
မောင်ခင်မင် (ဓနုဖြူ)
“ကျောက်စာတွေကတော့ ခေတ်ပြိုင်မှတ်တမ်း တွေမို့ ရေးထိုးတဲ့ကုသိုလ်ရှင်ရဲ့ ခေတ်အကြောင်း ကို အနည်းနဲ့အများ ဖော်ပြနေတာပေါ့။ ဒါကြောင့် မြန်မာသမိုင်းစာပေကို ခြေရာခံမယ်ဆိုရင် ကျောက်စာတွေက စပြီး ခြေရာခံရတာပေါ့ကွယ်”
“နားလည်ပါပြီ ဆရာ”
“စာပေနဲ့ဆိုင်တဲ့ အချက်တစ်ချက်ကို ပြောရ ရင် ပုဂံမင်းတွေဟာ အင်မတန်ခမ်းနားတင့်တယ်တဲ့ ဘွဲ့တွေကို ခံယူလေ့ရှိကြတယ်။ ဘွဲ့တွေက သက္ကတဘာသာနဲ့ ရှည်ရှည်လျားလျားစီကုံးထား တဲ့ ဘွဲ့တွေပဲကွဲ့”
“ဟုတ်ကဲ့ ဆရာ”
“ဆရာကတော့ သမိုင်းဆရာအမြင်နဲ့ အဲဒီ ဘွဲ့တွေရဲ့ထူးခြားမှုကို ပြောပြတာပါ။ ဘွဲ့တွေရဲ့ အဓိပ္ပာယ်ကိုတော့ မြန်မာစာ ဆရာကြီးကိုပဲ မေးရမှာပဲ၊ ဟုတ်တယ်မဟုတ်လား အောင်အောင်”
“ကျန်စစ်သားမင်းရဲ့ဘွဲ့ကစပြီး နောက်မင်း တွေအထိ ဘွဲ့မည်တွေဟာ ဆင်တူတွေပဲ။ အရင် တစ်ပတ်ကပြောတဲ့ ကျစွာမင်းကြီးရဲ့ ဘွဲ့တော်က ‘ရှရီတြိဘဝနာဒိတျာပဝရ ပဏ္ဍိတာဓမ္မရာဇာ’ တဲ့”
“အရှည်ကြီးပဲနော်”
“ကျန်စစ်သားမင်းရဲ့ဘွဲ့တုန်းကတော့ ‘ပဝရ’ နဲ့ ‘ပဏ္ဍိတ’ မပါဘူး။ မင်းတို့ ရာဇကုမာရ် ကျောက်စာသင်ဖူးသားပဲ”
“ဟုတ်ပါတယ် ဆရာ”
“အဲ... အဓိပ္ပာယ်ဖွင့်ရရင်တော့ ‘ရှရီ’ဆိုတာ ‘သိရီ’ဆိုတဲ့ ပါဠိစကားနဲ့တူတယ်။ ရေးရင် ဂငယ် အလယ်မှာ အစက်ကလေးပါတဲ့ အက္ခရာနဲ့ ရေးတယ်။ ‘သျှ’လို့ အသံထွက်တယ်။ ဒီတော့ ‘သျှီ’ ပေါ့။ ရှရီလို့ အသံထွက်တယ်။ ‘ကျက်သရေ’လို့ အဓိပ္ပာယ်ရတယ်။ ‘တြိ’က ‘န’ပေါ့။ ‘ဘဝန’ဆိုတာ ‘လောက’ ‘အာဒိတျ’ ဆိုတာ ‘နေမင်း’၊ ‘ပဝရ’ ဆိုတာ မြတ်သော၊ ‘ပဏ္ဍိတ’ဆိုတာ ပညာရှိ၊ ‘ဓမ္မ ရာဇာ’ဆိုတာတရားမင်း၊ ဒီတော့ ဘွဲ့ရဲ့အဓိပ္ပာယ် ကို စုပေါင်းလိုက်ရင် ‘ကျက်သရေရှိသော၊ လောက သုံးပါးတွင်နေမင်းကဲ့သို့ ဘုန်းတန်ခိုးထွန်းတောက် သော၊ မြတ်သော၊ ပညာရှိသော၊ တရားနှင့် ညီသောမင်း’ ဆိုတဲ့ အဓိပ္ပာယ်ရတာပေါ့ကွာ”
