
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်၌ ဆီထွက် သီးနှံဖြစ်သည့် မိုးမြေပဲကို အဓိကစိုက်ပျိုးလျက်ရှိပြီး ဆောင်းမြေပဲ ကို အနည်းငယ်သာ စိုက်ပျိုးမှုရှိကြောင်း၊ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မိုးမြေပဲကို ၆၁၂၆၈ဧကစိုက်ပျိုးခဲ့ပြီး တစ်ဧက ပျမ်းမျှအထွက်နှုန်း ၄၂ ဒသမ ၂၅ တင်းနှုန်းဖြင့် တင်းပေါင်း၂၅၈၈၅၇၃တင်း ထွက်ရှိ ကြောင်း၊ ဆောင်းမြေပဲစိုက်ပျိုးမှုအနေဖြင့် ၁၉၆ ဧကသာ စိုက်ပျိုး ခဲ့ပြီး တစ်ဧကပျမ်းမျှ အထွက်နှုန်းမှာ ၄၆ တင်းဖြင့် တင်းပေါင်း ၉၀၁၆ တင်း ထွက်ရှိကြောင်း သိရသည်။
အရောင်းအဝယ်ဖြစ်
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် မိုးမြေပဲစိုက်ပျိုးရန်လျာထားမှု အနေဖြင့် ၅၈၂၇၁ ဧကရှိပြီး ၁၄၆၂၁ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း၊ ကျောက်ပန်းတောင်းမြို့မှ ထွက်ရှိသော မြေပဲများကို မြို့ပေါ် ရှိပွဲရုံများနှင့် ဆီစက်များသို့ လာရောက်ရောင်းချလျက်ရှိကြောင်း၊ စျေးနှုန်းစျေးကွက်အနေဖြင့် ယခင်နှစ်က မြေပဲဆီဆန်တစ်တင်းလျှင် ငွေကျပ် ၄၅၀၀၀ ၊ မြေပဲလုံးဆန် တစ်တင်းလျှင် ငွေကျပ် ၄၈၀၀၀၊ မျိုးမြေပဲတစ်တင်းလျှင် ငွေကျပ် ၆၀၀၀၀ နှုန်းရှိခဲ့ပြီး ယခုနှစ်တွင် မြေပဲဆီဆန် တစ်တင်းလျှင် ငွေကျပ် ၁၀၄၀၀၀၊ မြေပဲလုံးဆန် တစ်တင်းလျှင် ငွေကျပ် ၁၀၅၆၀၀၊ မျိုးမြေပဲတစ်တင်း လျှင် ငွေကျပ် ၁၀၈၀၀၀ ခန့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
ဆီကြိတ်ခွဲသုံးစွဲမှုများလာ
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြေပဲတစ်ဧကလျှင် စိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် ငွေကျပ် ၄၅၇၀၀၀ ခန့် ကုန်ကျကာ တစ်ဧကပျမ်းမျှအထွက် ၄၂ ဒသမ ၂၅ တင်းနှုန်းထွက်ရှိခဲ့ပြီး မြေပဲစတင်ထွက်ပေါ်ချိန်တွင် မြေပဲတောင့်တစ်တင်းလျှင် ငွေကျပ် ၁၈၀၀၀ နှုန်း ရောင်းချခဲ့ရသည့်အတွက် တစ်ဧကဝင်ငွေ ကျပ် ၇၆၀၅၀၀ ရရှိ၍ ငွေကျပ် ၃၀၃၅၀၀ အကျိုးအမြတ် ရရှိကြောင်း၊ ဒေသတွင်းထွက်ရှိသော မြေပဲများကို ယခုအချိန်တွင် ပြည်ပသို့ ရောင်းချမှု နည်းပါးလာပြီး ဒေသတွင်း၌သာ ဆီကြိတ်ခွဲသုံးစွဲမှုများလာကြောင်း သိရသည်။ DOCA(မန္တလေး)