
နေပြည်တော် ဇူလိုင် ၅
နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ (NMSP) ကိုယ်စားလှယ်အဖွဲ့တို့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပသည်။
ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က တွေ့ဆုံဆွေးနွေးပွဲသို့တက်ရောက်လာသည့် မွန်ပြည်သစ် ပါတီ(NMSP) ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်းနှင့်အဖွဲ့အား ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်သည်။
တွေ့ဆုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပ
ယင်းနောက် တွေ့ဆုံဆွေးနွေးပွဲတွင် ဆွေးနွေးမည့် အကြောင်းအရာ များကို ဆွေးနွေးညှိနှိုင်းကြပြီး တွေ့ဆုံဆွေးနွေးပွဲကို ဆက်လက် ကျင်းပသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်နှင့် ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များ၊ မွန်ပြည်သစ်ပါတီ(NMSP) ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း၊ ဗဟိုအလုပ်အမှု ဆောင် ကော်မတီဝင်များဖြစ်ကြသည့် နိုင်ဗညားလယ်နှင့် နိုင်အောင် မငေးတို့ တက်ရောက်ကြသည်။
နှုတ်ခွန်းဆက်အမှာစကားပြောကြား
တွေ့ဆုံဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် မွန်ပြည်သစ်ပါတီ(NMSP) ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်းတို့က နှုတ်ခွန်းဆက်အမှာစကားပြောကြားကြသည်။
ထို့နောက် ယခင်ဆွေးနွေးပွဲများ၌ သဘောတူထားသည့်အချက်များ ကို စုစည်း၍ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးကိစ္စနှင့် မွန်ပြည်သစ် ပါတီ(NMSP) ဗဟိုကော်မတီ၏ သဘောထားများကို အပြန်အလှန် ရှင်းလင်းဆွေးနွေးကြပြီး တွေ့ဆုံဆွေးနွေးပွဲ ပထမနေ့ကို ရပ်နား လိုက်သည်။ ဆွေးနွေးပွဲဒုတိယနေ့ကို ဇူလိုင် ၆ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သတင်းစဉ်