
နေပြည်တော် ဇွန် ၃၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများ အဖြစ် ကြေညာချက်များထုတ်ပြန်၍ ယင်းကြေညာ ချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေး ထားပြီးဖြစ်သည်။
ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ်တာဝန်ပေးအပ်ထား ရှိရာ ယနေ့တွင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အစိုးရရပ်ကွက်ရှိ ထောင်ပိုင်ကွင်းဧရိယာ၌ မိုးစပါးတစ်ဧကအထွက်နှုန်း တိုးတက်စေရေးအတွက် မျိုးကောင်းမျိုးသန့်များကို သုံးစွဲရေးနှင့် စနစ်တကျပျိုးထောင်လျက် ပျိုးသက်မှန် စိုက်ပျိုးရန် ပေါင်ဖြင့်ပျိုးထောင်ဆောင်ရွက်ခြင်း ကွင်းသရုပ်ပြပွဲသို့တက်ရောက်ကြည့်ရှုရာ တာဝန်ရှိ သူ တစ်ဦးက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် အရာရှိရပ်ကွက်ရှိ စန္ဒာလင်္ကာရ ဘုန်းတော်ကြီးကျောင်း၌ နယ်လှည့်ဆေးကုသရေး အဖွဲ့က ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်ပေးနေမှုများကို သွားရောက်ကြည့်ရှု အားပေးပြီး ဆေးကုသမှုခံယူနေသူများကို စားသောက်ကုန်ပစ္စည်းများနှင့် တိုင်းရင်းဆေး လုပ်ငန်းရှင်များက ပေးပို့လှူဒါန်းထားသည့် တိုင်းရင်းဆေးမျိုးစုံကို ပေးအပ်လှူဒါန်းသည်။
ထို့နောက် အစိုးရရပ်ကွက်ရှိ ရမ္မာဝတီခန်းမ၌ မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် ဒေသခံပြည်သူများအတွက် ထောက်ပံ့ငွေ၊ ထောက်ပံ့ပစ္စည်းများနှင့် သီးနှံမျိုးစေ့များထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်၍ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ ထောက်ပံ့ငွေများပေးအပ်ပြီး ဒေသခံပြည်သူများ ထံသို့ စနစ်တကျ ကြပ်မတ်ထုတ်ပေးသွားရန် မှာကြားသည်။
အလားတူ ချင်းပြည်နယ် ပလက်ဝမြို့၌ ရောက်ရှိ နေသော ဗိုလ်မှူးချုပ် နေဝင်းအောင်သည် ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှိ ကီမိုခန်းမ၌ ခရိုင်နှင့် မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပြီး မိုခါ မုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် အဆောက်အအုံများ နှင့်ပတ်သက်၍ ဆောင်ရွက်လျက်ရှိသည့် အခြေ အနေများ၊ ထောက်ပံ့ပေးနေမှုများနှင့် ဆက်လက် ဆောင်ရွက်နေသည့်အခြေအနေများကို ရှင်းလင်း ပြောကြားပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့အတူ ကျောက်တော်မြို့၌ ရောက်ရှိနေသော ဗိုလ်မှူးချုပ် အောင်သူဦး သည် ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ ကျောက်တော်မြို့နယ်ရှိ လေဘေး သင့် ဘုန်းတော်ကြီးကျောင်း ၂၄ ကျောင်းအတွက် ဆောက်လုပ်ရေးပစ္စည်းများနှင့် စားသောက်ကုန် ပစ္စည်းများကို မြို့နယ်သာသနာ့ဗိမာန်တော်ကြီး၌ ထောက်ပံ့လှူဒါန်းသည်။
အလားတူ ပုဏ္ဏားကျွန်းမြို့၌ ရောက်ရှိနေသော ဗိုလ်မှူးချုပ် ဝင်းမောင်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြို့မပရိယတ္တိဘုန်းတော်ကြီး ကျောင်းတိုက်၌ နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို သွား ရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့အတူ မြေပုံမြို့၌ရောက်ရှိနေသော ဗိုလ်မှူးချုပ် ကျော်ကျော်စိုးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ လေဘေးသင့်ပြည်သူများအတွက် “စန္ဒီ ’’ ပရဆေး များနှင့် ရေသန့်ဆေးပြားများကို တာဝန်ရှိသူများ ထံပေးအပ်ပြီး ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးရန် မှာကြားသည်။
အလားတူ မောင်တောမြို့၌ ရောက်ရှိနေသည့် ဗိုလ်မှူးချုပ် တင်ဆွေသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မုန်တိုင်းဒဏ်ကြောင့်ပျက်စီးခဲ့သည့် အခြေခံပညာကျောင်းများသို့ သွားရောက်၍ ဆရာ ဆရာမများနှင့် တွေ့ဆုံပြီး စားသောက်ဖွယ်ရာများ၊ ဂတ်စ်မီးဖိုနှင့် ဂတ်စ်ဘူးများ ထောက်ပံ့ပေးအပ်ကာ ကျောင်းသား ကျောင်းသူများအတွက် ကျောင်းဝတ်စုံ များ ထောက်ပံ့ပေးအပ်၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ထို့ပြင် မုန်တိုင်းဒဏ်ကြောင့် လေဘေးသင့်ခဲ့သော ကျေးရွာငါးရွာမှ လေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ငွေနှင့် အသုံးအဆောင် ပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး အဆိုပါကျေးရွာများ ရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်များအား ဖူးမြော်ကြည်ညို ကာ ဂတ်စ်မီးဖို၊ ဂတ်စ်ဘူးများ၊ ဆပ်ပြာတောင့်များနှင့် အမှိုက်ပုံးများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်