ကူညီကယ်ဆယ် မုန်တိုင်းအန္တရာယ်

Type

 

စော်မွန်ငါး

 

သဘာဝဘေးအန္တရာယ်ဆိုသည်မှာ  သဘာဝအလျောက် ရုတ်တရက်ပြောင်းလဲဖြစ်ပေါ်လာသည့် မြေငလျင်လှုပ်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရေလျှံခြင်း၊ မြေပြိုခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ ဆူနာမီရေလှိုင်းရိုက်ခတ်ခြင်း၊ မိုးခေါင်ရေရှားခြင်း၊ ထူးဆန်းရောဂါဘေးအန္တရာယ်များ ကျရောက်ခြင်းတို့ဖြစ်ပြီး အချိန်အခါမရွေး၊ ဒေသမရွေး ဖြစ်ပေါ်လာနိုင်သည်။ 
၂၀၀၈  ခုနှစ်တွင်   ဘင်္ဂလားပင်လယ်အော်မှ စတင်အစပျိုးတိုက်ခတ်ခဲ့သည့် အလွန်အားကောင်း သော     ဆိုင်ကလုန်းမုန်တိုင်း   “နာဂစ်”  သည်  ဟိုင်းကြီးကျွန်းမှတစ်ဆင့် မြစ်ဝကျွန်းပေါ်ဒေသသို့ ဝင်ရောက်တိုက်ခတ်ခဲ့သည်။   မေ   ၂ ရက် “နာဂစ်” ဆိုင်ကလုန်းမုန်တိုင်းမတိုက်ခတ်မီ    တစ်ပတ်ခန့် အလိုတွင် နေအပူချိန်များ သိသိသာသာမြင့်တက် လာသည်ကို ပြည်သူများ သတိ ပြုမိမည်ထင်ပါသည်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအနေ ဖြင့် ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်း ရပ်ဝန်း   စတင်ဖြစ်ပေါ်ခဲ့မှု၊   မုန်တိုင်းဖြစ်ပေါ်ခဲ့မှု နှင့်    ရွေ့လျားရာလမ်းကြောင်းများကို    အချိန်နှင့် တစ်ပြေးညီ     ထုတ်ပြန်နေသော်လည်း   မြစ်ဝ ကျွန်းပေါ်ဒေသရှိ ပြည်သူများသည် သာမန်မုန်တိုင်း အဆင့်အဖြစ်   သဘောထားထင်မြင်မှု၊  ပြင်းထန် သည့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ဖူးခြင်း မရှိမှု စသည့်တို့ကိုအခြေခံ၍ ပေါ့လျော့စွာ ထင်မြင် ယူဆခဲ့ကြသည်။
အကြီးမားဆုံး သဘာဝဘေး
ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက် ထားမှုမရှိခြင်း၊ မုန်တိုင်းလွတ်ရာသို့ ပြောင်းရွှေ့မှု မရှိခြင်းတို့ကြောင့်   ပြည်သူများ  အသက်အိုးအိမ် စည်းစိမ်များ များစွာထိခိုက်ခဲ့ရ၍ “နာဂစ်” မုန်တိုင်း သည်  အာရှတိုက်၏    အကြီးမားဆုံး   သဘာဝ ဘေးအန္တရာယ်တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ထို့ကြောင့်   နိုင်ငံတော်အကြီးအကဲများက  ထပ်မံ ဖြစ်ပွားလာနိုင်သည့် သဘာဝဘေးအန္တရာယ်များ ကြောင့်   ပြည်သူများ  အသက်ဆုံးရှုံးမှုမရှိစေရေး အတွက် မုန်တိုင်းဝင်ရောက်နိုင်သည့် ဒေသများတွင် မုန်တိုင်းဒဏ်ခံအဆောက်အဦ (Cyclone Shelter) များ ဆောက်လုပ်ပေးခဲ့သည်။
ယခုအခါ  ၂၀၂၃  ခုနှစ် မေ  ၁၄ ရက် ၁၂:၄၅    နာရီအချိန်ခန့်တွင် ရခိုင်ပြည်နယ်  ကျောက်ဖြူမြို့ နှင့် စစ်တွေမြို့တို့အကြားမှ ဖြတ်ကျော်ဝင်ရောက် တိုက်ခတ်ခဲ့သည့်   ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”နှင့်  ပတ်သက်၍  မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဘင်္ဂလားပင်လယ်အော်တွင် လေဖိအား နည်းရပ်ဝန်းတစ်ခု  ဖြစ်ပေါ်ခဲ့သည့် မေ  ၁ ရက်မှ စတင်၍    နိုင်ငံပိုင်သတင်းစာ၊   မြန်မာ့အသံနှင့်   ရုပ်မြင်သံကြား၊ ရေဒီယို၊  လူမှုကွန်ရက်စာမျက်နှာ များမှ    