အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲနှင့် အရှေ့တောင်အာရှ(ဖိတ်ခေါ်)ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတို့တွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်မှဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ဂုဏ်ပြုဆုငွေများချီးမြှင့်

 

နေပြည်တော်    ဇွန်     ၁၇


ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပသည့် (၁၂)ကြိမ် မြောက် အာဆီယံမသန်စွမ်းသူများ   အားကစားပြိုင်ပွဲ နှင့် အင်ဒိုနီးရှားနိုင်ငံ၌ကျင်းပသည့် (၁၇)ကြိမ်မြောက် အရှေ့တောင်အာရှ(ဖိတ်ခေါ်) ကာယဗလနှင့် ကာယ ကြံ့ခိုင်မှုအားကစားပြိုင်ပွဲတို့တွင်    ဆုတံဆိပ်ရရှိခဲ့ သည့်   မြန်မာအားကစားအဖွဲ့များအား  နိုင်ငံတော်မှ ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ပိုင်းတွင်  နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B) ၌ကျင်းပရာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြား ပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

 


အခမ်းအနားသို့    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး    ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊  ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး      မောင်မောင် အေး၊     ကာကွယ်ရေးဦးစီးချုပ်ရုံးမှ     တပ်မတော်  အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊   ဒုတိယဝန်ကြီးများ၊         မြန်မာနိုင်ငံ  အားကစားအဖွဲ့ချုပ်များမှ    ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ ဖိတ်ကြား ထားသူများ၊ နိုင်ငံ့ဂုဏ်ဆောင်အားကစား သမားများ၊ အုပ်ချုပ်သူများ၊  နည်းပြများ နှင့်   တာဝန်ရှိသူများ   တက်ရောက်ကြ သည်။

 


နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးခြင်းဖြစ်


ဦးစွာ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့် အမှာစကားပြောကြားရာတွင် အားကစား လှုပ်ရှားမှုသည် တစ်မျိုးသားလုံးကျန်းမာ ကြံ့ခိုင်ရေးကို ရှေးရှုသည်ဆိုသော်လည်း ယခုကဲ့သို့ နိုင်ငံတကာအားကစားပြိုင်ပွဲ များ၌ အောင်မြင်မှုသည် နိုင်ငံနှင့်လူမျိုး၏ ဂုဏ်သိက္ခာကို နိုင်ငံတကာအလယ်တွင် ထည်ဝါခန့်ညားစေပြီး     နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးခြင်းပင်     ဖြစ်ပါကြောင်း၊ အားကစားသည်    ပြောင်းလဲလာသည့် အခြေအနေအရပ်ရပ်အပေါ်တွင် အရှိန် အဝါနှင့် အနေအထားအရပါ မြင့်မားလာ သည့်အတွက်    ကျန်းမာရေးသက်သက်၊ အားကစားသက်သက်   အဆင့်သာမက နိုင်ငံနှင့်လူမျိုး၏    ဂုဏ်သိက္ခာအဆင့် အတန်းကို မြှင့်တင်ပေးသည့် အမျိုးသား ရေးတာဝန်တစ်ရပ်အဖြစ် ပြောင်းလဲလာခဲ့ ပြီဟုလည်း ပြောကြားလိုပါကြောင်း။

 


