မူးယစ်ရန်စွယ်အန္တရာယ် ကာကွယ်တိုက်ဖျက် လက်ချင်းဆက်

Type

 

စိုးဝင်း -  MANA (ဗဟို)

ဇွန်လ ၂၆ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက် ရေးနေ့ (International Day Against Drug Abuse and Illicit Trafficking)  ဖြစ်ပါတယ်။ ဇွန်လ ၂၆ ရက်နေ့ကို သတ်မှတ်ပေးခဲ့တာကတော့ သြစတြေးလျနိုင်ငံ ဗီယင်နာမြို့မှာ ၁၉၈၇ ခုနှစ် ဇွန်  ၁၇ ရက် ကနေ ၂၆ ရက်အထိ ကျင်းပပြုလုပ်ခဲ့တဲ့  ကုလသမဂ္ဂအထွေထွေညီလာခံက သတ်မှတ် ပေးခဲ့တာဖြစ်ပါတယ်။ 
ဇွန်လ ၂၆ ရက်နေ့ကို ရွေးချယ်သတ်မှတ်ပေးခဲ့တဲ့အကြောင်းက တရုတ်ပြည်မှာ ပထမ ဘိန်းစစ်ပွဲ ဖြစ်ပွားခါနီးကာလ   ၁၈၃၉  ခုနှစ်က   ဥရောပ တိုက်သားတွေဖြစ်ကြတဲ့ ပေါ်တူဂီ၊ စပိန်နဲ့ ဒတ်ချ် လူမျိုးကုန်သွယ်တွေဟာ တရုတ်ပြည်ကို ဘိန်းတွေ ရောင်းချဖို့    ဂွမ်ဒုန်းပြည်နယ်   ဟူးမင်မြို့ကို ရောက်လာတဲ့အချိန်မှာ  ဟူကျန်ပြည်နယ် အုပ်ချုပ် ရေးမှူး Li Zexu ဟာ ဇွန်လ ၂၆ ရက်နေ့မှာ ဟူးမင် မြို့ကို သွားရောက်ပြီး ဥရောပဘိန်းကုန်သည်တွေ သယ်ယူလာတဲ့   ဘိန်းတွေကို  သိမ်းဆည်းမီးရှို့ ဖျက်ဆီးလိုက်ပါတယ်။ ဒီလိုဘိန်းတွေ မီးရှို့ဖျက်ဆီး ခဲ့တဲ့ ဇွန်လ  ၂၆  ရက်နေ့ကို အမြဲတမ်းအောက်မေ့   သတိတရဖြစ်စေဖို့အတွက်  ၁၉၈၇  ခုနှစ်  ဇွန်လ အတွင်း ကျင်းပပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂအထွေထွေ ညီလာခံက ဇွန်လ ၂၆ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ် မှုတိုက်ဖျက်ရေးနေ့အဖြစ်   သတ်မှတ်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ 
လှုပ်ရှားမှုများ
နှစ်စဉ် ဇွန်လ   ၂၆  ရက်နေ့  ကျရောက်တိုင်း ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဂုဏ်ပြုအခမ်းအနားများ ကျင်းပပြုလုပ်သလို မိမိတို့ မြန်မာနိုင်ငံမှာလည်း ဇွန်လ ၂၆ ရက်နေ့ အကြိုကာလလှုပ်ရှားမှုများအဖြစ် အလွတ်တန်းဆောင်းပါး၊ စာစီစာကုံး၊ ပန်းချီပြိုင်ပွဲ တွေ  ကျင်းပပြီး  ဆုချီးမြှင့်ပွဲအခမ်းအနားတွေကို မူးယစ်ဗဟိုအဖွဲ့  (CCDAC) က  ကမကထ ပြုလုပ် ကျင်းပပေးလျက်ရှိပါတယ်။  NGO  အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင် ရေးအသင်း(MANA)က ဇွန်လ ၂၆ ရက်နေ့ အကြို ကာလမှာ   ကျောင်းသား  လူငယ်လေးများ  ပညာ သင်ကြားဆည်းပူးရာ   အခြေခံပညာမူလတန်း၊ အလယ်တန်း၊       အထက်တန်းကျောင်းတွေနဲ့ တက္ကသိုလ်ကောလိပ်ကျောင်းတွေမှာ    မူးယစ် ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲတွေ ညှိနှိုင်းပြုလုပ်ပေးပြီး   မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသူ ကျောင်းသားလေးတွေကို ကဗျာရွတ်ဆိုပြိုင်ပွဲ (မြန်မာ/အင်္ဂလိပ်)၊ ကျပန်း စကားပြောပြိုင်ပွဲ (မြန်မာ/အင်္ဂလိပ်) တို့ကို ကျင်းပ ပြုလုပ်ကာ ဆုများကို ထိုက်ထိုက်တန်တန် ပေးအပ် ချီးမြှင့်လျက်ရှိပါတယ်။ 
