
နေပြည်တော် မေ ၂၄
တပ်မတော်အနေဖြင့် သဘာဝဘေးဒဏ်သင့်ဒေသများ သို့ ကူညီကယ်ဆယ်ရေးအဖွဲ့များအား စုဖွဲ့စေလွှတ်၍ လိုအပ် သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိသည့်အပြင် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစု များ၊ စေတနာရှင် အလှူရှင်များက လှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊ ကူညီထောက်ပံ့ရေး ပစ္စည်းများ၊
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီက ထောက်ပံ့ပေးအပ်သည့် ပစ္စည်းများ ကိုလည်း တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များ၊ ရေယာဉ်များဖြင့် ကူညီပို့ဆောင်ပေးလျက်ရှိသည်။
ထိုသို့ ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် စေတနာရှင်အလှူရှင်များက လှူဒါန်းသည့် အဝတ် အထည်များနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ တင်ဆောင်၍ နေပြည်တော်လေဆိပ်မှ ကလေး လေဆိပ်သို့ တပ်မတော်လေယာဉ်ဖြင့် တစ်ကြိမ် ပို့ဆောင်ပေးခဲ့သည်။
အလားတူ ယနေ့တွင်လည်း တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် ဝန်ကြီးဌာနများမှ လှူဒါန်းသည့် စားသောက်ဖွယ်ရာ ပစ္စည်းများ၊ ဆေးကုသရေးဆိုင်ရာ ပစ္စည်းများ၊ ပြန်လည်တည်ဆောက်ရေးဆိုင်ရာပစ္စည်းများ၊ ကူညီကယ်ဆယ်ရေး ပစ္စည်းများ၊ မိုးကာလိပ်များ၊ အဝတ်အထည်များ၊ ရေသန့်ဆေးပြားများ၊ ရှာဖွေကယ်ဆယ်ရေး ပစ္စည်း များ၊ တစ်ကိုယ်ရေသုံးပစ္စည်းများ၊ ဆေးပစ္စည်းများ နှင့် တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် ကော်ဖီထုပ်များ၊ သွားတိုက်ဆေးများ၊ စည်သွတ်ဘူး များကို တင်ဆောင်၍ ရန်ကုန်မြို့ရှိ မင်္ဂလာဒုံလေဆိပ်မှ စစ်တွေလေဆိပ်သို့ တပ်မတော်လေယာဉ်များဖြင့် သုံးကြိမ် ပို့ဆောင်ပေးခဲ့သည်။
အဆိုပါ တပ်မတော်လေယာဉ်များဖြင့် ရောက်ရှိ လာသော ပစ္စည်းများကို တာဝန်ရှိသူများက လက်ခံ ရယူခဲ့ကြကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက် ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်