ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များကို ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်

 

နေပြည်တော်   ဇူလိုင်  ၅


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်း အမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်း များအတွင်း ရောက်ရှိနေသူများကို  ဥပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန်  ဖိတ်ခေါ်လျက်ရှိပြီး ဥပဒေဘောင်အတွင်းသို့ ဝင်ရောက် လာသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများဖြင့် ဝင်ရောက်လာသူများကို ဆုကြေးငွေများ သီးသန့်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း  သတင်း ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။


ယင်းသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သတင်းထုတ်ပြန် ဖိတ်ခေါ်လျက်ရှိသဖြင့်      တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း နယ်မြေများအတွင်း သင်တန်းများ တက်ရောက်ခဲ့ပြီး  ပြစ်မှုကျူးလွန် ခြင်းမရှိသည့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသော PDF အဖွဲ့ဝင် များကို      ပြန်လည်လက်ခံ၍    ၎င်းတို့၏      မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းကို   ယနေ့နံနက်ပိုင်းတွင်   ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး  မင်္ဂလာခန်းမ၌ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း၊   ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး    ဗိုလ်ချုပ် ဇော်ဟိန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြန်လည်အလင်းဝင်လာသည့် PDF အဖွဲ့ဝင်များနှင့်  ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြ သည်။ 


ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နယ်မြေဒေသတည်ငြိမ်အေးချမ်း ရေးနှင့်   တရားဥပဒေဆိုင်ရာပုဒ်မများနှင့် အသိပညာပေးခြင်းများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။  ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့်  ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော   ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ   မြောက်ဥက္ကလာပမြို့နယ်၊  တာမွေမြို့နယ်၊ ရန်ကင်းမြို့နယ်၊ ကမာရွတ်မြို့နယ်၊ ဒလမြို့နယ်၊ သုံးခွမြို့နယ်တို့နှင့် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်တို့မှ  PDF အဖွဲ့ဝင် အမျိုးသားရှစ်ဦးနှင့်  အမျိုးသမီးနှစ်ဦးတို့ကို  တာဝန်ရှိသူများက ဝန်ခံ ကတိလက်မှတ်ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်ပြီး   ထောက်ပံ့ပစ္စည်းများနှင့်  စားသောက်ဖွယ်ရာ များပေးအပ်ရာ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ ကိုယ်စား ဖခင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။


ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများကို    ပြန်လည်ကြိုဆိုလက်ခံ၍   လိုအပ်သည့် ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးကာ          မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲအပ်ပေးလျကရှိခြင်းများကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပေးသွားမည် ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက်   ဆုကြေးငွေများအား ထိုက်တန်စွာ ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


သတင်းစဉ်