
တွေ့ဆုံမေးမြန်း - ခင်ရတနာ၊ သန်းသန်းလှိုင်၊ ဓာတ်ပုံ - ဇင်ဦး
နေပြည်တော် ဇွန် ၁
နေပြည်တော် ဇေယျာသီရိခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများ အားလုံး ယနေ့ (ဇွန် ၁ ရက်)တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား ကျောင်းသူများက ပျော်ရွှင်စွာ ကျောင်းတက်ရောက်ခဲ့သည်ကို မြင်တွေ့ ရသည်။ ကျောင်းစတင် ဖွင့်လှစ်သည့်နေ့ရက်၌ ကျောင်းသား ကျောင်းသူ များ၏ အနာဂတ်မျှော်လင့်ချက်၊ ဆရာတို့၏ ဝမ်းသာပီတိနှင့် မိဘတို့၏ အတွေ့အကြုံများကို စာဖတ်သူများသိရှိနိုင်စေရန် တွေ့ဆုံမေးမြန်း တင်ဆက်ထားပါသည်။
ဒေါ်ချယ်ရီအုန်း (ကျောင်းအုပ် ဆရာမကြီး) အမှတ် (၁၃) အခြေခံ ပညာ အထက်တန်းကျောင်း၊
ပုဗ္ဗသီရိမြို့နယ်
ကျွန်မတို့ကျောင်းမှာ ဒီနေ့ ဇွန် ၁ ရက်မှာ ကျောင်းအပ်နှံ ပြီး တကယ်တက်ရောက်နေတဲ့ ကလေးက ၁၄၃၆ ဦး ရှိပါတယ်။ ကျောင်းက အငြိမ်းစားနိုင်ငံ့ ဝန်ထမ်း သားသမီးတွေများကြပြီး အခြားကလေးတွေ အနည်းငယ် ရှိပါတယ်။ မနှစ်ကနဲ့ နှိုင်းယှဉ်မယ် ဆိုရင် ကျောင်းတက်တဲ့ ကလေး ၂၀၀ လောက် ပိုများလာတာကို တွေ့ရတယ်။ ကိုဗစ်ကြောင့် ရော၊ နိုင်ငံရေးအခြေအနေ ရော အေးချမ်းလာခဲ့တာကြောင့် ကျောင်း တက်ရောက်မှုနှုန်း မြင့်တက်လာခဲ့ပါတယ်။ ကျွန်မတို့ ကျောင်းမှာ အရင်နှစ်တွေက မတက်ဖြစ်ခဲ့တဲ့ ကလေးတွေကို လည်း လက်ခံပေးသလို ယာယီ တိုက်ပွဲရှောင်ဒေသတွေမှာ ကျောင်း ထွက် လက်မှတ်ရဖို့ ခက်ခဲတဲ့ ကျောင်းသားတွေ ဆိုရင်လည်း လက်ခံကြိုဆိုပြီး အဆင်ပြေ အောင် လုပ်ဆောင်ပေးနေပါတယ်။ လက်ရှိသင်ကြားပေးနေတဲ့ စနစ် သစ်ပညာရေးနဲ့ ပတ်သက်ပြီး ကျွန်မကတော့ သဘောကျ ပါတယ်။ သင်ရိုးရေးဆွဲပေးကြတဲ့ ဆရာကြီး၊ ဆရာမကြီးတွေက လည်း သိပ်ကိုတော်ကြတာပါ။ ဆရာ၊ ဆရာမတွေ သင်တန်းတွေ မှာ လေ့လာခဲ့တာတွေကို ပြန်သိ ရတာက တော်တော်ကို အဆင့်မြင့် သင်ကြားရေး ဖြစ်တယ်ဆိုတာ ကိုပဲ။ ကလေးတွေကတော့ KG+12 ဖြစ်ပြီး ကလေးတွေက အတန်း အလိုက် ချိတ်ဆက်သင်ကြားရေး ဖြစ်လို့ အခြေခံပညာပြီးသွားရင် တကယ်ကို စာတတ်မြောက်တဲ့ သူတွေ၊ နိုင်ငံတကာအဆင့်မီ အခြေခံပညာအဆင့် ပြီးမြောက် သူတွေ ဖြစ်လာမှာပါ။ တွက်ချက် ရတဲ့ သင်ခန်းစာတွေ၊ သိပ္ပံဘာသာ တွေမှာဆိုရင်လည်း လက်တွေ့နဲ့ ပေါင်းစပ်အဖြေရှာတဲ့ ပုံစံမို့ ကလေးတွေအတွက် မပင်မပန်း ဘဲ လေ့လာသင်ယူနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကလေးမိဘ တွေကို အသိပေးချင်တာကတော့ ဇွန် ၁ ရက်မှာ စာသင်ကျောင်း တွေဖွင့်ပါပြီ။ ကလေးတွေကို ကျောင်းတက်ပါစေ။ ကလေးတွေ ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို အရောက်ပို့ပေးကြပါလို့ ပြောချင် ပါတယ်။
