ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်  (၁၂)ကြိမ်မြောက် အာဆီယံ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ  ဝန်ကြီးအဆင့်အစည်းအဝေးတက်ရောက်ရန် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘန်ဒါဆရီဘီဂါဝန်မြို့သို့ရောက်ရှိ

 

နေပြည်တော် ဇွန် ၂၁


သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်သည်  (၁၂) ကြိမ် မြောက် အာဆီယံ သိပ္ပံ၊ နည်းပညာ နှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေး သို့  တက်ရောက်ရန်  ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ ဘန်ဒါဆရီ ဘီဂါဝန်မြို့သို့ ဇွန် ၂၁ ရက်တွင် ရောက်ရှိသည်။


နံနက်ပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့အား  ဘရူနိုင်း နည်းပညာတက္ကသိုလ် (Universiti Technologi Brunei – UTB)  ၌ ယင်းတက္ကသိုလ်၏ Vice-chair Dr. Hajah Ena  က  တက္ကသိုလ် ဆိုင်ရာ အချက်အလက်များ၊ သင်ကြားသင်ယူမှု စနစ်များနှင့် သုတေသနလုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားပြီး တက္ကသိုလ် ပတ်ဝန်းကျင်၊ စာသင်ခန်း၊ စာကြည့်တိုက်၊ ဓာတ်ခွဲခန်းများ၊ အလုပ်ရုံများနှင့် သုတေသန ခန်းများကို လိုက်လံရှင်းလင်း ပြသသည်။


ယင်းနောက် ဘရူနိုင်း နည်းပညာတက္ကသိုလ်နှင့် မြန်မာ နိုင်ငံမှ နည်းပညာတက္ကသိုလ် များ သင်ကြားသင်ယူမှုနှင့် သုတေ သန ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကို ညှိနှိုင်း ဆွေးနွေးကြသည်။


ညနေပိုင်းတွင် (၁၂) ကြိမ် မြောက် အာဆီယံသိပ္ပံ၊ နည်းပညာ နှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ အလှည့်ကျ ဥက္ကဋ္ဌဖြစ်သူ ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ  ပို့ဆောင်ရေး နှင့် သတင်းအချက်အလက် ဆက်သွယ်ရေးဝန်ကြီး  H.E. Pengiran Dato Seri Setia Shamhary Mustapha က တည်ခင်းဧည့်ခံသော  ဂုဏ်ပြုညစာ စားပွဲသို့ အာဆီယံသိပ္ပံ၊ နည်းပညာ နှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ဝန်ကြီးများနှင့်အတူ တက်ရောက် ခဲ့ပြီး လက်ဆောင်ပစ္စည်းများ ဖလှယ်ပေးအပ်ကြသည်။


ပြည်ထောင်စုဝန်ကြီး၏ ခရီး စဉ်တွင် လိုက်ပါလာသော သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်နှင့်အဖွဲ့သည် (၈၃) ကြိမ် မြောက် အာဆီယံ သိပ္ပံ၊ နည်းပညာ နှင့် တီထွင်ဆန်းသစ်မှု ကော်မတီ အစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများသို့ တက်ရောက်ခဲ့ကြ ပြီး အာဆီယံဒေသတွင်း  သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှု ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ သုတသန များ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ များအား ညှိနှိုင်းဆွေးနွေးကာ (၁၂) ကြိမ်မြောက် အာဆီယံသိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှု ဆိုင်ရာ ဝန်ကြီးအဆင့်  အစည်း အဝေးသို့ ဆက်လက်တင်ပြ အတည်ပြုနိုင်ရေး ဆောင်ရွက် ခဲ့ကြကြောင်း သိရှိရသည်။    
            
  သတင်းစဉ်