စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လယ်ယာကုန်ထုတ်လုပ်မှုတိုးမြှင့်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော်   ဇွန်   ၉
မိမိတို့ဝန်ကြီးဌာနနှင့်  ပတ်သက်သည့်   နိုင်ငံတော် အစိုးရ၏ မူဝါဒများ၊ လမ်းညွှန်ချက်များကို တာဝန်ရှိ သူအားလုံး က မျက်ခြည်မပြတ်  လေ့လာမှတ်သား ပြီး လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့်  စားရေ ရိက္ခာဖူလုံရေးဆိုင်ရာ  လုပ်ငန်းလမ်းညွှန်ချက်များ အဖြစ် ခံယူ၍  ကျရာအခန်းကဏ္ဍများက  ကြိုတင် ပြင်ဆင်ခြင်းနှင့် လုပ်ငန်းအကောင်အထည်ဖော်ခြင်း ကို ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းနောင်က ယနေ့ ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက  ယနေ့ နံနက်ပိုင်းတွင် စိုက်ပျိုးရေး ၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ပြုလုပ် သည့် ဌာနပေါင်းစုံ ပါဝင်သည့် စိုက်ပျိုးရေး ၊ မွေးမြူ ရေးနှင့်     လယ်ယာကုန်ထုတ်လုပ်မှုတိုးမြှင့်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ထိုသို့ ပြောကြားခဲ့ ခြင်းဖြစ်သည်။
ယင်းအစည်းအဝေးသို့ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးနှင့် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ၊ တက္ကသိုလ်များမှ   ဌာနဆိုင်ရာ   အကြီးအကဲများ၊ တိုင်းဒေသကြီး / ပြည်နယ်အဆင့်   တာဝန်ရှိသူများ တက်ရောက်ကြပြီး   ဒုတိယဝန်ကြီး   ဒေါက်တာ တင်ထွဋ်နှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့မှ ကိုယ်စားလှယ်များ၊  လယ်ယာကဏ္ဍဆိုင်ရာ တာဝန် ရှိသူများက  အွန်လိုင်းဖြင့်  ပါဝင်တက်ရောက်ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ခုနှစ်တွင် လယ်ယာကဏ္ဍ၏ ဂျီဒီပီ တိုးတက် မှုနှုန်းကို   ၂ ဒသမ ၄  ရာခိုင်နှုန်းရရှိရေး  လျာထား ဆောင်ရွက်လျက်ရှိရာ လယ်ယာကဏ္ဍမှ  ၂ ဒသမ ၅  ရာခိုင်နှုန်း၊  သားငါးမှ  ၂ ဒသမ ၁  ရာခိုင်နှုန်း တိုးတက်အောင်    ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နှစ်အလိုက်   လျာထားစိုက်ဧကများ   အပြည့်အဝ စိုက်ပျိုးနိုင်ရေးသည် အရေးကြီးသကဲ့သို့  သီးထပ် စွမ်းအားမြင့်မားရေးကို     ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း။
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ       အရင်း မပျောက်  မတည်ငွေဖြင့် နွေစပါးနှင့်  ဆောင်းပဲတီ စိမ်းသီးနှံများကို   အကောင်အထည်ဖော်ခဲ့ရာတွင် တွေ့ကြုံခဲ့ရသည့် အားနည်းချက်၊ လိုအပ်ချက်များကို ပြန်လည်ပြင်ဆင်ပြီး   လာမည့်   မိုးစပါးရာသီတွင် အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း။  
မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အတွက် တိရစ္ဆာန်မျိုးကောင်းမျိုးသန့်များ  ရရှိရေး၊ တိရစ္ဆာန်အစာပင်များ   စိုက်ပျိုး၍   လှန်ကျောင်း လွှတ်ကျွေးသည့်စနစ်မှ   လှောင်မွေးရိတ်ကျွေးစနစ်ကို အားပေးရန်ဖြစ်ကြောင်း၊ အလားတူ လက်ရှိရေထွက် ပစ္စည်းထုတ်လုပ်မှုအား ဖမ်းဆီးထုတ်လုပ်ခြင်းထက် ငါးပုစွန်မွေးမြူထုတ်လုပ်မှု   တိုးမြှင့်ထုတ်လုပ် တင်ပို့ နိုင်ရေး    ပြောင်းလဲကြိုးပမ်း    လုပ်ဆောင်ရမည် ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့်    ဒေါက်တာတင်ထွဋ်တို့က    ဆောင်ရွက်ပြီး လုပ်ငန်းအတွေ့အကြုံများကို  သုံးသပ်ဆွေးနွေးပြီး ဦးစီးဌာနအလိုက်  ဆက်လက်အကောင်အထည်ဖော် မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြား ကြသည်။
ထို့နောက် လယ်ယာကဏ္ဍဆိုင်ရာ တိုင်းဒေသ ကြီး   ပြည်နယ်အဆင့်တာဝန်ရှိသူများက   ဒေသ အလိုက် လုပ်ငန်းဆောင်ရွက်ချက်များ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်     အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းများနှင့် ဘဏ္ဍာနှစ်အလိုက်    တိုးမြှင့်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ သက်ဆိုင်ရာ ဦးစီးဌာနအလိုက်      ညွှန်ကြားရေးမှူးချုပ်များက ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။  သတင်းစဉ်