ယနေ့ကမ္ဘာကြီးတွင် သဘာဝဘေးအန္တရာယ်အမျိုးမျိုးကြောင့် ထိခိုက်ဒဏ်ရာ ရသူများ၊   လူ့အဖွဲ့အစည်းများအကြား ဖြစ်ပွားနေသည့်ပဋိပက္ခများ၊ တိုက်ခိုက်မှု များနှင့် ဖောက်ခွဲဖျက်ဆီးမှုများ၊ အကြမ်း ဖက်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသူ များ များစွာရှိနေသည့်အပြင် မွေးဖွားလာ ကတည်းက  ဆွံ့အ၊ နားမကြား၊  ခြေလက် အင်္ဂါမပြည့်စုံခြင်းနှင့်   ဉာဏ်ရည်မပြည့် မီသူများလည်း      ရှိနေကြပါကြောင်း၊ ထို့ကြောင့် ယနေ့ကမ္ဘာပေါ်တွင် မသန်စွမ်း ဖြစ်ပွားသူအရေအတွက်သည်    ကမ္ဘာ့ လူဦးရေ၏ ၁၆ ရာခိုင်နှုန်း၊ သန်းပေါင်း ၁၃၀၀   ခန့်ရှိသည်ဟု   ၂၀၂၂   ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့    (WHO)   က ထုတ်ပြန်ထားသည်ကို တွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံအတွင်း၌     ၂ဝ၁၉   ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းအရ နိုင်ငံ့လူဦးရေ၏ ၁၂ ဒသမ ၈ ရာခိုင်နှုန်း၊ လူဦးရေ ၅ ဒသမ ၉၆၈ သန်းကျော်သည် မသန်စွမ်းသူများ ဖြစ်ကြသည်ဟုလည်း သိရပါကြောင်း။

 


လိုအပ်ချက်များကိုဖြည့်ဆည်း


မသန်စွမ်းသူများသည်လည်း လူသား များပင်ဖြစ်သဖြင့်     မသန်စွမ်းသူများ ၏    ပညာရေး၊       ကျန်းမာကြံ့ခိုင်ရေးနှင့် စိတ်ဓာတ်ခိုင်မာမြင့်မားရေးတို့ကို အလေး ထားလုပ်ဆောင်ပေးကြရန်လည်း လိုအပ် လာပါကြောင်း၊ မိမိတို့နိုင်ငံတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၏ ပုဒ်မ (၃၂)၊ ပုဒ်မခွဲ (က) အရ   နိုင်ငံတော်အနေဖြင့် မသန်စွမ်းသူများအား        ကြည့်ရှု စောင့်ရှောက်ရမည်ဟု ပြဋ္ဌာန်းထားသည့် အတွက် မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေကို ၂၀၁၅ ခုနှစ်တွင်   ပြဋ္ဌာန်းခဲ့ကာ မသန်စွမ်းသူများ၏ ပညာရေး၊ ကျန်းမာ ရေး၊ ပြုစုပျိုးထောင်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းရရှိရေးစသည့် လိုအပ်ချက် များကို အလေးထားဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း။

 


ယနေ့ခေတ်တွင် မသန်စွမ်းသူများ၏ အရေးသည် ကုလသမဂ္ဂအပါအဝင်  နိုင်ငံ တကာက  အထူးအာရုံစိုက်   အလေးထား လာသည့် အရေးကိစ္စတစ်ရပ် ဖြစ်လာခဲ့ပါ ကြောင်း၊ ထို့ကြောင့်လည်း အာဆီယံဒေသ တွင်းရှိ  မသန်စွမ်းသူများ   အားကစား အဆင့်အတန်း  မြင့်မားတိုးတက်စေရေး နှင့် ချစ်ကြည်ရင်းနှီးမှု   မြှင့်တင်နိုင်ရေး အတွက် ၂၀၀၁  ခုနှစ်တွင်   စတင်ဖွဲ့စည်း ခဲ့သည့်     အာဆီယံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ် ASEAN Para Sports Federation (APSF)ကို အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်သည့်   မြန်မာနိုင်ငံ   အနေဖြင့် လည်း   အဖွဲ့ဝင်နိုင်ငံအဖြစ်   ပါဝင်ခဲ့ပြီး မသန်စွမ်းသူများအားကစား ပြိုင်ပွဲတိုင်း ကို ပါဝင်ယှဉ်ပြိုင်ခဲ့ပါကြောင်း။

 


