
နေပြည်တော် ဇူလိုင် ၆
နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည် မြန်မာနိုင်ငံ၏ လက်ရှိ ပြည်တွင်းနိုင်ငံရေး ဖြစ်ပေါ် တိုးတက်မှု အခြေအနေများနှင့် ပတ်သက်၍ ရန်ကုန်မြို့ အခြေစိုက် သံတမန်များနှင့် ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ်တို့အား ရှင်းလင်း ပြောကြားမှုအစီအစဉ်ကို ယနေ့တွင် ရန်ကုန်မြို့ရှိ နိုင်ငံခြား ရေးဝန်ကြီးဌာန ဝန်ဇင်းမင်းရာဇာ ခန်းမ၌ ပြုလုပ်သည်။
အဆိုပါ ရှင်းလင်းပြောကြား မှုအစီအစဉ်သို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး၊ နိုင်ငံခြားရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဦးချမ်း အေး၊ ပြန်ကြားရေးဝန်ကြီးဌာန မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာတင်၊ နိုင်ငံ ခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ ပါဝင်တက်ရောက်ခဲ့ပြီး ရန်ကုန်မြို့ရှိ သံရုံးများမှ သံအမတ်ကြီးများ၊ အဆင့်မြင့်သံတမန်များနှင့် ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်တို့ ပါဝင် တက်ရောက်ကြသည်။
ရှင်းလင်းပြောကြား
ရှင်းလင်းပွဲတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာအစိုးရ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့်အညီ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေးအပါအဝင် ဒီမိုကရေစီဖော်ဆောင်ရေးတို့အတွက် ကြိုးပမ်း ဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ ကပ်ရောဂါ၊ ရွေးကောက်ပွဲမသမာမှုနှင့် ဆက်စပ်သည့် မတည်ငြိမ်မှုများ၊ ဆိုင်ကလုန်းမုန်တိုင်း မိုခါကဲ့သို့သော သဘာဝဘေးအန္တရာယ်နှင့် ပထဝီဝင် နိုင်ငံရေးအရ သက်ရောက်မှုများနှင့် သတင်းမီဒီယာစစ်ပွဲဆိုင်ရာစိန်ခေါ်မှုများကို ရင်ဆိုင်နေရသော်လည်း တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ခြင်း၊ ငြိမ်းချမ်း၍ အများပါဝင်နိုင်သော နိုင်ငံရေးလုပ်ငန်းစဉ်ဖော်ဆောင် ခြင်းတို့ဖြင့် ကြိုးပမ်းလျက်ရှိသည်ကို ရှင်းလင်း ပြောကြားသည်။
ထို့ပြင် အာဆီယံတူညီဆန္ဒ(၅)ချက် ဖော်ဆောင် ရာတွင် အရေးကြီးဆုံးအချက်များဖြစ်သည့် အကြမ်း ဖက်မှုများ ရပ်တန့်ရေး၊ အားလုံးပါဝင်သည့် ဆွေးနွေး ပွဲများ ကျင်းပရေးနှင့် လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ ကူညီထောက်ပံ့မှုများ ပေးအပ်ရေးတို့ကို လည်း ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်း ပြောကြားသည်။
အကြိမ် ၅၀၀၀ ကျော် ကျင်းပ
ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အကြိမ် ၅၀၀၀ ကျော် ကျင်းပခဲ့ပြီးဖြစ်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပစ်အခတ် ရပ်စဲမှု စတင်ခဲ့သည်မှာ ၃၃ နှစ်တိုင်ရှိပြီး အပြီးသတ် ငြိမ်းချမ်းရေးအတွက် မြန်မာအစိုးရအဆက်ဆက်မှ ကြိုးပမ်းအားထုတ်ခဲ့ကြောင်းတို့ကို အသေးစိတ် ရှင်းလင်းပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက တပ်မတော်အနေ ဖြင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်အရ စတင်တိုက်ခိုက်မှုမပြုခြင်း၊ ပြည်သူများအား အကာအကွယ်ပေးရန် ထိန်းထိန်း သိမ်းသိမ်းနှင့် ထိခိုက်မှုအနည်းဆုံးဖြစ်စေရန် ဂျီနီဗာ ကွန်ဗင်းရှင်းပါ စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်ခဲ့ သည်များကိုလည်း အသိပေးပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက PDF အကြမ်းဖက်များ၏ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၅၉၃၈ (အရပ် သား ၄၈၇၈ ဦးနှင့် အစိုးရဝန်ထမ်း ၁၀၆၀ ) ကျော် ထိခိုက်သေဆုံးခဲ့ခြင်း၊ PDF များ၏ အဖျက်အမှောင့် လုပ်ငန်းများကျူးလွန်မှုများ၊ ဒီမိုကရေစီဖော်ဆောင် ရေးလုပ်ငန်းစဉ်များအား အဟန့်အတားဖြစ်အောင် လုပ်ဆောင်နေမှုများ၊ ၎င်းတို့၏ဥပဒေပြင်ပလုပ်ရပ် များမှ ပြည်သူများအားကာကွယ်ရန် အစိုးရအနေ ဖြင့် PDF အကြမ်းဖက်သမားများကို တုံ့ပြန်ဆောင် ရွက်ရခြင်းဖြစ်ကြောင်း အသိပေးပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ရခိုင် ပြည်နယ်ရှိ လူမှုအသိုက်အဝန်းများအကြား ငြိမ်းချမ်း ရေးနှင့် သဟဇာတရှိစေရေး ကြိုးပမ်းဆောင်ရွက်မှု များ၊ ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်များတွင် မြန်မာ-ဘင်္ဂလား ဒေ့ရှ် နှစ်နိုင်ငံအကြား ချုပ်ဆိုထားသည့် သဘောတူ စာချုပ်အကောင်အထည်ဖော်ဆောင်မှုအခြေအနေ များနှင့် နိုင်ငံသားစိစစ်ပြီးသည့် နေရပ်စွန့်ခွာသူများ အား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို ဆောလျင် စွာ စတင်နိုင်ရေး ဆောင်ရွက်နေမှုများကို ရှင်းလင်း ပြောကြားသည်။
ထို့ပြင် မိုခါဆိုင်ကလုန်းဘေးဒဏ် ထိခိုက်ခံစား ခဲ့ရသည့် ဒေသများနှင့် ပြည်သူများအား ကူညီ ကယ်ဆယ်မှုများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များအတွက် အစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများ၊ ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ရှင်းလင်း ပြောကြားသည်။
သိရှိလိုသည်များကို မေးမြန်း
ထို့နောက် အမေးအဖြေကဏ္ဍတွင် တက်ရောက် လာသည့် သံတမန်များက သိရှိလိုသည်များကို မေးမြန်းခဲ့ပြီး တာဝန်ရှိသူများက ရှင်းလင်းပြောကြား မှုအပြီး တက်ရောက်သူများက ခင်းကျင်းပြသထား သည့် မှတ်တမ်းဓာတ်ပုံများ၊ အချက်အလက်များကို ကြည့်ရှုကြကြောင်း သိရသည်။
သတင်းစဉ်