ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် One Stop Service – OSS လုပ်ငန်းဆောင်ရွက်နေမှု သွားရောက်ကြည့်ရှု

 

ရန်ကုန်   ဇွန်  ၉


ရင်းနှီးမြှုပ်နှံမှုနှင့်    နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော် သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ရန်ကင်းမြို့ နယ်ရှိ  ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနသို့ သွားရောက်၍ ဝန်ထမ်းများနှင့် တွေ့ဆုံ အားပေးကာ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ 

 


ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီး က  ဌာန၏ဝန်ထမ်းများသည်   ရင်းနှီးမြှုပ်နှံမှုမှ တစ်ဆင့် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက်   အရေးပါသည့်   အခန်းကဏ္ဍမှ   တာဝန် ထမ်းဆောင်နေကြခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော် အတွက် အရေးပါသည့်   အခန်းကဏ္ဍမှ   တာဝန် ထမ်းဆောင်နေရသည့်အားလျော်စွာ     ဝန်ထမ်းများ ၏   တစ်ဦးချင်း စွမ်းဆောင်ရည်   ကောင်းမွန်ရန်လည်း   လိုအပ်ပါကြောင်း ပြောကြားသည်။ 

 


ထို့နောက်   ပြည်ထောင်စုဝန်ကြီးသည်   ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရှိ ဌာနခွဲ များ၏ ဝန်ဆောင်မှုပေးနေမှု၊ ရုံးပတ်ဝန်းကျင်စိမ်းလန်း စိုပြည်ရေး ဆောင်ရွက်ထားရှိမှုနှင့် ရုံးစာကြည့်တိုက် အတွင်း စာအုပ်၊ စာစောင်များ စနစ်တကျ ထိန်းသိမ်း ထားရှိမှု အခြေအနေကို လှည့်လည်ကြည့်ရှုသည်။ 

 


မွန်းလွဲပိုင်းတွင်    ပြည်ထောင်စုဝန်ကြီးသည် ရင်းနှီးမြှုပ်နှံမှုနှင့်    နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၏         အသိပညာမျှဝေဆွေးနွေးခြင်း ဆွေးနွေးပွဲအမှတ်စဉ် (၁၆)  သို့  အွန်လိုင်းမှတစ်ဆင့် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပြီး ရင်းနှီး မြှုပ်နှံမှုနှင့်        ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ  ဒုတိယ ညွှန်ကြားရေးမှူး ဦးထွန်းတောက်အောင်၏ “Investor Targeting and Lead Generation” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြမှုကို ဖြည့်စွက်ဆွေးနွေး သည်။

 


ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ တစ်စု တစ်စည်းတည်းအလုံးစုံ   ဝန်ဆောင်မှုပေးသည့်အဖွဲ့ (One Stop Service – OSS) မှ တာဝန်ရှိသူများကို တွေ့ဆုံပြီး လုပ်ငန်းစဉ်များ  ပိုမိုလွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ဌာနအချင်းချင်း ပူးပေါင်း ၍ ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများပေးနိုင်ရေး၊ ဥပဒေလုပ်ထုံးလုပ်နည်းများအတိုင်း      တိကျစွာ ဆောင်ရွက်ခြင်းဖြင့်      ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ  မြန်ဆန်သွက်လက်စွာ ဆောင်ရွက်နိုင်ရေး၊ ရင်းနှီး မြှုပ်နှံမှုနှင့်  စီးပွားရေးအသိုက်အဝန်း၏ ယုံကြည် အားကိုးရသည့် မိတ်ဖက်ဌာနများ ဖြစ်စေရေးတို့ကို ကြိုးပမ်းဆောင်ရွက်သွားရန်  ဆွေးနွေးမှာကြားကာ One Stop Service – OSS ဌာန လုပ်ငန်းဆောင်ရွက် နေမှုကို       လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။                                

သတင်းစဉ်