
ဇွန် ၈ ရက် နံနက် ၁ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီး အက်ဖ်အေ ယူရိုပါကွန်ဖရင့်လိဂ် ပြိုင်ပွဲ ဗိုလ်လုပွဲမှ စီးရီးအေကလပ် ဖီအိုရင်တီးနားနှင့် ပရီမီယာလိဂ် ကလပ် ဝက်စ်ဟမ်းအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ ရာ ဝက်စ်ဟမ်းအသင်းက နှစ်ဂိုး- တစ်ဂိုးဖြင့် အနိုင်ရရှိပြီး နှစ်ပေါင်း ၄၃ နှစ်ကြာ ဆုဖလားဝေးကွာမှု အဆုံးသတ်နိုင်ခဲ့ပြီဖြစ်သည်။
အဆိုပါ ဗိုလ်လုပွဲကို ချက်နိုင်ငံ ပရာဂ် မြို့ရှိ ဖော်ကျူနာ အရီနာအားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး ပွဲကြည့် ပရိသတ် ၁၇၀၀၀ ကျော် လာရောက်ကြည့်ရှု ခဲ့သည်။ ဖီအိုရင်တီးနားအသင်းသည် ဝက်စ်ဟမ်းအသင်းကို ဖိအားပေးထိန်းချုပ် ကစားနိုင်ခဲ့သော်လည်း ရရှိလာသည့် အခွင့်အရေးများကို ဖြုန်းတီးပစ်မှုများ ကြောင့် လိုအပ်သည့် ဂိုးများနှင့် ဝေးကွာ ကာ ဆုဖလားနှင့် လွဲချော်ခဲ့ခြင်းဖြစ်သည်။
ပြိုင်ဘက် ဝက်စ်ဟမ်းအသင်းက အသင်းစွမ်းဆောင်ရည်ပိုင်း လိုအပ်ချက် များ ရှိခဲ့သော်လည်း ရရှိလာသည့် အခွင့် အရေးကောင်းများကို လက်လွှတ်မခံဘဲ အမိအရ အသုံးအချကာ သွင်းဂိုးများ ရယူ နိုင်ခဲ့သည်။ ဦးဆောင်ဂိုးကို ဝက်စ်ဟမ်း အသင်းက ပွဲချိန် ၆၂ မိနစ်တွင် ပယ်နယ် တီမှတစ်ဆင့် သွင်းယူကာ စတင်ရရှိခဲ့ သည်။ ပွဲချိန် ၆၇ မိနစ်တွင် ဖီအိုရင်တီးနား အသင်းအား ချေပဂိုး ပြန်လည်ခွင့်ပြုပေး ခဲ့ရသည်။ ထိုဂိုးကို ဘိုနာဗန်တူရာက သွင်းယူပေးခဲ့သည်။ ဝက်စ်ဟမ်းအသင်း အတွက် အနိုင်သေချာစေမည့် ဒုတိယဂိုး ကို ပွဲချိန်ပြည့်ခါနီးတွင် ဘိုဝင်က သွင်းယူပေးခဲ့သည်။
ကွန်ဖရင့်လိဂ်ဖလား ဆွတ်ခူးနိုင် သည့် ဝက်စ်ဟမ်းအသင်းသည် ပရီမီယာ လိဂ် အမှတ်ပေးဇယား အဆင့် (၁၄) တွင် ရပ်တည်နိုင်ခဲ့သော်လည်း လာမည့်နှစ် ယူရိုပါလိဂ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် ခွင့် ရရှိခဲ့ပြီဖြစ်သည်။
အောင်ဇော်