
ရိုသေလေးမြတ်စွာ လျှောက်ထားအပ်ပါသည် အန္တိမအဂ္ဂိဈာပန ပူဇော်ပွဲ ကျင်းပရေးကော်မတီ ဩဝါဒါစရိယဆရာတော်အရှင်သူမြတ် တို့ဘုရား-
၁။ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ် ရပ်ကွက်၊ ဗန်းမော်ကျောင်းတိုက်ကြီး၏ ပဓာနနာယက၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ကြီး အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ (၉၄ နှစ်၊ ၇၄ ဝါ) မဟာထေရ်မြတ်ကြီးသည် ၁၃၈၅ ခုနှစ်၊ နယုန်လဆန်း ၇ ရက်၊ ၂၅-၅-၂၀၂၃ ရက် (ကြာသပတေးနေ့)၊ ၂၃ : ၁၁ အချိန်တွင် သီတင်းသုံးရာကျောင်းတိုက်၌ ၉၆ ပါးသောရောဂါဖြင့် ဘဝနတ်ထံ ပျံလွန်တော်မူသွားကြောင်း သိရှိရသည့်အတွက် ဆရာတော်ကြီး၏ တပည့်သာဝက ရဟန်းသံဃာတော်များ၊ ဆွေတော်မျိုးတော်များ၊ ဒါယကာ ဒါယိကာမများနှင့် ထပ်တူထပ်မျှ ဝမ်းနည်းရပါကြောင်း လျှောက်ထားအပ်ပါသည်ဘုရား။
၂။ ဆရာတော်ကြီးသည် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ မြို့နယ်၊ ဗန်းမော်ကျောင်းတိုက်ကြီးနှင့် စစ်ကိုင်းမြို့၊ မိုးမိတ်ကုန်းမြေ၊ တိပိဋက ကျောင်းတော်ကြီးတို့၌ နယ်ပယ်အသီးသီးတို့မှ ပညာရည်နို့ သောက်စို့ရန် လာရောက်ကြကုန်သော တပည့်သံဃာအများတို့အား ပရိယတ္တိစာပေများ သင်ကြားပို့ချပေးတော်မူခဲ့ခြင်း၊ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုတော် မူကြမည့် တိပိဋကဓရ သာသနာ့အာဇာနည်လောင်းလျာအရှင်မြတ် တို့အား စာမေးပွဲဆိုင်ရာကျမ်းစာ အသီးသီးတို့ကို ပို့ချပေးတော်မူခဲ့ခြင်း၊ ၁၉၉၈ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ်၌ ဒုတိယပါမောက္ခချုပ်တာဝန်ဖြင့် စာပေများ သင်ကြားပို့ချပေးတော်မူခဲ့ခြင်း၊ ထို့အပြင် သီတင်းသုံးရာ ဗန်းမော် ကျောင်းတိုက်ကြီး၌ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို ဖွင့်လှစ် ၍ ပညာသင်ယူရန် အခက်အခဲရှိသည့် ကျောင်းသား ကျောင်းသူများကို အခမဲ့ပညာသင်ကြားပေးတော် မူခဲ့ခြင်းတို့ကြောင့် ပညာပါရမီအရာ၌ သူမတူအောင် ဖြည့်ဆည်းပေးနိုင်ခဲ့သည်ကို အားကျကြည်ညိုမိပါသည် ဘုရား။
၃။ ဆရာတော်ကြီးသည် တိပိဋက ပါဠိမြန်မာအဘိဓာန်ကျမ်းကို ရေးသားပြုစုရာ၌ အတွင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်ပေးတော်မူခဲ့ပြီး သိမ်တောင်သာသနာဝင်ကျမ်းကို မြန်မာဘာသာဖြင့် ရေးသားပြုစုတော်မူခဲ့ခြင်း၊ မောဂ္ဂလာန်သဒ္ဒါကျမ်းကြီးကို အဖွင့် ပယောဂသိဒ္ဓိနိဿယအဖြစ် ပထမတွဲ၊ ဒုတိယတွဲ ခွဲခြား၍ ပြုစုတော်မူ ခဲ့ခြင်း၊ မဟာစည်ဆရာတော်ကြီး၏ ဝိပဿနာရှုနည်းကျမ်း ပထမတွဲ နှင့် ဒုတိယတွဲတို့ကို ပါဠိဘာသာပြန်ဆိုတော်မူခဲ့ခြင်း၊ ထေရီအပဒါန ဒီပနီကျမ်းကို ပါဠိဘာသာဖြင့် ရေးသားပြုစုတော်မူခဲ့ခြင်း၊ ယမိုက်ပါဠိ တော် ဒုတိယတွဲနှင့် တတိယတွဲတို့ကို အင်္ဂလိပ်ဘာသာပြန်ဆိုတော် မူခဲ့ခြင်း စသည့်ကျမ်းဂန်များစွာတို့ကို သာသနာတော်အတွက် မြန်မာ ဘာသာ၊ ပါဠိဘာသာနှင့် အင်္ဂလိပ်ဘာသာတို့ဖြင့် ကျွမ်းကျင်ပိုင်နိုင်စွာ ရေးသားပြုစုတော်မူခဲ့သည့်အတွက် ဆရာတော်ကြီး၏ စာပေစွမ်းရည် ကို ကြည်ညိုမိပါသည်ဘုရား။
