
နေပြည်တော် ဇွန် ၁၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဇွန် ၉ ရက် တွင် ရန်ကုန်မြို့ အင်းစိန်ကြို့ကုန်းရှိ စိုက်ပျိုးရေး ထွက်ကုန်များ စစ်ဆေးရေး ဓာတ်ခွဲခန်းကို ကြည့်ရှု စစ်ဆေးရာ စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေး ဌာနခွဲ တာဝန်ရှိသူများက စိုက်ပျိုးရေးထွက်ကုန်များ ၏ ပိုးသတ်ဆေးဓာတ်ကြွင်းများစစ်ဆေးခြင်း၊ အဆိပ် သတ္တုများစစ်ဆေးခြင်း၊ မှိုအဆိပ်များ စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြ ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက အစားအစာ ဘေးကင်းလုံခြုံရေးသည် ပြည်တွင်းစားသုံးသူများ အတွက် သက်တမ်းစေ့ကျန်းမာပျော်ရွှင်စွာ ရှင်သန် နေထိုင်နိုင်ရေးသာမက ပို့ကုန်များ၏ တန်ဖိုးနှင့် ပြည်ပဈေးကွက်အာမခံချက် ရရှိရေးနှင့်လည်း တိုက်ရိုက် ပတ်သက်နေပါကြောင်း ၊ စားရေရိက္ခာဖူလုံ ပိုလျှံရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုနှင့်အတူ အာဟာရပြည့်ဝပြီး ဘေးကင်းလုံခြုံသည့် စားသောက် ကုန်များထုတ်လုပ်နိုင်ရေးအတွက် စတင်စိုက်ပျိုး သည်မှ ထုတ်လုပ်မှုအဆင့်တိုင်းတွင် သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီဖြစ်စေရေးအတွက် ခေတ်မီနည်း ပညာများ အသုံးပြုဆောင်ရွက်ရမည်ဖြစ်၍ ဓာတ်ခွဲ ခန်းများ အဆင့်မြှင့်တင်ခြင်းနှင့် ကျွမ်းကျင်သူပညာ ရှင်များ တိုးပွားလာရေး ကြိုးပမ်းဆောင်ရွက်ရန် ဆွေးနွေးမှာကြားပြီး ဓာတ်ခွဲခန်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်လမ်းနှင့် မင်းဓမ္မလမ်းထောင့်ရှိ တိရစ္ဆာန်အစာ နှင့် ဆေးဝါးအရည်အသွေး စစ်ဆေးရေးဌာနစုသို့ ရောက်ရှိပြီး တိရစ္ဆာန်အစာအာဟာရတန်ဖိုး၊ အဆိပ် အတောက်ပါဝင်မှု၊ ဓာတ်ကြွင်းပါဝင်မှုစစ်ဆေးခြင်း၊ တိရစ္ဆာန်ဆေးဝါးကုန်ကြမ်း၊ ကုသဆေး၊ ဗီတာမင်နှင့် သတ္တုဓာတ်များ၊ ပိုးသတ်ဆေး၊ မှိုတားဆေးများကို ဓာတ်ခွဲစစ်ဆေးခြင်း၊ ပြည်တွင်း ပြည်ပ တိရစ္ဆာန် ရောဂါကာကွယ်ဆေးများ စစ်ဆေးခြင်း စသည့် လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ရှိသူများက လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြသည်။
တိရစ္ဆာန်အစာနှင့် ဆေးဝါးအရည်အသွေး စစ်ဆေးရေးဌာနစု တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မွေးမြူရေးကဏ္ဍမြင့်တက် စေရေးအတွက် နိုင်ငံတော်က ဘက်စုံကဏ္ဍစုံက ကြိုးပမ်းဆောင်ရွက်ပေးနေမှု၊ ပညာရှင်များအပိုင်းက ခေတ်မီနည်းပညာများ တိုးတက်အသုံးပြုနိုင်ရေး နှင့် သုတေသနဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက် ရန် လိုအပ်ချက်များ၊ ဓာတ်ကြွင်း ပစ္စည်းကင်းစင်သော မွေးမြူရေးထွက်ကုန် စားသောက်ပစ္စည်းများ ထုတ်လုပ်မှုဖွံ့ဖြိုးလာစေရန် မိမိတို့၏ ပညာရပ်နှင့် အတွေ့အကြုံများကိုအခြေခံသော မွေးမြူထုတ်လုပ် မှု လုပ်ငန်းများအတွက် အကျိုးရှိစေမည့်အကြံကောင်း နည်းလမ်းကောင်းများကို ပုဂ္ဂလိကမွေးမြူရေး လုပ်ငန်းရှင်များ၊ မွေးမြူရေးတောင်သူများထံ ဖြန့်ဝေ ပေးနိုင်ရေးကို ဆက်စပ်ဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြား သည်။ သတင်းစဉ်