စစ်ဆင်ရေးများဆောင်ရွက်
မိမိတို့နိုင်ငံအနေနဲ့  မူးယစ်ဆေးဝါးပြဿနာကို ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက် ကြိုးပမ်း တိုက်ဖျက်ခဲ့ရာ  ၁၉၆ဝ  ပြည့်လွန်နှစ်များကစပြီး ဘိန်းခင်းတွေကို ငရဲပန်းစစ်ဆင်ရေး၊ တောင်ထိပ်ပန်း စစ်ဆင်ရေး၊ မဲလုံးစစ်ဆင်ရေးတွေနဲ့  တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့  ဒေသခံပြည်သူတွေ ပူးပေါင်း ပြီး နှစ်စဉ်ဧကပေါင်းများစွာ ဖျက်ဆီးခဲ့ကြပါတယ်။ ဒါ့အပြင် ဝေးလံခေါင်းပါးတဲ့ တောင်တန်းဒေသတွေ ကို အကာအကွယ်ယူပြီး  မူးယစ်ဆေးဝါး စိုက်ပျိုး ထုတ်လုပ်နေကြတဲ့   လက်နက်ကိုင်အဖွဲ့အစည်း အချို့ရဲ့   ဘိန်းချက်စခန်း၊   ဘိန်းချက်စက်ရုံတို့ကို လည်း ၁၉၇၆ ခုနှစ် ဧပြီ   ၂၆   ရက်က  စတင်ပြီး တပ်မတော်က   မိုးဟိန်းစစ်ဆင်ရေးအဆင့်(၁)မှ အဆင့်(၁၂)အထိ ဘိန်းစစ်ဆင်ရေးကြီးတွေ ပြုလုပ် ခဲ့ပါတယ်။ 
နိုင်ငံတော်အစိုးရအနေနဲ့     မူးယစ်ဆေးဝါး ပြဿနာကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်း နိုင်ဖို့အတွက် ၁၉၇၆ ခုနှစ်မှာ မြန်မာနိုင်ငံ မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်       တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ကို ဖွဲ့စည်းပြီး မဟာဗျူဟာနှစ်ရပ်ဖြစ်တဲ့ မူးယစ်ဆေးဝါး ပပျောက်ရေးကို     အမျိုးသားရေးတာဝန်အဖြစ် သတ်မှတ်ပြီး ဘက်ပေါင်းစုံကနေ  တိုက်ဖျက်ချေမှုန်း ရန်နဲ့    နယ်စပ်ဒေသနဲ့   တောင်တန်းဒေသနေ  တိုင်းရင်းသားလူမျိုးတွေရဲ့   လူနေမှုဘဝတိုးတက် မြင့်မားရေးနဲ့   ဘိန်းစိုက်ပျိုးမှုအလေ့အထ   လုံးဝ ချုပ်ငြိမ်းပပျောက်ရေးဆိုတဲ့   မဟာဗျူဟာနှစ်ရပ် ချမှတ်ဆောင်ရွက်ခဲ့ပါတယ်။ 
ဒါ့အပြင်   ထုတ်လုပ်မှုပပျောက်ရေး၊  သုံးစွဲမှု ပပျောက်ရေးနဲ့        တားဆီးနှိမ်နင်းရေးဆိုတဲ့ နည်းဗျူဟာသုံးရပ်ကို ချမှတ်ဆောင်ရွက်နေပါတယ်။ ဒါ့အပြင် ၁၉၉၉-၂၀၀၀  နှစ်ကနေ  ၂၀၁၄-၂၀၁၅ ခုနှစ်အထိ ၁၅ နှစ်စီမံကိန်း ရေးဆွဲဆောင်ရွက်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ ပြန်လည်သုံးသပ်ကာ ပိုမိုထိရောက်ဖို့ အတွက်   စီမံကိန်းကာလကို  နောက်ထပ်  ငါးနှစ် သက်တမ်းတိုးဆောင်ရွက်ခဲ့ပါတယ်။ သက်တမ်းတိုး ငါးနှစ်ကာလက   ၂၀၂၀  ပြည့်နှစ်မှာ ကုန်ဆုံးခဲ့ပြီး ဖြစ်ပါတယ်။  အခုလို စီမံကိန်းသက်တမ်းကုန်ဆုံး သွားတဲ့အခါ   စီမံကိန်းကြီး  အောင်မြင်သလား။ မအောင်မြင်ဘူးလားဆိုတာကို   သုံးသပ်ဆန်းစစ်မယ် ဆိုရင် လိုအပ်ချက်တွေရှိနေဆဲပဲလို့ ပြောရမှာဖြစ်ပါ တယ်။