ဦးသူရိန်ထွန်း(ကျောင်းသားမိဘ)
ကျွန်တော်ကတော့ နေပြည် တော် ဇေယျာသီရိမြို့နယ် စိန်ပန်း ဈေးကပါ။ အမှတ်(၂) အခြေခံ ပညာ အထက်တန်းကျောင်း ဇေယျာသီရိမြို့နယ်မှာ ကျွန်တော့် သမီးလေးကို KG တန်း ပထမဆုံး စပြီးအပ်တာပါ။ နိုင်ငံတော်ရဲ့ အခမဲ့ပညာရေးစနစ်က ကောင်း ပါတယ်။ ကျောင်းမှာလည်း ကလေးတွေ ပညာသင်ကြားရေး အတွက် အားလုံးပြည့်စုံတယ်လို့ ထင်ပါတယ်။ ကျောင်းစအပ်တဲ့နေ့ ကတည်းက ကလေးတွေအတွက် စာအုပ်လေးတွေ၊ ဝတ်စုံလေး တွေ ပေးတယ်။ ကလေးတွေကို ကျောင်းထားတဲ့အရွယ်မှာ အားလုံး ကျောင်းထားစေချင်တယ်။ စနစ် သစ်မှာ ၁၂ တန်းအထိ တက်ရမယ် ဆိုတော့ တစ်နှစ်နောက်ကျရင် ပညာရေးမှာ တစ်နှစ်စာ သိသိ သာသာ နောက်ကျသွားနိုင်လို့ ဖြစ်ပါတယ်။
ဆရာမ ဒေါ်မေသဲဦး (Grade-1-C
အတန်းပိုင်) အ.ထ.က(၂၀)
ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော်
ကျွန်မက ဒီကျောင်းကြီး စဖွင့် ကတည်းက ကျောင်းကို ရောက် လာတဲ့သူပါ။ ဒီကျောင်းမှာ အငြိမ်း စား ဝန်ထမ်း သားသမီးတွေ၊ စစ်မှုထမ်း သားသမီးတွေ၊ ဝန်ထမ်း သားသမီးတွေ တက်ရောက်တာ များပါတယ်။ ဒါ့အပြင် ထူးကြီး စာသင်တိုက်၊ ပြင်ကြီးသီလရှင် စာသင်တိုက်၊ မြတ်ပါရမီ သီလရှင် စာသင်တိုက်က ကိုရင်လေးတွေ၊ သီလရှင်လေးတွေ လာတက်ကြ ပါတယ်။ ယာယီတိုက်ပွဲရှောင် ဒေသတွေက ကလေးတွေလည်း ကျောင်းအပ်နှံကြတာကို တွေ့ရ တယ်။ ကျွန်မ တာဝန်ယူရတာက တော့ မြန်မာစာ၊ ဘဝတွက်တာ၊ လူမှုရေး၊ ဂီတ ဘာသာရပ်တွေကို သင်ကြားရပါတယ်။ စနစ်သစ် ပညာရေးမှာ ဘာသာရပ် ၁၀ ခု ရှိပါတယ်။ KG ကနေစပြီး အတန်း အားလုံးမှာ ကာယ၊ ဉာဏဘက်စုံ ဖွံ့ဖြိုးရေးကို ဦးတည်ပြီး သင်ကြား ပါတယ်။ အကြောင်းအမျိုးမျိုး ကြောင့် ကျောင်းမအပ်ရသေးဘူး ဆိုရင်လည်း နီးစပ်ရာ ကျောင်း တွေမှာ စုံစမ်းမေးမြန်းပြီး အပ်နှံ လို့ ရပါတယ်။ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းတက်စေ ချင်ပြီး ကျောင်းလာတက်ကြဖို့ လည်း ဖိတ်ခေါ်ပါတယ်။
ဆရာမ ဒေါ်ကြည်ကြည်သင်း
(ဒုအလယ်တန်းပြ)
အခြေခံပညာအထက်တန်း
ကျောင်း (ပြည်စံအောင်)၊
ဇေယျာသီရိမြို့နယ်