မြန်မာနိုင်ငံအနေဖြင့် ပါဝင်ယှဉ်ပြိုင် သည့်ပြိုင်ပွဲများတွင်   အားကစားသမား ဦးရေ အနည်းငယ်သာ   ဖြစ်သော်လည်း ပြိုင်ပွဲဝင်အားကစား     အမျိုးအစားတိုင်း တွင်  ဆုတံဆိပ်များစွာ   ဆွတ်ခူးပေးနိုင် ခဲ့ကြသည်ကို တွေ့ရှိခဲ့ရပါကြောင်း၊ ပြီးခဲ့ သည့် ၂၀၂၂ ခုနှစ်၊ အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပသည့် (၁၁)ကြိမ်မြောက်ပြိုင်ပွဲတွင် အားကစားသမား ၆၉  ဦးဖြင့် ရွှေတံဆိပ် ၁၄ ခု အပါအဝင် စုစုပေါင်းဆုတံဆိပ် ၄၃ ခုနှင့် နိုင်ငံအလိုက် ရပ်တည်မှုအဆင့် ၆ ရရှိခဲ့သည်ကိုတွေ့ရပြီး   ယခု (၁၂) ကြိမ် မြောက်ပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း (၈)နည်း၊ အားကစား သမား ၈၂ ဦးနှင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ ရာ ရွှေတံဆိပ် ၁၅ ခု၊ ငွေတံဆိပ် ၂၂ ခု၊ ကြေး တံဆိပ်၁၉ ခု၊ စုစုပေါင်း ဆုတံဆိပ် ၅၆ ခု ရရှိပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် အဆင့် ၆ ရရှိခဲ့ပါကြောင်း။     

 


အဆိုပါ     ပြိုင်ပွဲမှတ်တမ်းများအရ မြန်မာနိုင်ငံမှ     မသန်စွမ်းသူအားကစား သမားများသည်      မသန်သော်လည်း စွမ်းဆောင်ရည်ရှိသူများဖြစ်ပြီး နိုင်ငံ့ဂုဏ် ကို မြှင့်တင်နိုင်ခဲ့ကြသူများ ဖြစ်သည်ဟု မှတ်တမ်းတင်   ဂုဏ်ပြုပြောကြားလိုပါ ကြောင်း။

 


အကောင်းဆုံးကြိုးစားယှဉ်ပြိုင်ခဲ့


ယခုပြိုင်ပွဲတွင်   ဝင်ရောက်ယှဉ်ပြိုင် ခဲ့သည့် အားကစားနည်း(၈)နည်းထဲတွင် ပြေးခုန်ပစ်၊ ရေကူးအားကစားနည်းတို့မှ ရွှေတံဆိပ် ၁၅ ခု၊  ပြေးခုန်ပစ်၊  ရေကူး၊ အလေးမအားကစားနည်းတို့မှ ငွေတံဆိပ် ၂၂ ခု၊  ပြေးခုန်ပစ်၊  ရေကူး၊  အလေးမ၊ စစ်တုရင်ပြိုင်ပွဲနှင့် ဂိုးလ်ဘောအားကစား နည်းများမှ ကြေးတံဆိပ်  ၁၉ ခု  ရရှိခဲ့ပါ ကြောင်း၊ ငွေတံဆိပ်ရရှိခဲ့သည့် အားကစား နည်းများသည်လည်း    ပြိုင်ပွဲများတွင် ဗိုလ်လုပွဲသို့  တက်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်မရရှိခဲ့ကြသော်လည်း   နိုင်ငံ အတွက် အကောင်းဆုံးကြိုးစားယှဉ်ပြိုင် ခဲ့ကြသည်ကို   တွေ့ရှိခဲ့ရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူသည်ကို ပြောကြား လိုပါကြောင်း။

 


