
ဘားအံ ဇွန် ၁၀
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅)နှစ် အောက် အမျိုးသားဖူဆယ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်သည့် အခမ်းအနားကို ဇွန် ၉ ရက် မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့ ပြည်နယ်ဖူဆယ် အားကစားခန်းမ၌ ကျင်းပသည်။
ကြည့်ရှုအားပေး
ရှေးဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် ဘားအံမြို့နယ် ဖူဆယ်အသင်းနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်ဖူဆယ် အသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ အားကစား ဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ ကြပြီး အဆိုပါပွဲစဉ်တွင် ဘားအံ မြို့နယ်အသင်းက လေးဂိုး-ဂိုး မရှိဖြင့် ဗိုလ်စွဲခဲ့သည်။
ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ် အားကစားနှင့် ကာယပညာဦးစီး ဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်က ပြိုင်ပွဲအား ကြီးကြပ်ကူညီပေး သည့် ဒိုင်အဖွဲ့နှင့် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့တို့အား ဂုဏ်ပြု ဆုငွေများ ပေးအပ်ချီးမြှင့်ပြီး ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေး မှူး ဦးကျော်စိုးက တတိယဆုရ မြဝတီမြို့နယ် ဖူဆယ်အသင်းအား တစ်ဦးချင်း လည်ဆွဲဆုများကို လည်းကောင်း၊ ပြည်နယ်တိုင်းရင်း သားရေးရာဝန်ကြီး ဦးစန်းကိုက ဒုတိယဆုရ ကြာအင်းဆိပ်ကြီး မြို့နယ် ဖူဆယ်အသင်းအား တစ်ဦးချင်း လည်ဆွဲဆုများကို လည်းကောင်း၊ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ခင်ဇော်က ဗိုလ်စွဲသွားသော ဘားအံမြို့နယ် ဖူဆယ်အသင်း အား တစ်ဦးချင်းလည်ဆွဲဆုများ ကိုလည်းကောင်း၊ ပြည်နယ်လူမှု ရေးရာဝန်ကြီး ဦးစိုးလွင်က အကောင်းဆုံး ဂိုးသမားဆု၊ သယံဇာတရေးရာ ဝန်ကြီး ဦးဇော်ဝင်း က ပွဲစဉ်တစ်လျှောက် ဂိုးသွင်းအများဆုံးဆု၊ ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးစောခင် မောင်မြင့်က ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမား ဆု ရရှိကြသူများကိုလည်းကောင်း ငွေသားဆုနှင့် ဆုကလပ်များကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင် က တတိယဆုရရှိသော မြဝတီ မြို့နယ် ဖူဆယ်အသင်းအား ငွေသားဆုနှင့် ဆုဖလားတို့ကို လည်းကောင်း ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းက ဒုတိယဆုရရှိ သော ကြာအင်းဆိပ်ကြီးမြို့နယ် ဖူဆယ်အသင်းအား ငွေသားဆုနှင့် ဆုဖလားတို့ကို လည်းကောင်း ပေးအပ်ချီးမြှင့်ကာ ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဗိုလ်စွဲ သွားသော ဘားအံမြို့နယ် ဖူဆယ် အသင်းအား ငွေသားဆု ၁၀ သိန်း နှင့် ပထမဆုဖလားတို့ကို ပေးအပ် ချီးမြှင့်သည်။
မိုးရာသီသစ်ပင်စိုက်
ထို့နောက် မြန်မာနိုင်ငံ သစ်တောများ ပြန်လည်ထူထောင် ရေး (၁၀) နှစ် စီမံကိန်းအရ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာ များ၊ လုပ်ငန်းရှင်များ ပူးပေါင်း ပါဝင်လာပြီး သစ်တောသစ်ပင် များကို ကိုယ်တိုင်ကိုယ်ကျ စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်း စောင့်ရှောက်လာစေရန် ရည်ရွယ် ၍ ဇွန် ၁၀ ရက် နံနက်ပိုင်းက ဘားအံမြို့နယ် မြိုင်ကလေး ကျေးရွာ အမှတ်(၂) ဘိလပ်မြေ စက်ရုံတန်(၄၀၀၀)၌ မိုးရာသီ သစ်ပင်စိုက်ပွဲတော်ကို လူထု လှုပ်ရှားမှုအသွင်ဖြင့် စုပေါင်း စိုက်ပျိုးကြသည်။
ထိုသို့ စုပေါင်းစိုက်ပျိုးမှုအား ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လှည့်လည် ကြည့်ရှုအားပေးပြီး ယခုနှစ် တွင် မိုးရာသီအကြိုသစ်ပင် စိုက်ပွဲနှစ် ကြိမ်ဖြင့် အပင်ပေါင်း ၆၂၈ ပင်၊ မိုးရာသီသစ်ပင်စိုက်ပွဲ အနေဖြင့် ကမမောင်းမြို့နှင့် လှိုင်းဘွဲမြို့တို့ တွင် အပင်ပေါင်း ၆၄၀၊ ယနေ့ စိုက်ပျိုးသော အပင်ပေါင်း ၇၈၁ ပင် စုစုပေါင်း ၂၀၄၉ ပင်ကို စိုက်ပျိုး ပြီးစီးခဲ့ပြီး လမ်းဘေးဝဲယာစိုက်ပျိုး ခြင်း၊ ဌာနဆိုင်ရာစိုက်ပျိုးခြင်း၊ ကျေးရွာ ထင်းစိုက်ခင်းအဖြစ် စိုက်ပျိုးခြင်း၊ တပ်ရင်းတပ်ဖွဲ့နှင့် ပြည်သူလူထုသို့ ဖြန့်ဝေစိုက်ပျိုး ခြင်း နည်းလမ်းများဖြင့် ယခုနှစ် မိုးရာသီတွင် ကရင်ပြည်နယ် အတွင်း အပင်ပေါင်း ၃၇၅၀၀၀ ကျော် စိုက်ပျိုးသွားမည်ဖြစ် ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)