“ဘုံရန်သူ” အဖြစ် သတ်မှတ်
ဘာကြောင့်လဲဆိုရင် တိုင်းရင်းသားညီနောင်အချို့ကြားမှာ  နိုင်ငံရေးယုံကြည်ချက်  ခံယူချက် တွေနဲ့ နယ်မြေကိစ္စရပ်တွေအပေါ်မှာ ဆန္ဒစောပြီး စိတ်ဝမ်းကွဲပြားကာ လက်နက်ကိုင် ရင်ဆိုင်ဖြေရှင်း နေကြလို့ပဲဖြစ်ပါတယ်။  အမှန်တော့  ကျွန်တော်တို့ အားလုံးဟာ   လက်နက်ကိုင်ပဋိပက္ခထက်   အဆ ပေါင်းများစွာဆိုးရွားပြီး လူသားမျိုးနွယ်စုတစ်ခုလုံး ကို လူညွန့်တုံးအောင် ဒုက္ခပေးနေတဲ့ မူးယစ်ဆေးဝါး ပြဿနာကို    “ဘုံရန်သူ” အဖြစ်  သတ်မှတ်ပြီး တိုင်းရင်းသားညီအစ်ကိုအားလုံး စည်းစည်းလုံးလုံး ညီညီ ညွတ်ညွတ်နဲ့ တိုက်ထုတ်ကြရမှာဖြစ်ပါတယ်။
ဒီမူးယစ်ဆေးဝါးပြဿနာကို မိမိတို့တိုင်းရင်းသားညီအစ်ကိုတွေအချင်းချင်း   စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့  လက်တွဲပူးပေါင်းဆောင်ရွက် ကြမယ်ဆိုရင် မူးယစ်ဆေးဝါး ပြဿနာ လုံးဝမချုပ် ငြိမ်း၊   မပပျောက်နိုင်သည့်တိုင်အောင်   စိုက်ပျိုး ထုတ်လုပ်မှုအပိုင်းမှာ   သိသိသာသာ  လျော့နည်း ကျဆင်းလာမှာဖြစ်ပါတယ်။   UNODC  လို့ခေါ်တဲ့ ကမ္ဘာ့ကုလသမဂ္ဂမူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုများ ဆိုင်ရာရုံးရဲ့   ၂၀၂၂  ခုနှစ်  Annual Report အရ ကမ္ဘာပေါ်မှာ   ဘိန်းစိုက်ပျိုးမှုအများဆုံးနိုင်ငံဟာ အာဖဂန်နစ္စတန်နိုင်ငံက  ၁၀၀  ရာခိုင်နှုန်းနဲ့ ပထမ နေရာမှာရှိနေပြီး   မြန်မာနိုင်ငံနဲ့  နိုင်ငံငယ်အချို့ ကတော့ ၂၀ ရာခိုင်နှုန်းနဲ့ ဒုတိယနေရာမှာ ရပ်တည် နေကြောင်း သိရပါတယ်။
 မီးရှို့ဖျက်ဆီး
နှစ်စဉ် ဇွန်လ  ၂၆  ရက်နေ့ရောက်တိုင်း ကမ္ဘာ့ နိုင်ငံအသီးသီးမှာ     မူးယစ်ဆေးဝါးဆန့်ကျင်ရေး အသိပညာပေးအခမ်းအနားတွေ ပြုလုပ်ကြသလို မိမိတို့     မြန်မာနိုင်ငံမှာလည်း   ရှမ်းပြည်နယ် တောင်ကြီး မြို့၊ မန္တလေးမြို့နဲ့ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့တို့မှာ တစ်နှစ်တာအတွင်း ဖမ်းဆီး ရမိတဲ့ မူးယစ်ဆေးဝါးအမျိုးမျိုးနဲ့ စပ်ဆက်ပစ္စည်း များကို       မီးရှို့ဖျက်ဆီးတဲ့အခမ်းအနားတွေကို တစ်ချိန်တည်း၊    တစ်ပြိုင်တည်း   ပြုလုပ်လျက် ရှိပါတယ်။ 