ကျွန်မကတော့ Grade-8 (မြန်မာစာ) သင်ကြားရေး တာဝန် ယူထားပါတယ်။ စနစ်သစ်မှာ မြန်မာစာဟာ အရင်နဲ့ မတူဘဲ အသိပညာယူစရာတွေ ပိုပြီးတော့ များလာတယ်။ သေချာသင်ယူ မယ်ဆိုရင် လက်တွေ့ဘဝမှာ တော်တော် အသုံးဝင်လာမယ်လို့ ထင်ပါတယ်။ စနစ်သစ်သင်ကြား ရေးစနစ်မှာ ဆရာကချည်း ဦးဆောင်သင်ကြားသွားတဲ့ ပုံစံ မဟုတ်ဘဲ ကလေးတွေအားလုံး ပါဝင်ခွင့်ရတဲ့အတွက် ကလေးတွေ လည်း ပိုပျော်ကြပြီး ကလေးတွေရဲ့ စိတ်ဓာတ်ကို တက်ကြွလာစေလို့ ပိုပြီးတော့ ကောင်းပါတယ်။ ကျောင်းအပ်ဖို့အတွက် အချို့ ကျောင်းသား မိဘတွေမှာ စိုးရိမ် စိတ်တွေရှိကြပေမယ့် ကိုယ့် ကလေးတွေ တစ်နှစ်ကျောင်း မတက်ဖြစ်ရင် ကိုယ့်ကလေးပဲ နစ်နာရတာပါ။ ဒါကြောင့် ကျောင်း နေအရွယ် ကလေးတွေနဲ့ မိဘတွေ အနေနဲ့ ကလေးအတွက် စဉ်းစား ပြီး ကျောင်းကိုလွှတ်ပါလို့ ပြောလို ပါတယ်။
မကြယ်စင်မှူး (Grade-11)
အ.ထ.က (၁၃) ပုဗ္ဗသီရိမြို့နယ်
သမီးက ပုဗ္ဗသီရိမြို့နယ် ဝဏ္ဏဒီပ ရပ်ကွက်ကပါ။ မနှစ်က စပြီး ဒီကျောင်းမှာတက်ခဲ့ပါတယ်။ မောင်နှမ သုံးယောက်ရှိပြီး သုံးယောက်စလုံး ကျောင်းသူ ကျောင်းသားတွေ ဖြစ်ပါတယ်။ ကိုဗစ်ကြောင့် အတန်းတစ်နှစ် နားခဲ့ရသလို၊ မနှစ်ကလည်း နိုင်ငံ ရေးအခြေအနေတွေကို စိတ်ပူ လို့ ကျောင်းမတက်ဖြစ်ခဲ့ဘူး။ ဒါကြောင့် နှစ်နှစ် နစ်နာခဲ့ရပါ တယ်။ ဒီနေ့မနက် ကျောင်းတက် ရမှာဆိုတော့ မနက် ၄ နာရီ လောက်ကတည်းက နိုးနေပြီး စိတ်လှုပ်ရှားနေခဲ့တာပါ။ ကျောင်း ပြန်တက်ဖို့ မဖြစ်မနေ လိုအပ် တယ်လို့ သမီးထင်ပါတယ်။ ကလေးတွေက ကျောင်းတက်ခွင့် မရရင် တော်တော်နစ်နာပါတယ်။ သမီးတို့က အခုစနစ်သစ်သင်ရိုးကို သင်ရတာပါ။ စနစ်သစ်သင်ရိုးက သမီးတို့အတွက် ပိုပြီးသင်ကြား ရတာလွယ်ကူတယ်လို့ ထင်ပါ တယ်။ ဥပမာပြောရရင် အင်္ဂလိပ် စာမှာ အရင်က စာပိုဒ်တွေကိုပဲ အဓိကသင်ကြားရတာ။ ဆရာမ တွေက မြန်မာလို ပြန်ရှင်းပြတာ မျိုးပေါ့။ စနစ်သစ်မှာတော့ သမီး တို့ကိုယ်တိုင် လိုက်ပါပြီး ပြောရ တာ၊ နားထောင်ရတာ၊ အပြန် အလှန် ဆွေးနွေးရတာမျိုးတွေနဲ့ ဆိုတော့ သင်ကြားရတာ ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ သမီးမှာ ပန်းတိုင်တစ်ခု ရှိပါတယ်။ သမီး အင်ဂျင်နီယာကြီး ဖြစ်ချင် တယ်။ ဖြစ်အောင်လုပ်မှာမို့ အခုကတည်းက ကျောင်းစာကို အကောင်းဆုံး ကြိုးစားနေပါ တယ်။
မသိမ့်ဧကရီဦး(Grade-12)
အမှတ်(၂) အခြေခံပညာ အထက်
တန်းကျောင်း၊ ဇေယျာသီရိမြို့နယ်
သမီးကတော့ ဒီကျောင်းမှာ သူငယ်တန်းကတည်းက စပြီး တော့တက်တာပါ။ အခုချိန်မှာ ကျောင်းတက်ရင် အခမဲ့ပညာ ရေးစနစ် ဖြစ်ပါတယ်။ ကျောင်း မတက်ရင် ကိုယ့်ပညာရေးအတွက် အခက်အခဲဖြစ်သလို ကိုယ့်ရဲ့ ဘဝရှေ့ရေးအတွက်လည်း ထိခိုက် နိုင်တာကြောင့် အားလုံးကို ကျောင်းတက်စေချင် ပါတယ်။ သမီးလည်း ကျောင်းတက်ရတဲ့ အတွက် ပျော်ပါတယ်။