“အင်မတန်ကောင်းမွန်တဲ့ အဓိပ္ပာယ်ပါပဲ။ ဘုရင်မင်းမြတ်ရဲ့ ဂုဏ်ကို ကြည်ညိုလေးစားစရာ ကောင်းအောင် ဖော်ညွှန်းထားတဲ့ဘွဲ့ပဲနော်”
“ဟုတ်တယ်။ မြန်မာစာပါမောက္ခ ဆရာမကြီး ဒေါ်သန်းဆွေက ‘ပုဂံခေတ်ဘွဲ့မည်များ၊ ပင်းယ ခေတ်ဘွဲ့မည်များ’ ဆိုတဲ့ သုတေသနစာတမ်းတွေ ပြုစုခဲ့တာရှိတယ်။ အသေးစိတ်လေ့လာနိုင်တာပေါ့။ ပင်းယခေတ်ကျတော့လဲ ပင်းယမင်းတွေဟာ အဲဒီလို ခံ့ညားတဲ့ဘွဲ့တွေကို ဆက်လက်ခံယူကြတာပေါ့”
“ဟုတ်ကဲ့ပါ”
“ပင်းယခေတ်က မင်းတွေရဲ့ဘွဲ့တွေမှာ ‘သေတ ကုဉ္ဇရပတိ’ ဆိုတဲ့စကား ပါလာတယ်”
“အဓိပ္ပာယ်ကဘာလဲ အောင်အောင်”
“ ‘သေတ’ ဆိုတာ ‘ဖြူသော’၊ ‘ကုဉ္ဇရ’ ဆိုတာ ‘ဆင်’၊ ‘ပတိ’ ဆိုတာ ‘အရှင်’ တဲ့”
“ဪ... ဆင်ဖြူရှင်လို့ ဆိုလိုတာပေါ့နော်”
“ဟုတ်တယ်။ ဆင်ဖြူရှင်ဆိုတဲ့ အဓိပ္ပာယ်ကို ပါဠိစကားနဲ့ ခံ့ခံ့ညားညား ခေါ်ထားတာလေ။ ပြီးတော့‘တန်ခိုးသတင်း၊ ရဲခြင်းသဒ္ဓာ၊ ပညာကြီး သော’ ဆိုတဲ့ ဝိသေသစကားမျိုးတွေလဲပါသေးတယ်။ ဘုရင်ရဲ့ဂုဏ်ကို စာပေအရာမြောက်အောင် တခမ်း တနားဖွဲ့ထားတာပေါ့ကွယ်”
“မှတ်သားထားပါ့မယ် ဆရာ”
“ဒီတော့ ခေတ်အဆက်ဆက် ပေါ်ပေါက်တဲ့ ကျောက်စာတွေထဲက ‘သမိုင်းစာပေ’ အဖြစ် မှတ်ယူ နိုင်တဲ့ ကျောက်စာတွေကို မင်းတို့နှစ်ယောက် ရှာဖွေ လေ့လာကြပေါ့ကွာ”
“ဟုတ်ကဲ့ပါ ဆရာ”
“ပင်းယခေတ်မှာပေါ်တဲ့ ကာချင်းကဗျာဆိုရင်လဲ ကိုယ့်နိုင်ငံရဲ့အလှ၊ ကိုယ့်နိုင်ငံရဲ့ဂုဏ်ကို ဇာတိမာန် နိုးကြားစရာ ဖွဲ့ထားတဲ့ ဝီရ ရသမြောက်တဲ့ သမိုင်း နောက်ခံ ကဗျာလို့ဆိုရမှာပေါ့”
“ဟုတ်တာပေါ့ အောင်အောင်”