၂၀၂၂ ခုနှစ် ဇွန်  ၂၆ ရက်က တောင်ကြီးမြို့မှာ မီးရှို့ဖျက်ဆီးခဲ့တဲ့     မူးယစ်ဆေးဝါးအမျိုးမျိုးရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း ၂၇၈ ဒသမ ၅၇ ၊   မန္တလေးမြို့မှာ   အမေရိကန်ဒေါ်လာ  ၁၇၁ ဒသမ ၂၃ သန်း၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မြို့မှာ အမေရိကန်ဒေါ်လာ သန်း ၁၉၂ ဒသမ ၈ သန်း စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၆၄၂  ဒသမ  ၆  သန်း ဖြစ်ပါတယ်။ မီးရှို့ဖျက်ဆီးနိုင်ခဲ့တဲ့ မူးယစ် ဆေးဝါးအမျိုးမျိုးရဲ့ အရေအတွက်ပမာဏနဲ့ တန်ဖိုး ကို  ကြည့်ရင်  မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊     အကောက်ခွန်ဦးစီးဌာန   အစရှိတဲ့ အဖွဲ့အစည်းတွေကို ဂုဏ်ပြုချီးကျူးရမှာဖြစ်ပါတယ်။
ယနေ့ မြန်မာလူငယ်ထုအတွင်း အများဆုံးသုံးစွဲ နေတဲ့  မူးယစ်ဆေးဝါးက ATS (Amphetamine Type Stimulant ) လို့ခေါ်တဲ့ စိတ်ကြွရူးသွပ်ဆေးဝါး ဖြစ်ပါတယ်။   အခု  နောက်ဆုံးပေါ်  ရေပန်းစား အသုံးများနေတဲ့  မူးယစ်ဆေးဝါးကတော့  စိတ်ကြွ ရုံတင်မကဘဲ လူတစ်ကိုယ်လုံးပါကြွပြီး ခုန်ပေါက် ပြေးလွှားပျော်ပါးစေတတ်တဲ့      မူးယစ်ဆေးဝါး (Happy Water) ပဲ ဖြစ်ပါတယ်။ 
Happy Water ကို ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံမှာ လူငယ်များသာမက   အသက်    ၄ဝ   ဝန်းကျင် လူလတ်ပိုင်းတွေပါ  သုံးစွဲနေကြပါတယ်။  Happy Water ကို ရေနဲ့ပဲသောက်သောက်၊ ကြိုက်နှစ်သက်ရာ အချိုရည်တစ်မျိုးမျိုးနဲ့ပဲ သောက်သောက်၊ ကော်ဖီနဲ့ ပဲ သောက်သောက် အလွယ်တကူ ဖျော်သောက်လို့ ရပါတယ်။ Happy Water မှာ Caffeine ၊ Ecstasy ၊ Diazepam ၊ Ketamine ၊ Methamphetamine နဲ့ Tramadol တို့ ခြောက်မျိုး ပေါင်းစပ်ပါဝင်ပါတယ်။ Happy Water ကို တစ်ခါလောက် စမ်းသောက်မိရင်ပဲ ထပ်ကာထပ်ကာ သောက်ချင်အောင်  စွဲလမ်းလာပြီး ငွေတွေကုန်မှန်းမသိ    ကုန်ရာက   တဖြည်းဖြည်းနဲ့ စီးပွားပျက်၊ ဥစ္စာပျက်၊ မိတ်ပျက်၊ ဆွေပျက်၊ ဘဝပါ ပျက်ပြီး အသက်ဆုံးရှုံး နိဂုံးချုပ်တတ်ပါတယ်။
ဒါကြောင့်   ယနေ့လူငယ်  နောင်ဝယ်လူကြီး ဆိုတဲ့အတိုင်း တိုင်းပြည်နဲ့ လူမျိုးအတွက် အားထား ရတဲ့   အနာဂတ်ရဲ့ပဲ့ကိုင်ရှင်   လူငယ်လေးတွေကို မူးယစ်ဆေးဝါးရဲ့   သားကောင်ဘဝ  မကျရောက် ရအောင် မိဘအုပ်ထိန်းသူတွေ၊ ဆရာ ဆရာမတွေနဲ့ ရပ်မိရပ်ဖတွေပါမကျန်    အားလုံးက   ဝိုင်းဝန်း ထိန်းကျောင်း    ကာကွယ်စောင့်ရှောက်ပေးကြဖို့ အလေးအနက်       တိုက်တွန်းမေတ္တာရပ်ခံလိုက်ရ ပါတယ်။      ။
ကိုးကား
-    မူးယစ်ဗဟို (CCDAC) ဥက္ကဋ္ဌ၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး  စိုးထွဋ်က   ၂၆ - ၆ - ၂ဝ၂၂ ရက်နေ့တွင် ပေးပို့သော သဝဏ်လွှာ၊ 
-    UNODC မှ ထုတ်ပြန်သော ၂၀၂၂ Annual Report ၊