးသွားပြီဖြစ်သဖြင့် မကြာမီ ဖွင့်ပွဲပြုလုပ်တော့မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ တံတားကြီး၏ ကုန်ကျစရိတ်မှာ ငွေကျပ်သန်း ၁၂၀၀ ဖြစ်ပြီး ထိုကုန်ကျငွေကို လမ်း၊ တံတား ပြည်ထောင်စုရန်ပုံငွေမှ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
လူအောင်(ကသာ)