အလားတူ ၂၀၂၃ ခုနှစ်၊ ဇွန် ၈ ရက်မှ ၁၂ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ ဘန်တန် ကျွန်းတွင် ကျင်းပပြုလုပ်ခဲ့သည့် (၁၇) ကြိမ် မြောက် (ဖိတ်ခေါ်)  အရှေ့တောင်အာရှ ကာယဗလနှင့်  ကာယကြံ့ခိုင်မှုပြိုင်ပွဲကို မြန်မာနိုင်ငံအပါအဝင် ဘရူနိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊  ထိုင်း၊  အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့်မလေးရှား စုစုပေါင်း ၈ နိုင်ငံ တို့မှ အားကစားသမား  ၈၀  ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး  မြန်မာနိုင်ငံအနေဖြင့် ရွှေ တံဆိပ် ၁ ခု၊ ငွေတံဆိပ် ၃ ခု၊ ကြေးတံဆိပ် ၃ ခု၊ စုစုပေါင်းဆုတံဆိပ် ၇ ခု ရယူပေးနိုင်ခဲ့ သည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများကို   ဂုဏ်ပြုဆုငွေများ   ထည့်သွင်း ချီးမြှင့်ပေးသွားမည်    ဖြစ်ပါကြောင်း၊ ကာယဗလနှင့် ကာယကြံ့ခိုင်မှုသည်လည်း လူတစ်ဦးချင်းစီအတွက် အရေးကြီးသည့် အချက်ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် (၃၂)ကြိမ် မြောက်   အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင် ကာယဗလနှင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲထည့်သွင်းကျင်းပမှု     မရှိခဲ့ခြင်း ကြောင့် အဖွဲ့ချုပ်က ဖိတ်ခေါ်ပြိုင်ပွဲအနေ ဖြင့် အားဖြည့်ဆောင်ရွက်သည့် ပြိုင်ပွဲဟု သိရပါကြောင်း။

 


ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်


ဆုတံဆိပ်များ      ဆွတ်ခူးရရှိပြီး နိုင်ငံတကာအလယ်တွင်     အမိမြန်မာ နိုင်ငံတော်အလံကိုလွှင့်တင်ကာ နိုင်ငံတော် သီချင်းသံ   လွင့်ပျံ့အောင်   စွမ်းဆောင် ကြိုးပမ်းခဲ့ကြသူများ ဖြစ်ကြသည့်အပြင် နိုင်ငံအလိုက်   ထိုက်သင့်သည့်အဆင့် တစ်ခုကို ရယူပေးနိုင်ခဲ့သည့် မသန်စွမ်း အားကစားသမားများနှင့်   (၁၇)ကြိမ် မြောက်  အရှေ့တောင်အာရှ   (ဖိတ်ခေါ်) ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစား ပြိုင်ပွဲတွင်   ဆုတံဆိပ်    ရရှိခဲ့သည့် အားကစားသမားများ၏ ကြိုးပမ်းမှု၊ ဇွဲ၊ စိတ်ဓာတ်တို့ကို မှတ်တမ်းတင်ပြီး ယခု ကဲ့သို့ ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့် ရခြင်း ဖြစ်ပါကြောင်း။
