မိုးရာသီ အောင်မင်္ဂလာအဝေးပြေးနှင့် ဒဂုံဧရာအဝေးပြေးတို့တွင် တစ်ရက်လျှင် ခရီးသွား ၉၀၀၀ ခန့်အား ခရီးသွားဝန်ဆောင်မှုပေးနေ

 

ရန်ကုန်  ဇွန်   ၂၇


အောက်မြန်မာပြည်မှ တိုင်း‌ဒေသကြီးနှင့် ပြည်နယ်များသို့ ခရီးသွားဝန်ဆောင်မှု ပေးနေသည့် အောင် မင်္ဂလာအဝေးပြေးနှင့် ဒဂုံဧရာအဝေးပြေးတို့တွင်   မိုးရာသီ၌ တစ်ရက်လျှင် ခရီးသွား ၉၀၀၀ ခန့်အား ဝန်ဆောင်မှုပေးနေကြောင်း အောင်မင်္ဂလာ အဝေးပြေး YRTC ရုံးမှ သိရသည်။

 


ရန်ကုန်မြို့၏ ခရီးသွားအမြင့်ဆုံး အချိန်သည်  သင်္ကြန်ရုံးပိတ်ရက်ကာလ ဖြစ်ပြီး တစ်ရက်လျှင် ခရီးသွား ၂၀၀၀၀ ခန့်   ခရီးသွားလာခဲ့ကြပြီး  မေလတွင် ယာဉ်ရပ်နားစခန်းနှစ်ခုမှ တစ်ရက်လျှင် ခရီးသွား ၁၃၀၀၀ ခန့်  ခရီးသွားလာခဲ့သည်။ မိုးရာသီ ဇွန်လပထမပတ်၌   တစ်နေ့လျှင် ခရီးသွား ၁၁၀၀၀ ကျော်အထိ ခရီးသွား လာခဲ့ကြပြီး နောက်ဆုံးပတ်၌ တစ်ရက် လျှင် ခရီးသွား ၉၀၀၀ ခန့်ဖြင့် ခရီးသွား လာလျက်ရှိသည်။

 


ပုံမှန်ဈေးနှုန်းအတိုင်းရောင်းချပေး


ယခုလတွင် ရန်ကုန်မြို့၌ မိုးများခြင်း ကြောင့် အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်းမှ ခရီးသွား ၈၀၀၀ ခန့်၊ ဒဂုံ-ဧရာ   အဝေးပြေးယာဉ်ရပ်နားစခန်းမှ ခရီးသွား ၁၀၀၀ ခန့်ဖြင့်  ခရီးသွားလာ လျက်ရှိပြီး ပို့ဆောင်ရေးယာဉ်များ ခရီး သည်တိုးမြှင့်လာပါက ဝန်ဆောင်မှုပေးရန် အသင့်ရှိနေကြောင်း၊ ယာဉ်စီးခကို လက်ရှိ ပုံမှန်ဈေးနှုန်းအတိုင်း  ခရီးသွားကျေနပ်မှု နှင့်အညီ ရောင်းချပေးလျက်ရှိပြီး အဆင် ပြေမှုမရှိပါက အောင်မင်္ဂလာအဝေးပြေး YRTC ရုံးမှ ဖြေရှင်းဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ဆောင်ရွက်မှုနှင့် ယာဉ်ရပ်နားဝင်းအတွင်း ခရီးသွားများလုံခြုံရေးကို   အစဉ်မပြတ် ဆောင်ရွက်နေကြောင်း သိရသည်။

 


အောင်မင်္ဂလာ    အဝေးပြေးယာဉ် ရပ်နားစခန်းတွင် ယာဉ်လိုင်းပေါင်း ၂၃၈ လိုင်းနှင့်  ယာဉ်အစီးရေပေါင်း   ၂၀၇၀၊  ဒဂုံ-ဧရာအဝေးပြေးတွင် ယာဉ်လိုင်းပေါင်း ၇၅ လိုင်းမှ ယာဉ်အစီးရေ ၂၀၉ စီးဖြင့် ပြေးဆွဲလျက်ရှိပြီး  ဇွန်လနောက်ဆုံးပတ် တွင် အောင်မင်္ဂလာအဝေးပြေး၌ ယာဉ် လိုင်းပေါင်း ၁၃၈ လိုင်းမှ အစီးရေ ၄၃၆ စီးဖြင့် ခရီးသွား ၇၆၁၄ ဦး၊ ဒဂုံ - ဧရာ အဝေးပြေးယာဉ်ရပ်နားစခန်း၌ ယာဉ် လိုင်းပေါင်း ၇၅  လိုင်းမှ   ယာဉ်အစီးရေ ၂၀၉ စီးဖြင့် ၂၀၄၇ ဦးတို့ကို  ခရီးသွား အတက်/အကျပေါ်မူတည်၍ ဝန်ဆောင်မှု ပေးခဲ့ပြီး   ရုံးပိတ်ရက်တို့တွင်   ခရီးသွား အနည်းငယ်    မြင့်တက်လေ့ရှိကြောင်း သိရသည်။