“တစ်ခုသိချင်လို့ပါ ဆရာ။ ရာဇဝင်ကျမ်းတွေကို သမိုင်းစာပေအဖြစ် သတ်မှတ်နိုင်ပါသလား”
“သတ်မှတ်ရမှာပေါ့။ ရာဇဝင်ကျမ်းတွေဟာ အကြောင်းအရာက သမိုင်းဆိုင်ရာအကြောင်းအရာ တွေကို ရေးထားတာလေ။ အရေးအသားကလဲ စာပေအရာမြောက်တဲ့ အရေးအသားတွေပါ”
“အေး...ရာဇဝင်တွေနဲ့အတူ အရေးတော်ပုံကျမ်း တွေ၊ လျှောက်ထုံးကျမ်းတွေ ပြီးတော့ ကဗျာတွေထဲက မော်ကွန်းတွေ၊ ဧချင်းတွေဟာ မြန်မာသမိုင်းစာပေ တွေပဲပေါ့”
“ဟုတ်ကဲ့၊ နားလည်ပါပြီ ဆရာ”
“အေး...အင်းဝခေတ်မှာ ရာဇဝင်ကျမ်း တစ်ကျမ်း ပေါ်ပေါက်တယ်။ ရှင်မဟာသီလဝံသ ရေးသားပြုစုတဲ့ မဟာသမ္မတဝံသ ကျမ်းတဲ့။ ဒီကျမ်းကို‘ရာဇဝင်ကျော်’ လို့ အခေါ်များတယ်။ ခုအထိ တွေ့ရသမျှ အစောဆုံး မြန်မာရာဇဝင်ကျမ်းပဲ”
“ဒါဆိုရင် အဲဒီကျမ်းအရင်က ရာဇဝင်ကျမ်းတွေ ရှိနိုင်တာပေါ့နော် ဆရာ”
“ဒါကြောင့် ခုအထိတွေ့ရသမျှ အစောဆုံးလို့ စကားခံပြောတာလေ။ ဒီကျမ်းကို မဟာဝင်ပိုင်းနဲ့ မြန်မာရာဇဝင်ပိုင်းဆိုပြီး နှစ်ပိုင်းခွဲနိုင်တယ်။ မဟာ ဝင်ပိုင်းကို မဟာသမ္မတမင်းဆက်နဲ့ သိင်္ယိုဠ်ကျွန်းမင်း ဆက်ဆိုပြီး နှစ်ပိုင်းထပ်ခွဲနိုင်တယ်”
“ဟုတ်ကဲ့ပါ”
“မဟာဝင်ပိုင်းမှာ မဟာဝံသအဋ္ဌကထာကို နိဿယပြန်တာရော မြန်မာဘာသာ ပြန်တာရော ပါတယ်။ ကမ္ဘာဦးအစ မဟာသမ္မတမင်းကစပြီး သီရိဓမ္မာသောကမင်းလက်ထက်အထိ တစ်ပိုင်းပေါ့၊ ပြီးတော့ ဝိဇယမင်းကစတဲ့ သီဟိုဠ်ရာဇဝင်က တစ်ပိုင်းပေါ့”
“ဒါဆိုရင် မြန်မာရာဇဝင်သက်သက်မဟုတ်ဘူး ပေါ့နော် ဆရာ”
“အေး... အမှန်ပဲကွဲ့။ မဟာဝင်ပိုင်းက မြန်မာ ရာဇဝင်ပိုင်းထက် ခုနစ်ဆလောက်ကို ရှည်တယ်။ ဒီတော့ ‘မဟာသမ္မတဝံသကျမ်း’ ဆိုတဲ့ နာမည် အတိုင်း၊ မဟာသမ္မတမင်းဆက်ကို ပဓာနထားပြီး ရေးတာလို့ ယူဆရတယ်”
“ဪ... ဟုတ်ကဲ့”