ယခုကဲ့သို့ နိုင်ငံတော်နှင့်   ပြည်သူ လူထုအပါအဝင် ပြိုင်ပွဲအောင်မြင်စေရေး အတွက် ပံ့ပိုးကူညီပေးကြသည့် လုပ်ငန်းရှင် များ၊ အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများကလည်း    ဆက်လက် အားပေး ချီးမြှောက်ပေးကြရန်      မှာကြားလိုပါ ကြောင်း၊   ဆုတံဆိပ်များ    ရရှိအောင် ကြိုးစားယှဉ်ပြိုင်ခဲ့ကြသည့်     နိုင်ငံ့ဂုဏ် ဆောင် အားကစားသမားများကလည်း မိမိတို့၏ ဇွဲ၊  လုံ့လ၊  ဝီရိယ၊  ကြိုးပမ်း အားထုတ်လေ့ကျင့်မှု၊ စည်းကမ်းလိုက်နာ မှု၊ အနိုင်မခံအရှုံးမပေးသည့် စိတ်ဓာတ် များနှင့်  ပေါင်းစပ်ပြီး    နောင်လာမည့် နိုင်ငံတကာပြိုင်ပွဲများတွင်   ယခုထက် ပိုမိုအောင်နိုင်ရေးအတွက်    ဆက်လက် ကြိုးပမ်းသွားကြရန်     အလေးအနက် တိုက်တွန်းမှာကြားလိုပါကြောင်း။
မြန်မာနိုင်ငံ      မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များ ကလည်း “မသန်လည်းလူ သန်လည်း လူ စွမ်းဆောင်မှုသာ အဓိက”  ဆိုသည့် အဖွဲ့ချုပ်၏ ဆောင်ပုဒ်နှင့်အညီ မိမိတို့၏ အားကစားသမားများကို မြန်မာလူမျိုးတို့ ၏အနိုင်မခံအရှုံးမပေးသည့် စိတ်ဓာတ်၊ တုံးတိုက်တိုက် ကျားကိုက်ကိုက် စိတ်ဓာတ်၊ လှေခွက်ချည်းကျန် အလံမလှဲစိတ်ဓာတ်၊ နိုင်ငံနှင့် လူမျိုးကိုချစ်သည့် အမျိုးသားရေး စိတ်ဓာတ်တို့ကိုမွေးမြူပြီး   ဆက်လက် လေ့ကျင့်သွားစေရေး    တွန်းအားပေး ကြပ်မတ်ဆောင်ရွက်သွားကြရန်၊   ပြိုင်ပွဲ များတွင်    ဝင်ရောက်ယှဉ်ပြိုင်ကြသည့် အားကစားသမား   မောင်မယ်များအနေ ဖြင့်လည်း လာမည့်အားကစားပြိုင်ပွဲများ ၌လည်း  ယခုထက်ပိုမိုအောင်မြင်မှု    ရရှိ ရေးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ မလျှော့ သောဇွဲ၊ လုံ့လ၊ ဝီရိယ၊ အားမာန်၊ စိတ်ဓာတ်၊ စည်းကမ်းတို့ဖြင့်       ရေကုန်ရေခန်း ဆက်လက်   အားထုတ်ကြိုးပမ်းကြပြီး နိုင်ငံ့ဂုဏ်ကိုမြှင့်တင်နိုင်ရေး  လေ့ကျင့် ယှဉ်ပြိုင်သွားကြရန် အလေးအနက်ထား တိုက်တွန်းမှာကြား       လိုပါကြောင်း ပြောကြားသည်။    

