
နေပြည်တော် ဇွန် ၆
ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုအထူးမွမ်းမံသင်တန်း အမှတ်စဉ်(၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ရသုံးမှန်းခြေငွေစာရင်းဦးစီး ဌာန ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း၌ ကျင်းပ သည်။
ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဒေါ်သန်းသန်းလင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း စီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင် များ၊ ဝန်ကြီးဌာနအောက်ရှိ ဌာနအဖွဲ့အစည်းများမှ အကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက် ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအဘက်ဘက်မှ ဖွံ့ဖြိုး တိုးတက်မှုသည် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အားကောင်းခြင်းအပေါ် တွင် များစွာမူတည်လျက်ရှိကြောင်း၊ ကောင်းမွန်သောပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ်ရှိရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည် ပြည့်ဝသည့် နိုင်ငံ့ ဝန်ထမ်းများကို မွေးထုတ်ပေးနိုင်ရန်လိုအပ်ကြောင်း၊ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုနယ်ပယ်သည် ဘဏ္ဍာငွေရရှိမှုအရင်းအမြစ်များ တိုးမြင့်ရရှိ အောင်ဆောင်ရွက်ရေး၊ အသုံးစရိတ်များ စနစ်တကျခွဲဝေရေး၊ ခွဲဝေပေး သောအသုံးစရိတ်များကို ထိရောက်စွာအကျိုးရှိရှိ သုံးစွဲနိုင်မှု ရှိ/မရှိ စောင့်ကြည့်သတ်မှတ်ရေး စသည့်လုပ်ငန်းစဉ်များစွာဖြင့် ကျယ်ပြန့် လှသည့် နယ်ပယ်တစ်ခုဖြစ်ကြောင်း၊ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု သင်တန်းကျောင်းတွင် အခြေခံသင်တန်း၊ အထူးကာလတိုသင်တန်းများ အပြင် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အထူးမွမ်းမံသင်တန်းတို့ကို ဖွင့်လှစ်လျက်ရှိကြောင်း၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အထူးမွမ်းမံ သင်တန်း(၄)ကြိမ် ဖွင့်လှစ်ခဲ့ပြီး ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စု ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ညွှန်ကြားရေးမှူးအဆင့် အရာထမ်း သင်တန်းသား ၁၄၇ ဦး သင်ကြားပို့ချခဲ့ပြီးဖြစ်ကြောင်း၊ ယခုဖွင့်လှစ်သည့်သင်တန်းကိုတက်ရောက်သည့် သင်တန်းသားများအနေဖြင့် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာဘာသာရပ်၊ အကြောင်းအရာများ ကို သေချာစွာလေ့လာပြီး မိမိတို့၏ လုပ်ငန်းတာဝန် ထမ်းဆောင်မှုတွင် စနစ်တကျအသုံးချကြရန် တိုက်တွန်းပြောကြားသည်။
ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၅)တွင် ဗဟိုအဖွဲ့အစည်းများ၊ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ စီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာ တာဝန်ခံညွှန်ကြားရေးမှူးအဆင့် အရာထမ်း ၄၀ တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တလေးပတ် ကြာမြင့် မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်