ပြည်သူများအား   အသိပေးကြေညာခြင်း၊ အကြံပြုခြင်းများ ဆောင်ရွက်ခဲ့သည်။ ထို့ပြင်  လူမှု ကွန်ရက်စာမျက်နှာများမှတစ်ဆင့်   မိုးလေဝသ ပညာရှင်များကလည်း  ပြည်သူများအား အသိပေး နိုင်ရေးအတွက်     ရေးသားပြုစု    ဖော်ပြပေးခဲ့ ကြသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဆိုင်ကလုန်းမုန်တိုင်း   “မိုခါ”နှင့်  ပတ်သက်၍ နေ့အလိုက်  အောက်ဖော်ပြပါအတိုင်း  ထုတ်ပြန် ကြေညာခဲ့ပါသည်-
(က)    မေလ  ၁   ရက်နေ့နှင့်    ၃ ရက်နေ့ တိုင်းထွာချက်များအရ    ဘင်္ဂလား ပင်လယ်အော်     အရှေ့တောင်ပိုင်း၌ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ် လာနိုင်ပြီး မေလ ၈ ရက်နေ့တွင် မုန်တိုင်း ငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း၊
( ခ )    မေလ ၉ ရက်နေ့  ၁၇:၃၀ နာရီအချိန် တွင်   ဘင်္ဂလားပင်လယ်အော်  အရှေ့ တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက် ရှိသော ကပ္ပလီပင်လယ်ပြင် တောင်ပိုင်း တို့တွင်   ဖြစ်ပေါ်နေသော  အားကောင်း သော   လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး ပိုမိုအားကောင်း လာနိုင်သဖြင့် နောက် ၆ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့  လည်းကောင်း၊ မေလ ၁၀ ရက်နေ့တွင်  ဘင်္ဂလားပင် လယ်အော်     အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော်  အရှေ့အလယ်ပိုင်းနှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် ဆိုင်ကလုန်း မုန်တိုင်းအဖြစ်သို့လည်းကောင်း ရောက်ရှိ နိုင်ကြောင်း၊      အဆိုပါ   ဆိုင်ကလုန်း မုန်တိုင်းသည်   ကနဦးတွင်  မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး မေလ   ၁၁   ရက်နေ့တွင်  ဘင်္ဂလား ပင်လယ်အော်   အရှေ့အလယ်ပိုင်းသို့ ရောက်ရှိကာ   ထိုမှတစ်ဆင့်  မြောက်-အရှေ့မြောက်ဘက်သို့ကွေ့ကာ ဘင်္ဂလား ဒေ့ရှ် - မြန်မာကမ်းရိုးတန်းသို့ ရွေ့လျား နိုင်ကြောင်း၊
( ဂ )    မေလ ၁၀ ရက်နေ့ ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ      ဘင်္ဂလား ပင်လယ်အော်   အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသာ     အားကောင်းသော မုန်တိုင်းငယ်သည် မြောက် - အနောက် မြောက်ဘက်သို့      ရွေ့လျားခဲ့ပြီး ဘင်္ဂလားဒေ့ရှ် - မြန်မာ ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနိုင်သည့်   အခြေအနေ ရှိသဖြင့် လိမ္မော်ရောင်အဆင့် သတ်မှတ် ခဲ့ကြောင်း၊
(ဃ)    နောက်လေးရက်အတွင်း ခန့်မှန်းချက် အရ အဆိုပါအားကောင်းသော မုန်တိုင်း ငယ်သည် မြောက် - အနောက်မြောက် ဘက်သို့ ရွေ့လျားပြီးနောက်  ၆ နာရီ အတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ လည်းကောင်း၊   မေလ   ၁၁  ရက်နေ့ နံနက်ပိုင်းတွင်        အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့   လည်း ကောင်း၊ မေလ ၁၂ ရက်နေ့ နံနက်ပိုင်း တွင် မြောက် - အရှေ့မြောက်ဘက်သို့ တဖြည်းဖြည်းကွေ့ကာ      ဘင်္ဂလား ပင်လယ်အော်    အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော်အလယ်ပိုင်း၌ အားအလွန် ကောင်းသော     ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့လည်းကောင်း   ရောက်ရှိနိုင် ကြောင်း၊