 


ပုံမှန်နှုန်းထားထက်ပိုပြီးမယူဖို့ 


“ရန်ကုန်မြို့      အောင်မင်္ဂလာ အဝေးပြေးကနေ နေပြည်တော်၊ မန္တလေး၊ တောင်ကြီး၊  မော်လမြိုင်၊  မြဝတီကို ခရီး သွားအများဆုံး     ပို့ဆောင်နေတယ်။ ကလေး၊ တမူး   ပြေးဆွဲမှုတော့   မရှိဘူး။ လားရှိုး၊ မူဆယ်ကတော့ ခရီးသည်နည်း သွားတယ်။ တိုင်းနဲ့ပြည်နယ် အားလုံးကို အနည်းနဲ့အများ    ပြေးဆွဲနေပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထား တဲ့ စည်းကမ်းကိုလိုက်နာဖို့၊ မှတ်ပုံတင် မပါရင်  လက်မှတ်မရောင်းဖို့၊   လမ်းမှာ ခရီးသည်မတင်ဖို့    ယာဉ်လိုင်းတွေကို အသိပေးနှိုးဆော်ထားပါတယ်။ ယာဉ်စီး လက်မှတ်ကို    သတ်မှတ်ပုံမှန်နှုန်းထား ထက်ပိုပြီးမယူဖို့  အကြိမ်ကြိမ်နှိုးဆော် ထားပါတယ်။  ခရီးသည်   မကျေနပ်ရင် ရုံးကိုလာရောက်ပြောကြားပါ၊ ချက်ချင်း အရေးယူပြီး   ဖြေရှင်းဆောင်ရွက်ပေး ပါတယ်။   အောင်မင်္ဂလာကားဝင်းမှာ ပူးပေါင်းအဖွဲ့အင်အား   ၂၀ နဲ့   ယာဉ် စည်းကမ်းလိုက်နာမှုမရှိတဲ့ ယာဉ်အစီးရေ ၂၀၀၀ ကျော်ကိုအရေးယူဆောင်ရွက်ထားပါတယ်။ ခရီးသွားပြည်သူတွေ စိတ်အေး ချမ်းစွာ သွားလာနိုင်အောင်ဆောင်ရွက်နေပါတယ်။ ဒီလ   နောက်ဆုံးပတ်မှာ မိုးများတဲ့အတွက် အဝေးပြေးကွင်း နှစ်ခု ပေါင်း တစ်ရက်ကို ခရီးသွား   ၉၀၀၀   ခန့်ကို   ဝန်ဆောင်မှုပေးနေပါတယ်” ဟု အောင်မင်္ဂလာအဝေးပြေး   ယာဉ်ရပ်နား စခန်းမှ YRTC ကော်မတီဝင် ဦးဘမြင့်က ပြောသည်။

 


မြန်မာပြည်၏   စီးပွားရေးမြို့တော် ဖြစ်သော ရန်ကုန်မြို့မှ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့    အများပြည်သူ   ခရီး သွားလာမှု    အဆင်ပြေချောမွေ့စေရန် အောင်မင်္ဂလာအဝေးပြေး   ယာဉ်ရပ်နား စခန်းမှ     ဝန်ဆောင်မှုပေးလျက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီး မြစ်ဝကျွန်းပေါ်‌ ရှိ   မြို့နယ်များသို့  လှိုင်သာယာမြို့နယ် ဒဂုံဧရာအဝေးပြေး  ယာဉ်ရပ်နားစခန်းမှ ခရီးသွားများကို နေ့စဉ်ဝန်ဆောင်မှုပေး လျက်ရှိကြောင်း သိရသည်။


သတင်း၊ ဓာတ်ပုံ -  အီသန်