
ကျောက်တော် ဇူလိုင် ၅
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၌ မိုခါမုန်တိုင်းကြောင့် လေဘေး သင့်တောင်သူများအား မျိုးစပါးထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့မှ ဗိုလ်မှူးချုပ်အောင်သူဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာညွန့်တို့က အမှာစကားပြောကြားကြသည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးဇော်သန့်အောင်က နိုင်ငံတော် က ထောက်ပံ့သည့် မျိုးစပါးပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားရာတွင် ယခုရရှိသော မျိုးစပါးများကို တောင်သူများ လက်ဝယ်သို့ ရောက်ရှိနိုင်ရေး၊ အချိန်မီစိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် လိုအပ်ပါက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ချိတ်ဆက်ပြီး အထွက်နှုန်း ကောင်းမွန်စေရေးအတွက် စိုက်ပျိုးရေးကွင်းဆင်းဝန်ထမ်းများက ပူးပေါင်းပါဝင်လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက တောင်သူများအား မျိုးစပါးများကို ထောက်ပံ့ပေးအပ်သည်။ ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ပေါ်ဆန်းရင် မျိုးစပါး တင်း ၁၀၀ ၊ နှံထောက် တင်း ၁၀၀၊ GW-11 တင်း ၁၀၀ ၊ကြားပျံ တင်း ၁၀၀ စုစုပေါင်းတင်း ၄၀၀ ကို ကျေးရွာအုပ်စု ငါးအုပ်စု၊ တောင်သူ ၉၇ ဦးထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဖြူဖြူဝင်း(ပြန်/ဆက်)