( င )    ထို့နောက် မေလ ၁၃ ရက်နေ့ ညနေပိုင်း တွင် အားအနည်းငယ်လျော့သွားနိုင်ပြီး မေလ ၁၄ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံ အရှေ့တောင်ပိုင်းနှင့် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း ကမ်းခြေ ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့ နှင့်  မြန်မာနိုင်ငံ ကျောက်ဖြူမြို့တို့အကြား မှ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း၊
( စ )    မေလ ၁၁ ရက်နေ့  ၂၀:၃၀ နာရီအချိန် တိုင်းထွာချက်များအရ       ဘင်္ဂလား ပင်လယ်အော်   အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” သည် မြောက်ဘက်သို့ ရွေ့လျားခဲ့ ပြီး ပိုမိုအားကောင်းလာကာ အားကောင်း သော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” အဖြစ် သို့ ရောက်ရှိခဲ့ကြောင်း၊
(ဆ)    အဆိုပါအားကောင်းသော  ဆိုင်ကလုန်း မုန်တိုင်း “မိုခါ”သည် မြန်မာနိုင်ငံ ကိုကိုး ကျွန်းမြို့၏   အနောက်  -  အနောက် တောင်ဘက်   ရေမိုင်   ၃၃၅  မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ အနောက်တောင် ဘက် ရေမိုင်  ၄၃၅ မိုင်ခန့်၊ စစ်တွေမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၅၅၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ နီကိုးဘားကျွန်း ၏ အနောက် - အနောက်မြောက်ဘက် ရေမိုင်   ၄၆၅   မိုင်ခန့်၊  ပို့ပလဲယား၏ အနောက်ဘက် ရေမိုင်  ၂၈၅ မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ    ကော့ဘဇားမြို့၏ တောင် - အနောက်တောင်ဘက် ရေမိုင် ၅၉၀ မိုင်ခန့်အကွာ   ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း၊
( ဇ )    အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”သည် ဘင်္ဂလားဒေ့ရှ်  -  မြန်မာ ကမ်းရိုးတန်းသို့   ဦးတည်ရွေ့လျားနိုင် သည့်  အခြေအနေရှိပါသဖြင့်  လိမ္မော် ရောင်အဆင့်ဟု သတ်မှတ်ခဲ့ကြောင်း၊
( ဈ  )    အဆိုပါအားကောင်းသော  ဆိုင်ကလုန်း မုန်တိုင်း “မိုခါ” သည် နောက် ၁၂ နာရီ အတွင်း မြောက်ယွန်းယွန်းသို့ ရွေ့လျား နိုင်ပြီး မေလ ၁၂ ရက်နေ့တွင် ဘင်္ဂလား ပင်လယ်အော်အလယ်ပိုင်း၌ အားအလွန် ကောင်းသော     ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” အဖြစ်သို့  ရောက်ရှိနိုင်ကြောင်း၊ ထို့နောက် အဆိုပါအားအလွန်ကောင်း သော   ဆိုင်ကလုန်းမုန်တိုင်း   “မိုခါ” သည်  မြောက် - အရှေ့မြောက်ဘက်သို့ တဖြည်းဖြည်းကွေ့ကာ မေလ ၁၄ ရက် နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား မြို့နှင့် မြန်မာနိုင်ငံ ကျောက်ဖြူမြို့တို့ အကြား စစ်တွေမြို့အနီးမှ  ဖြတ်ကျော် ဝင်ရောက်နိုင်သည်ဟု    ခန့်မှန်းရပါ ကြောင်း၊