 


ယင်းနောက် အားကစားနှင့်  လူငယ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက     (၁၂) ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ   အားကစား ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့မှုအခြေအနေ များကို ရှင်းလင်းတင်ပြသည်။ 

 


ဂုဏ်ပြုဆုငွေများ
ပေးအပ်ချီးမြှင့်


ထို့နောက် (၁၂)ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ  အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သည့်   နိုင်ငံ့ဂုဏ်ဆောင် ဆုရအားကစားသမားများ၊ နည်းပြများ နှင့် အုပ်ချုပ်သူများကို  ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ရေကူးအားကစားနည်းတွင် ရွှေတံဆိပ် ၂ ခုနှင့် ငွေတံဆိပ်  ၂  ခု  ရရှိခဲ့သည့် မောင်အောင်မြင့်မြတ်၊     ပြေးခုန်ပစ် အားကစားနည်း မီတာ ၈၀၀ ပြိုင်ပွဲတွင် ရွှေတံဆိပ် ၁ ခု၊ မီတာ ၁၅၀၀ ပြိုင်ပွဲတွင် ရွှေတံဆိပ် ၁ ခုနှင့် မီတာ ၄၀၀ ပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ခုရရှိခဲ့သည့် ဒုတိယတပ်ကြပ် မောင်လင်း၊ သံလုံးပစ်ပြိုင်ပွဲနှင့် လှံတံပစ် ပြိုင်ပွဲတို့တွင် ရွှေတံဆိပ် ၂ ခုနှင့် သံပြားပစ် ပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ခု  ရရှိခဲ့သည့် တပ်ကြပ်ကြီး တင်ညို၊ သံလုံးပစ်ပြိုင်ပွဲနှင့် သံပြားပစ်ပြိုင်ပွဲတို့တွင် ရွှေတံဆိပ် ၂ ခုနှင့် လှံတံပစ်ပြိုင်ပွဲတွင် ကြေးတံဆိပ် ၁ ခု ရရှိ ခဲ့သည့် မထက်ထက်အေး၊ သံလုံးပစ်ပြိုင်ပွဲ နှင့် လှံတံပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ် ၂ ခု ရရှိ ခဲ့သည့် မစိန်ဖော့၊ ပြေးခုန်ပစ် အားကစား နည်း  မီတာ  ၁၀၀   အပြေးပြိုင်ပွဲတွင် ရွှေတံဆိပ် ၁ ခု၊ မီတာ ၂၀၀ ပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ခု၊  မီတာ  ၄၀၀  ပြိုင်ပွဲတွင် ကြေးတံဆိပ် ၁ ခုနှင့် မီတာ ၄၀၀ လက်ဆင့် ကမ်းပြိုင်ပွဲတွင် ကြေးတံဆိပ် ၁ ခုရရှိခဲ့ သည့် တပ်ကြပ်စိုးပေ၊ ရေကူးအားကစား နည်း မီတာ ၅၀ ရင်ပေါင်တန်းကူးပြိုင်ပွဲ တွင် ရွှေတံဆိပ် ၁ ခု၊ မီတာ ၁၀၀ ပက်လက် ကူးပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ခုရရှိခဲ့သည့် မောင်မင်းထူး၊ သံလုံးပစ်ပြိုင်ပွဲတွင် ရွှေ တံဆိပ် ၁ ခု၊ သံပြားပစ်ပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ခုရရှိခဲ့သည့် မောင်အောင်ဘုန်းမြတ်၊ သံပြားပစ်ပြိုင်ပွဲတွင်   ရွှေတံဆိပ်  ၁ ခု၊ သံလုံးပစ်ပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ခုရရှိခဲ့ သည့် ဒုတိယတပ်ကြပ် အောင်ထွန်းလင်း၊ သံပြားပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ် ၁ ခုရရှိခဲ့ သည့် ဒုတိယတပ်ကြပ်  ရဲမင်းစိုး၊ (၁၇)ကြိမ် မြောက်   အရှေ့တောင်အာရှ(ဖိတ်ခေါ်) ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစား ပြိုင်ပွဲတွင် ရွှေတံဆိပ်  ၁ ခု   ရရှိခဲ့သည့် မောင်ငြိမ်းချမ်းတို့ကို ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်သည်။

 


ယင်းနောက် ကောင်စီတွဲဖက်အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး  ရဲဝင်းဦးက ပြေးခုန်ပစ်အားကစားနည်း အလျားခုန် ပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ခု၊ မီတာ ၄၀၀ ပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ခုနှင့် မီတာ ၂၀၀ ပြိုင်ပွဲတွင်  ငွေတံဆိပ်  ၁ ခု ရရှိခဲ့သည့် မဝေဝေသင်း၊   အလျားခုန်ပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ခု၊ မီတာ ၄၀၀ ပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ခု ရရှိခဲ့သည့် မလော်လာဝင်း၊ သံလုံးပစ်ပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ခု၊ လှံတံ ပစ်ပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ခုရရှိခဲ့သည့် မောင်စည်သူထက်၊ အလေးမအားကစား နည်းတွင်  ငွေတံဆိပ် ၂ ခု  ရရှိခဲ့သည့် မငြိမ်းစန္ဒာအောင်တို့အား  ဂုဏ်ပြုဆုငွေ များ ပေးအပ်ချီးမြှင့်သည်။
ထို့နောက်  ကောင်စီဝင်များဖြစ်ကြ သည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊  ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒေါ်ဒွဲဘူ၊ မန်းငြိမ်း မောင်၊ ဒေါက်တာမှုထန်၊ ညှိနှိုင်းကွပ်ကဲ ရေးမှူး(ကြည်း၊ ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် တပ်မတော်အရာရှိ ကြီးများက ငွေတံဆိပ်၊ ကြေးတံဆိပ်ဆု များရရှိခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင်ဆုရ အားကစားသမားများ၊ အုပ်ချုပ်မှုအဖွဲ့နှင့် နည်းပြများကို ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့်ကြသည်။