၄။ ဆရာတော်ကြီးသည် ဂိုဏ်းပေါင်းစုံသံဃာ့အဖွဲ့အစည်းကြီး၏ မရှိမဖြစ်လိုအပ်သော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ စသည့် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်ဖွဲ့စည်းနိုင်ရန်အတွက် မူလသံဃာ့ ဝန်ဆောင်ဆရာတော်(၆၆)ပါး အဖွဲ့တွင် ပါဝင်ထမ်းဆောင်တော်မူခဲ့ပြီး ပထမအကြိမ် ၁၉၈၀ ပြည့်နှစ်မှ ဆဋ္ဌမအကြိမ် ၂ဝ၁ဝ ပြည့်နှစ်၊ မတ်လ အထိ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖြစ်လည်းကောင်း၊ ၂၀၁၀ ပြည့်နှစ်၊ မတ်လမှ ဇူလိုင်လအထိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်အဖြစ်လည်းကောင်း၊ ၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လမှ ယနေ့အထိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် အဖြစ်လည်းကောင်း သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၏ တာဝန်များကို ဦးဆောင်ဦးရွက်ပြု၍ ထမ်းဆောင်တော်မူခဲ့သည့်အပြင် နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်များ၏ အဓိပတိဆရာတော်အဖြစ် လည်း ထမ်းဆောင်တော်မူခဲ့ရာ သာသနာ့တာဝန်များကို စွမ်းစွမ်းတမံ ဆောင်ရွက်တော်မူခဲ့သည့် ဆရာတော်ကြီး၏ သာသနာပြုစွမ်းဆောင် ချက်တို့ကို အမှတ်ရကာ ကြည်ညိုသဒ္ဓါ ပွားများရပါသည်ဘုရား။
၅။ ဆရာတော်ကြီးသည် ဗုဒ္ဓသာသနာအကျိုးကို ထက်သန်သော လုံ့လဝီရိယဖြင့် သယ်ပိုးဆောင်ရွက်တော်မူခဲ့သော ဂုဏ်အဖြာဖြာ တို့ကြောင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရက ဆရာတော် ကြီးအား ၂၀ဝ၉ ခုနှစ်တွင် အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်နှင့် ၂ဝ၁၁ ခုနှစ်တွင် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ် တော်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ပုံအဖုံဖုံတို့ကို အာရုံပြုကာ ကြည်ညို မိ၍ နှမြောတသဖြစ်ရပါသည်ဘုရား။
၆။ ဆရာတော်ကြီး သက်တော်ထင်ရှားရှိစဉ်က မြတ်စွာဘုရားရှင်၏ အဆုံးအမ သာသနာတော်မြတ်ကြီး သန့်ရှင်း၊ တည်တံ့၊ ပြန့်ပွားရေး အတွက် စွမ်းစွမ်းတမံ ကြိုးပမ်းတော်မူခဲ့သည့် သာသနာပြုလုပ်ငန်း ဆောင်ရွက်ချက်တို့သည် ဗုဒ္ဓဘာသာသမိုင်းတွင် ထူးခြားထင်ရှားသည့် သမိုင်းမှတ်တိုင်တစ်ခုအဖြစ် တည်ရှိနေမည်ကို အခိုင်အမာယုံကြည် ပါသည်ဘုရား။
၇။ သို့ဖြစ်ပါ၍ သံဃာ့ဦးသျှောင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ကြီး ယခုကဲ့သို့ ဘဝနတ်ထံ ပျံလွန်တော်မူခြင်းသည် ဘုရားတပည့်တော်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် နိုင်ငံသူ၊ နိုင်ငံသားအားလုံးတို့၏ ကိုယ်စား အထူးပင်ဝမ်းနည်းရပါကြောင်း လျှောက်ထားအပ်ပါသည် ဆရာတော် သံဃာတော်အရှင်သူမြတ်တို့ ဘုရား။
(ဦးကိုကို)
ပြည်ထောင်စုဝန်ကြီး