(ည)    မေ    ၁၂   ရက်    ၂၁:၃၀  နာရီအချိန် တိုင်းထွာချက်များအရ      ဘင်္ဂလား ပင်လယ်အော်     အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားအလွန်ကောင်း သော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျား ခဲ့ကြောင်း၊
( ဋ )    အဆိုပါ      အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း    “မိုခါ”   သည် မြောက်  -   အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး        ပိုမို အားကောင်းလာကာ  နောက်   ၉  နာရီ အတွင်း  ဘင်္ဂလားပင်လယ်အော်  အရှေ့ အလယ်ပိုင်း၌ အလွန့်အလွန်အားကောင်း သော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”အဖြစ် သို့   ရောက်ရှိနိုင်ပြီး    ဘင်္ဂလားဒေ့ရှ် နိုင်ငံ  ကော့ဘဇားမြို့နှင့်   မြန်မာနိုင်ငံ ကျောက်ဖြူမြို့တို့ကြား စစ်တွေမြို့အနီး မှ မေလ ၁၄ ရက်နေ့ နေ့လယ်ပိုင်းတွင် အားအလွန်ကောင်းသော  ဆိုင်ကလုန်း မုန်တိုင်း  “မိုခါ” အနေဖြင့်  ဖြတ်ကျော် ဝင်ရောက်နိုင်ကြောင်း၊
( ဌ )    မေလ  ၁၃ ရက်နေ့  ၂၁:၃၀ နာရီအချိန် တိုင်းထွာချက်များအရ        ဘင်္ဂလား ပင်လယ်အော်   အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော  ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”သည်      အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး အနီရောင်အဆင့် သတ်မှတ် ခဲ့ကြောင်း၊
( ဍ )     အဆိုပါ    အလွန့်အလွန်အားကောင်း သော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” သည် မြောက် - အရှေ့မြောက်ဘက်သို့ ရွေ့လျား နိုင်ပြီး မေလ  ၁၄ ရက်နေ့ နံနက်ပိုင်းမှ စ၍     ရခိုင်ကမ်းရိုးတန်းကို    စတင် ဖြတ်ကျော်နိုင်ကာ မေလ  ၁၄ ရက်နေ့ နေ့လယ်ပိုင်းတွင် မုန်တိုင်း၏ ဗဟိုချက် သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့ နှင့် မြန်မာနိုင်ငံ ကျောက်ဖြူမြို့တို့အကြား စစ်တွေမြို့အနီးမှ          အလွန့်အလွန် အားကောင်းသော  ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” အနေဖြင့် ဖြတ်ကျော်ဝင်ရောက် နိုင်ကြောင်း၊
( ဎ )    မေလ ၁၄ ရက်နေ့  ၁၂:၄၅ နာရီအချိန် တွင် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” သည် ရခိုင်ပြည်နယ်     စစ်တွေမြို့အနီးမှ တစ်နာရီလျှင် မိုင်  ၁၂၀ ခန့်ဖြင့် ကုန်းတွင်း သို့ ဝင်ရောက်တိုက်ခတ်ခဲ့သည်။


(ဏ)    မေလ  ၁၄ ရက်နေ့ ၂၁:၃၀ နာရီအချိန် တိုင်းထွာချက်များအရ   ချင်းပြည်နယ်  ပလက်ဝမြို့အနီးမှ  ကုန်းတွင်းသို့ ဖြတ် ကျော်   ဝင်ရောက်ခဲ့သော   အားအလွန် ကောင်းသော        ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”သည်   မြောက် - အရှေ့မြောက် ဘက်သို့ ရွေ့လျားခဲ့ပြီး အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း   “မိုခါ” အဖြစ်သို့ အားလျော့သွားခဲ့ကာ  မတူပီမြို့အနီးမှ မြောက်  -   အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားခဲ့ကြောင်း၊
