ယူအီးအက်ဖ်အေ နေးရှင်းလိဂ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲ ခရိုအေးရှားနှင့် စပိန်အသင်းတို့ ယှဉ်ပြိုင်ကစားမည်

 

ဇွန် ၁၈  ရက်နှင့်   ၁၉ ရက်တွင် ယူအီးအက်ဖ်အေ   နေးရှင်းလိဂ် ပြိုင်ပွဲ တတိယနေရာလုပွဲနှင့် ဗိုလ် လုပွဲကို ယှဉ်ပြိုင်ကစားသွားမည်   ဖြစ်သည်။  တတိယနေရာလုပွဲကို အိမ်ရှင်နယ်သာလန်နှင့် အီတလီ အသင်းတို့  ဇွန် ၁၈ ရက် ည ၇ နာရီခွဲ တွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ် သည်။


ခရိုအေးရှားနှင့် စပိန်အသင်းတို့၏ နေးရှင်းလိဂ်ပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲကို ဇွန် ၁၉ ရက် နံနက် ၁ နာရီ ၁၅ မိနစ်တွင် နယ်သာလန်နိုင်ငံ ဖီယင်နုအားကစားကွင်း၌ အကြိတ်အနယ် ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။ 
အကြိတ်အနယ်ကစား
ကမ္ဘာ့အဆင့် (၇) ရှိ ခရိုအေးရှားအသင်းသည် အဆိုပါပြိုင်ပွဲ ဆီမီး ဖိုင်နယ်တွင် အိမ်ရှင်  နယ်သာလန်အသင်းနှင့် တွေ့ဆုံခဲ့ပြီး အကြိတ် အနယ်ကစားခဲ့ရကာ အချိန်ပိုသွင်းဂိုးများကြောင့် လေးဂိုး - နှစ်ဂိုးဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်လှမ်းလာခြင်းဖြစ်သည်။ 

 


ဗိုလ်လုပွဲသို့တက်လှမ်း
ပြိုင်ဘက် စပိန်အသင်းက  ယင်းအဆင့်တွင် နာမည်ကြီး အီတလီ အသင်းနှင့်  တွေ့ဆုံခဲ့ပြီး ဂျိုဆီလူ၏ နောက်ကျသွင်းဂိုးကြောင့် နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ ထိုက်ထိုက်တန်တန်  တက်လှမ်း လာခြင်းဖြစ်သည်။
နောက်တစ်ဆင့်သို့ တက်လှမ်း
ခရိုအေးရှားနှင့် စပိန်အသင်းတို့ ၂၀၂၁ ခုနှစ်က ယူရိုပြိုင်ပွဲ ၁၆ သင်း   အဆင့်တွင်    တွေ့ဆုံထားပြီး   စပိန်အသင်းက   ငါးဂိုး-သုံးဂိုးဖြင့် အနိုင်ရရှိကာ နောက်တစ်ဆင့်သို့ တက်လှမ်းထားနိုင်ခဲ့သည်။ 
ခရိုအေးရှားအသင်းရော စပိန်အသင်းပါ တိုက်စစ်ထက်မြက်မှုရှိပြီး ခံစစ်ကျစ်လျစ်မှုရှိခြင်းကြောင့် ယခင်တွေ့ဆုံမှုတွေထက်  ပြိုင်ဆိုင်မှု ပိုမိုသော ပြင်းထန်လာဖွယ်ရှိသည်။  
ထို့ကြောင့် ခရိုအေးရှားအသင်းအနေဖြင့် ယခုအကြိမ် ဗိုလ်လုပွဲတွင် အဆိုပါ ရှုံးနိမ့်မှုကို  ချေဖျက်ကာ နေးရှင်းလိဂ်ဖလား ဆွတ်ခူးသွား နိုင်မလား စောင့်ကြည့်ရမည်ဖြစ်သည်။                  
       

အောင်ဇော်