မောင်စစ်ငြိမ်း(Grade-9)
အမှတ်(၂)၊ အခြေခံပညာ
အထက်တန်းကျောင်း၊
ဇေယျာသီရိမြို့နယ်
ဒီနေ့ကျောင်း စတက်တဲ့ရက် မှာ သူငယ်ချင်းတွေနဲ့ ပြန်တွေ့ ရတော့ ပျော်စရာကောင်းတယ်။ ကျွန်တော်က ဒီကျောင်းမှာ သူငယ် တန်းကတည်းက စတက်ခဲ့တာ ပါ။ စာသင်တဲ့အရွယ်မှာ ကျွန်တော် တို့အားလုံး စာသင်ကြားခွင့်ရဖို့ လိုပါတယ်။ တစ်နိုင်ငံလုံးက ကျောင်းတွေလည်း ကျွန်တော်တို့ ကျောင်းလိုပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖွင့်လှစ်ပြီး အားလုံးကို ပညာ သင်ယူစေလိုပါတယ်။
မမာလာခင် (ဆရာလေး မမေဓာ ထေရီ) Grade(1-C)၊
အ.ထ.က(၂၀) ပုဗ္ဗသီရိမြို့နယ်
ဆရာလေးက မြတ်ပါရမီ စာသင်တိုက်ကနေ လာပြီးတော့ တက်တာပါ။ သီလရှင်မဝတ်ခင် ကတော့ ပခုက္ကူမြို့နယ်ကပါ။ ကျောင်းလာတဲ့အချိန်မှာ သူငယ် ချင်း နှစ်ယောက်လည်းပါခဲ့တယ်။ ကျောင်းတက်ရတာ ပျော်ပါတယ်။ သူငယ်ချင်းအသစ်တွေလည်း ရပါ တယ်။ KG မတက်ဖြစ်ခဲ့ပါဘူး။ အသက်ပြည့်လို့ Grade-1 ကနေ စတက်ပါတယ်။
မအိမ့်စုသဒ္ဒါမြတ်၊ (Grade-9)
အခြေခံပညာအထက်တန်းကျောင်း (ပြည်စံအောင်)၊ ဇေယျာသီရိ
မြို့နယ်
သမီးက ဒီကျောင်းမှာ Grade- 7 ကနေ စတက်ခဲ့တာပါ။ အရင်က ပျော်ဘွယ်မြို့နယ် ပင်သောင် (မူလွန်) ကျောင်းက ပါရှင့်။ အခုကျောင်းမှာတော့ အထက်တန်းကျောင်း ဆိုတော့ ဗဟုသုတတွေလည်း ပိုပြီးတော့ ကျယ်ပြန့်လာပါတယ်။ သမီး အကြိုက်ဆုံး ဘာသာရပ်က အင်္ဂလိပ်နဲ့ သင်္ချာဘာသာရပ်တွေ ဖြစ်ပါတယ်။ အခုခေတ်မှာ ပညာ တတ်မှသာ သူများကို ဦးဆောင် နိုင်တဲ့သူ ဖြစ်မှာပါ။ အားလုံး လည်း ကျောင်းတက်ပြီးတော့ ပညာကောင်းကောင်း သင်ယူကြ ပါ။ ဆရာ၊ ဆရာမ စကား ကို နားထောင်ကြပါ။ သမီးလည်း နားထောင်ပါတယ်လို့ ပြောချင် ပါတယ်။
ဦးဇေယျာသိုက်
(ကျောင်းသားမိဘ)
အထက(၂၀)၊ ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော်မှာ ကျွှန်တော့် သားနှစ်ယောက်ကို လာပို့တာပါ။ မူလတန်း KG မှာ တစ်ယောက်၊ အလယ်တန်းတစ်ယောက် တက် ရောက်နေပါတယ်။ အရင်နှစ် ကတော့ အကြီးကလေးကို ကိုယ်ပိုင် ကျောင်းမှာ ထားတာပါ။ အခုနှစ် မှာ ညီအစ်ကိုနှစ်ယောက်ဖြစ်သွား တော့ အစိုးရကျောင်းမှာပဲ ထား လိုက်တာပါ။ စနစ်သစ်ပညာရေး ပြုပြင်ပြောင်းလဲမှု လုပ်တာကို လည်း သဘောကျပါတယ်။ ကျွန်တော်တို့ ကျောင်းသားမိဘ တွေဘက်ကလည်း ကလေး တွေ ကျောင်းတက်နိုင်ဖို့အတွက် တတ်နိုင်တဲ့ဘက်က ပူးပေါင်း ပါဝင်ပေးချင်ပါတယ်။ ။