(တ)    မုန်တိုင်းသည် ချင်းပြည်နယ် မတူပီမြို့ အနီးမှ   ဆက်လက်ရွေ့လျားလျက်ရှိပါ သဖြင့် အညိုရောင်အဆင့်ဟု သတ်မှတ် ပါကြောင်း၊  အဆိုပါ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း“မိုခါ”သည် မြောက်-      အရှေ့မြောက်ဘက်သို့    ဆက်လက် ရွေ့လျားနိုင်ပြီး နောက် ၉ နာရီအတွင်း ချင်းပြည်နယ်၊    မကွေးတိုင်းဒေသကြီး (မြောက်ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီး နှင့် မန္တလေးတိုင်းဒေသကြီး (မြောက်ပိုင်း) တို့ကို ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”အနေ ဖြင့်လည်းကောင်း၊ နောက်   ၂၄   နာရီ အတွင်း    ကချင်ပြည်နယ်နှင့်   ရှမ်း ပြည်နယ်(မြောက်ပိုင်း)တို့ကို မုန်တိုင်း ငယ်အနေဖြင့်လည်းကောင်း ဆက်လက် ရွေ့လျားနိုင်ကြောင်း။
နိုင်ငံတော်အနေဖြင့် ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်ဥစ္စာများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ အရေးပေါ်ညှိနှိုင်းအစည်းအဝေးကို မေ ၆   ရက်တွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီး  စိုးဝင်း  ဦးဆောင်၍  ကျင်းပပြုလုပ်ခဲ့ပြီး မုန်တိုင်းမဝင်ရောက်မီ      ကြိုတင်ပြင်ဆင်ရမည့် လုပ်ငန်းများ၊       ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊    မုန်တိုင်းဝင်ရောက်တိုက်ခတ် ပြီးပါက     ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရမည့်   လုပ်ငန်းစဉ်အသေးစိတ်တို့ကို ချမှတ်ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး   ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှာလည်း သဘာဝဘေးအန္တရာယ်ကာကွယ်ရေး   ဇာတ်တိုက် လေ့ကျင့်မှုများ၊   ကယ်ဆယ်ရေးပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများ  အသင့်ပြင်ဆင်ခြင်း စသည့်  လိုအပ်သည့်ပြင်ဆင်မှုများကို  မုန်တိုင်း မဖြစ်ပေါ်မီ ရှစ်ရက် ကြိုတင်၍ အချိန်နှင့်တစ်ပြေးညီ ပြီးစီးမှုရှိအောင် စနစ်တကျ အသေးစိတ်စီမံဆောင် ရွက်နိုင်ခဲ့သည်။ 
နိုင်ငံတော်အနေဖြင့် မေလ   ၉ ရက်နေ့တွင် မြန်မာနိုင်ငံအတွင်းသို့   ဝင်ရောက်တိုက်ခတ်မည့် မုန်တိုင်းအန္တရာယ်အတွက် သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Center – DMC) ကို ဖွဲ့စည်းပြီး ဆိုင်ကလုန်း မုန်တိုင်းအခြေအနေကို    ၂၄   နာရီ  အချိန်ပြည့် စောင့်ကြည့်ပြီး    အသိပေးကြေညာချက်များကို ထုတ်ပြန်ပေးခဲ့ပါသည်။  မေ   ၁၂  ရက်တွင် ရခိုင် ပြည်နယ်ရှိ မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သည့် စစ်တွေမြို့၊    ပေါက်တောမြို့၊   မောင်တောမြို့၊ ရသေ့တောင်မြို့၊   မြေပုံမြို့၊  ကျောက်ဖြူမြို့နှင့် မာန်အောင်မြို့နယ်တို့ကို  Red Alerd သတ်မှတ် ခဲ့ပြီး  အဆိုပါမြို့နယ်များရှိ   ပြည်သူများသိရှိနိုင် စေရေးအတွက် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာတာဝန် ရှိသူများက အသံချဲ့စက်များနှင့် လိုက်လံသတိပေး ကြေညာပေးခဲ့သည်။