“ မြန်မာမင်းဆက်ကိုတော့ အကျဉ်းပဲဖော်ပြ တယ်။ သရေခေတ္တရာ၊ ပုဂံ၊ ပင်းယ၊ စစ်ကိုင်း မင်းဆက်တွေကို အကျဉ်းချုပ်ပြီး ဖော်ပြတယ်။ အင်းဝမင်းဆက်ကိုတော့ ရှင်မဟာသီလဝံသ လက်ထက်အထိ ရွှေနန်းကြော့ရှင်အထိပေါ့။ ဒါလဲ အကျယ်မဟုတ်ဘူး။ လိုရင်းလောက်ပဲ ဖော်ပြ တယ်”
“ဟုတ်ကဲ့”
“စိတ်ဝင်စားစရာတစ်ခုက ‘ဘုရင်’ကို ‘ဘုရား ရှင်’လို့ သုံးတဲ့အသုံးပဲ။ ဘုရင်ဆိုတဲ့ ဝေါဟာရဟာ ဘုရားရှင်ဆိုတဲ့ ဝေါဟာရကို အတိုချုပ်ပြီးခေါ်ရာက ‘ဘုရင်’ဖြစ်လာတာပေါ့။ ဘုရင်ကို ဘုရားရှင်အဖြစ် အထွတ်အမြတ်ထားပြီး ခေါ်တာပဲလေ”
“ဟုတ်ကဲ့၊ မှတ်သားစရာပါပဲ ဆရာ”
“ဒီတော့ ရာဇဝင်ကျော်ဟာ အင်းဝခေတ်မှာ ပေါ်ပေါက်တဲ့ မြန်မာသမိုင်းစာပေ တစ်ခုပဲပေါ့။ အရေးအသားကလဲ အင်မတန်ကောင်းပါတယ်။ ရှင်းလင်းပြေပြစ်တယ်။ စာပေအရာမြောက်တဲ့ အရေးအသားပေါ့”
“ပညာရှင်တွေကတော့ မြန်မာရာဇဝင်ပိုင်းမှာ အားနည်းတယ်လို့ သုံးသပ်ကြပါတယ်”
“ဟုတ်ကဲ့ပါ”
“ရာဇဝင်ကျော် ပေါ်ပေါက်ပြီးတဲ့နောက် စာပေအရာမြောက်တဲ့ ရာဇဝင်ကျမ်းတစ်စောင် ပေါ်ပေါက်တယ်။ အဲဒီကျမ်းကတော့ တောင်ငူ ရာဇဝင်ပဲ”
“တောင်ငူရာဇဝင်ကို သမီးတို့ကြားတော့ ကြားဖူးပါတယ် ဆရာ။ မလေ့လာဖူးပါဘူး”
“ရှင်ဉာဏသည်းခံကြီးဆိုတဲ့ ရဟန်းတော် တစ်ပါးပြုစုတဲ့ ရာဇဝင်ပါ။ တောင်ငူမင်းတွေရဲ့ လက်ထက်မှာပဲ ပြုစုတာမို့ ခေတ်ပြိုင်ရာဇဝင် ကျမ်းတစ်ကျမ်းပေါ့။ အရေးအသားလဲကောင်း တယ်။ သမိုင်းဘက်ကရော၊ စာပေဘက်ကရော လေ့လာ စရာတွေရှိပါတယ်။ ဆရာသိသလောက် ကိုလိုနီခေတ်မှာ တစ်ကြိမ်ပုံနှိပ်ပြီး တိမ်မြုပ်နေ တာ ကေတုမတီ တောင်ငူ နှစ်ငါးရာပြည့်ပွဲလုပ် တော့မှ တောင်ငူရာဇဝင်အကြောင်း စာတမ်း ဖတ်တာတို့၊ စာအုပ်ပြန်ထုတ်တာတို့ ဖြစ်လာ တယ်။ ဆက်ပြောကြသေးတာပေါ့” ။ ။
- Log in to post comments