 


ယင်းနောက်      နိုင်ငံ့ဂုဏ်ဆောင် ဆုတံဆိပ်ရ     အားကစားသမားများ ကိုယ်စား  ပြေးခုန်ပစ်အားကစားနည်းမှ ရွှေတံဆိပ် ၁ ခု၊ ငွေတံဆိပ် ၁ ခုနှင့် ကြေး တံဆိပ် ၂ ခု ရရှိခဲ့သည့် အားကစားသမား တပ်ကြပ် စိုးပေနှင့်  (၁၇)ကြိမ်မြောက် အရှေ့တောင် အာရှ (ဖိတ်ခေါ်) ကာယဗလ နှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၁ ခု ရရှိခဲ့သည့် မောင်ငြိမ်း ချမ်းတို့က ကျေးဇူးတင်စကားပြောကြား ကြသည်။

 


ရင်းရင်းနှီးနှီးနှုတ်ဆက်


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်     နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများနှင့်      နည်းပြများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ယနေ့  ကျင်းပပြုလုပ်သည့်    နိုင်ငံ့ ဂုဏ်ဆောင်အားကစားသမားများ ဂုဏ်ပြု ဆုချီးမြှင့်ခြင်းအခမ်းအနားတွင် (၁၂)ကြိမ် မြောက်   အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင်  တစ်ဦးချင်းပြိုင်ပွဲ များ၌ ရွှေတံဆိပ်ရရှိခဲ့သူများကို ငွေကျပ် သိန်း ၃၀၀၊ ငွေတံဆိပ်  ရရှိခဲ့သူများကို ငွေကျပ်သိန်း ၂၀၀၊ ကြေးတံဆိပ်ရရှိခဲ့သူ များကို ငွေကျပ်သိန်း ၁၀၀၊ အသင်းလိုက် ပြိုင်ပွဲများ၌   ကြေးတံဆိပ်ရရှိခဲ့ကြသည့် အသင်းသားတစ်ဦးလျှင်   ငွေကျပ် ၃၅ သိန်းနှင့် အားကစားနည်းအလိုက် တာဝန် ယူဆောင်ရွက်ခဲ့ကြသည့် နည်းပြများနှင့် အုပ်ချုပ်သူများအား မိမိတို့အားကစား နည်းမှ ရွှေတံဆိပ်ရရှိခဲ့ပါက တစ်ဦးလျှင် ငွေကျပ် သိန်း ၁၀၀၊ ငွေတံဆိပ်ရရှိခဲ့ပါက ငွေကျပ်သိန်း ၅၀၊ ကြေးတံဆိပ်ရရှိခဲ့ပါက ငွေ ကျပ် သိန်း ၃၀ စီပေးအပ်ချီးမြှင့်ခဲ့ရာ စုစုပေါင်းချီးမြှင့်ငွေအနေဖြင့်   ငွေကျပ် ၁၂၂၉၅ သိန်းဖြစ်ကြောင်းနှင့် (၁၇)ကြိမ် မြောက် အရှေ့တောင်အာရှ(ဖိတ်ခေါ်) ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစား ပြိုင်ပွဲတွင်    ရွှေတံဆိပ်ရရှိခဲ့သူများကို ငွေကျပ်သိန်း ၁၀၀၊ ငွေတံဆိပ် ရရှိခဲ့သူ များကို ငွေကျပ်သိန်း ၇၀၊ ကြေးတံဆိပ် ရရှိခဲ့သူများကို ငွေကျပ်သိန်း ၅၀၊ နည်းပြ များနှင့် အုပ်ချုပ်သူများကို ငွေကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ခြင်းဖြစ်သဖြင့် ယနေ့ကျင်းပ ပြုလုပ်သည့်   ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်း အနားတွင် ဂုဏ်ပြုဆုငွေချီးမြှင့်မှု စုစုပေါင်း မှာ  ငွေကျပ်   ၁၂၈၀၅   သိန်းဖြစ်ကြောင်း သိရသည်။        

                    သတင်းစဉ်