မုန်တိုင်းမဝင်ရောက်မီ        စစ်တွေမြို့နှင့် ကျောက်ဖြူမြို့တို့ရှိ    ပင်လယ်ကမ်းခြေများ၌ ပင်လယ်ရေများကျဆင်းခြင်း၊   ကမ်းခြေရှိသဲများ ချိုင့်ဝင်လျက်ရှိခြင်းများကို လူမှုကွန်ရက်စာမျက်နှာ များမှတစ်ဆင့်     သိရှိရသည်။    မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့်    မိုးလေဝသ ပညာရှင်များက မုန်တိုင်းဖြစ်ပေါ်နေသည့် တည်နေရာ၊ လေတိုက်နှုန်း၊ ရွေ့လျားနှုန်းနှင့် ရွေ့လျားနိုင်မည့် လမ်းကြောင်းများကို      အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးခဲ့သဖြင့်         ပင်လယ်ကမ်းစပ်တွင် နေထိုင်သည့် ပြည်သူများနှင့် ကျွဲ၊ နွား၊ တိရစ္ဆာန် များအား အချိန်မီရွှေ့ပြောင်းခြင်း၊ အရေးကြီးပစ္စည်း များအား မုန်တိုင်းလွတ်ရာဒေသများသို့ ပြောင်းရွေ့ ခြင်းများကြောင့် မေ  ၁၄ ရက်  ၁၂:၄၅ နာရီအချိန် ခန့်တွင်  ကျောက်ဖြူမြို့နှင့်  စစ်တွေမြို့တို့အကြား မှ တစ်နာရီလျှင် လေတိုက်နှုန်း  မိုင်  ၁၂၀  ခန့်ဖြင့် ဝင်ရောက်တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”ကြောင့်  ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ် များကို  ပျက်စီးမှုအနည်းဆုံးဖြစ်အောင် စီမံဆောင် ရွက်နိုင်ခဲ့သည်။
အမြန်ဆုံးပြန်လည်ထူထောင်နိုင်ရေး
ဆိုင်ကလုန်းမုန်တိုင်း  “မိုခါ”  ကြောင့် ပျက်စီး ဆုံးရှုံးခဲ့သည့်    မြို့ရွာများ   အမြန်ဆုံးပြန်လည် ထူထောင်နိုင်ရေးအတွက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး  မင်းအောင်လှိုင်က   မေ   ၁၅   ရက်တွင် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး ပြန်လည်ထူထောင် ရေးလုပ်ငန်းများအတွက် ငွေကျပ်သိန်းခုနစ်သောင်း ခန့်   ပေးအပ်ခဲ့သည်။     ထို့ပြင်   မုန်တိုင်းသင့် မြို့နယ်များ   လျင်မြန်စွာပြန်လည်ထူထောင်ရေး လုပ်ငန်းများ    ဆောင်ရွက်နိုင်ရေးအတွက်လည်း အဆင့်မြင့်အရာထမ်းများကို    အသီးသီးတာဝန် ပေးအပ်ခဲ့သည်။ 
ယခုအချိန်တွင်    မုန်တိုင်းသင့်ဒေသများတွင် တပ်မတော်၊   မြန်မာနိုင်ငံရဲတပ်ဖွဲ့၊   မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊   ကြက်ခြေနီအသင်း၊  ဌာနဆိုင်ရာ အဖွဲ့အစည်း၊ ပရဟိတအသင်းအဖွဲ့များ စုပေါင်း၍ ပြန်လည်ထူထောင်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်း များကို   အားသွန်ခွန်စိုက်  တက်ညီလက်ညီဖြင့် လျင်မြန်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ကို နေ့စဉ်သတင်းများတွင်  တွေ့မြင်ရသည်။ နိုင်ငံတော် အနေဖြင့် မုန်တိုင်းတိုက်ခတ်ပြီးချိန်တွင် ပြန်လည် ထူထောင်ရေးနှင့်   ကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များ၊ လျှပ်စစ်မီးရရှိရေး၊ ဆက်သွယ်မှုမပြတ်တောက် ရေး၊    သန့်ရှင်းသော  သောက်သုံးရေရရှိရေးတို့ ဆောင်ရွက်နိုင်ရန်အတွက် အဖွဲ့များအား ချက်ချင်း စေလွှတ်နိုင်ခြင်းသည် ကြိုတင်ပြင်ဆင်စုဖွဲ့ထားခြင်း ဖြစ်ကြောင်း သုံးသပ်တွေ့ရှိရသည်။
မေ ၁၄ ရက်တွင် တစ်နာရီလျှင် မိုင် ၁၂၀ ခန့်ဖြင့် ဝင်ရောက်တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”    ကြောင့်   မြေစိုက်အဆောက်အဦများ အမိုးအကာများပျက်စီးခြင်း၊    သစ်ပင်များပြိုလဲမှု ဖြစ်ပွားခဲ့သော်လည်း   ကွန်ကရစ်ဖြင့်   အခိုင်အမာ ဆောက်လုပ်ထားသည့် အဆောက်အဦများ  ပျက်စီး မှုမရှိဘဲ ကျန်ရှိနေကြောင်း တွေ့ရှိရသဖြင့် အဆိုပါ အဆောက်အဦများ၏ စာရင်းများအား ကောက်ယူ ပြုစုထားရှိပြီး  သဘာဝဘေးအန္တရာယ်များ ကျရောက် လာပါက Cyclone Shelter  များအဖြစ် အသုံးပြု နိုင်ကြောင်းကို  သင်ခန်းစာဖော်ထုတ်ရရှိပါသည်။ 
နောင်တွင် မုန်တိုင်းဝင်ရောက်နိုင်သည့် ဒေသ များတွင် လေတိုက်နှုန်း တစ်နာရီလျှင် မိုင် (၁၂၀/ ၁၃၀)အထိ   ဒဏ်ခံနိုင်သော  အဆောက်အဦများ ဆောက်လုပ်နိုင်ရေးအတွက် အတတ်ပညာရှင်များ ၏ အကြံဉာဏ်များရယူ၍ ဆောင်ရွက်သင့်သည်။ ထို့ပြင်  ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသည့်    မြန်မာနိုင်ငံ  အဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်း လမ်းညွှန်ချက်များ  (Myanmar National  Building Code-MNBC) ပါစံချိန်စံညွှန်းများ နှင့်အညီ လိုက်နာဆောင်ရွက်သွားရန်လည်း လိုအပ် သည်။
အသိပေးထုတ်ပြန်
မေ ၆  ရက်မှစတင်၍ မုန်တိုင်းသတင်းများကို မြန်မာ့အသံနှင့်    ရုပ်မြင်သံကြား၊   ရေဒီယိုတို့မှ နေ့စဉ်ဖော်ပြ    အသိပေးထုတ်ပြန်ခဲ့ပြီး    မုန်တိုင်း ဝင်ရောက်တိုက်ခတ်ချိန်   နီးကပ်လာသည့်  မေ  ၁၁ ၊ ၁၂ ၊  ၁၃    ရက်တို့တွင်   မုန်တိုင်းဒီရေ အထူး သတိပေးချက်များ   ထုတ်ပြန်ခဲ့သည်။  ရေလွှမ်းမိုးနိုင် သည့်  နေရာများကို   မိုးလေဝသနှင့်     ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက တိကျစွာ သတိပေးထုတ်ပြန် ခဲ့သဖြင့် ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ် ကြောင့်   အသက်အိုးအိမ်  စည်းစိမ်ပစ္စည်းဥစ္စာများ  ပျက်စီးဆုံးရှုံးမှု လျော့နည်းခဲ့သည်။ 
ထို့ပြင်       ပြင်ပမိုးလေဝသပညာရှင်များ၏ ထုတ်ပြန်ချက်များကိုလည်း       မျက်ခြည်မပြတ် စောင့်ကြည့် လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါသည်။ ထို့ကြောင့် သဘာဝဘေးအန္တရာယ်ကြောင့် ပြည်သူ များ၏   အသက်အိုးအိမ်  စည်းစိမ်ပစ္စည်းဥစ္စာများ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက်လည်း မိုးလေဝသ ပညာရှင်များ   များစွာလိုအပ်သဖြင့်  စိတ်ပါဝင်စား သည့်   လူငယ်များသည်  မိုးလေဝသနှင့် ဇလဗေဒ ပညာရပ်များကို  တတ်မြောက်ကျွမ်းကျင်အောင် လေ့လာသင်ယူသွားကြရန် တိုက်တွန်းပါကြောင်းနှင့် မိုးလေဝသပညာရပ်သည် လူ့အဖွဲ့အစည်းတစ်ခုလုံး အတွက် မည်မျှအရေးပါသည်ကို သိရှိနိုင်ရန် ဖြစ်စဉ် အမှန်များကို မှတ်တမ်းပြု ရေးသားတင်ပြလိုက်ရ ပါသည်။      ။