
ခင်သန်းမြင့်
ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည် နှင့်အညီ လူငယ်ထုအတွက်ပြိုင်ဆိုင်မှု များ၊ စိန်ခေါ်မှုများက ယခင်ခေတ်များ နှင့်မတူ ပို၍ကြီးမားလာသည်။ ကုလသမဂ္ဂ ကလည်း ကမ္ဘာ့လူဦးရေနေ့ (World Population Day)၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ (International Youth Day)အခမ်းအနားများတွင် လူငယ်များ နှင့်ဆက်စပ်၍
“လူငယ်တွေဟာ မည်သည့်လူ့အဖွဲ့ အစည်းမှာမှ ဝန်ထုပ်ဝန်ပိုးအသွင် မဖြစ် စေရေး၊ လူငယ်တွေဟာ အဖိုးထက်ဆုံး ရတနာများဖြစ်စေရမည်”
“လူငယ်များကျန်းမာရေးကောင်းရ မည်၊ လေးစားလောက်သူများဖြစ်ရမည်၊ ပါဝင်စွမ်းဆောင်ခွင့်ရှိရမည်”
“လူငယ်များအတွက် သိက္ခာရှိပြီး ထုတ်လုပ်မှုရှိတဲ့ အလုပ်တွေဖွင့်ပေး ကြပါ”
စသည်ဖြင့် ဆောင်ပုဒ်များ၊ လှုံ့ဆော်မှု များ၊ ကြွေးကြော်မှုများကို နှစ်စဉ် ထုတ်ပြန်လေ့ရှိသည်။
တစ်ဖက်မှာလည်း ယနေ့ခေတ် လူငယ်မျိုးဆက်သစ်များသည် ယခင်က မျိုးဆက်များထက် ပညာပို၍တတ်လာ ကြသော်လည်း အပြိုင်အဆိုင်ပိုများ၍ ပိုခက်ခဲမည်။ အလုပ်အကိုင်ရှာဖွေရာ တွင်လည်း အခက်အခဲအတားအဆီး များစွာနှင့် ကြုံတွေ့ကြရလိမ့်မည်ဟု သုံးသပ်ခဲ့ကြသည်။
ကမ္ဘာ့နိုင်ငံများ ကြားတွင်လည်း ပြိုင်ဆိုင်မှုများ၊ စိန်ခေါ်မှုများက ပို၍ မြင့်မားလာသည်နှင့်အမျှ နိုင်ငံအသီးသီး သည် ပညာခေတ်နှင့်လိုက်လျောညီထွေ လိုက်ပါစီးမျောနိုင်ရေးအတွက် လူ့ စွမ်းအားအရင်းအမြစ်များ စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ကဏ္ဍ အလိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြ သည်။
တရုတ်ပြည်သူ့ သမ္မတနိုင်ငံသည် ပြီးခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံတွင် ပညာ ရေး၊ သိပ္ပံနည်းပညာနှင့် လူရည်ချွန်တို့ သည် ဆိုရှယ်လစ်စနစ်ခေတ်မီနိုင်ငံတော် ဘက်စုံ တည်ဆောက်ရေးအတွက် အခြေခံနှင့် မဟာဗျူဟာမြောက် ပံ့ပိုးမှု များဖြစ်သည်။ သိပ္ပံပညာသည် နံပါတ် တစ် ထုတ်လုပ်မှုစွမ်းအား၊ လူရည်ချွန် သည် နံပါတ်တစ်အရင်းအမြစ်၊ ဆန်းသစ် တီထွင်မှုသည် နံပါတ်တစ်မောင်းနှင်အား ဟူ၍ ကိုင်စွဲပြီး သိပ္ပံနှင့်နည်းပညာနှင့် ပညာရေးဖြင့် နိုင်ငံရှင်သန်တိုးတက်ရေး မဟာဗျူဟာ၊ လူရည်ချွန်ဖြင့် နိုင်ငံ တောင့်တင်းခိုင်မာရေး မဟာဗျူဟာ၊ ဆန်းသစ်တီထွင်မှုဖြင့် ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရေး မဟာဗျူဟာတို့ကို နက်ရှိုင်းစွာ အကောင်အထည်ဖော် ဆောင်ရမည်။ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နယ်ပယ်သစ်၊ လမ်းကြောင်းသစ် များ ဖွင့်လှစ်၍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ဆောင်ချက်သစ်များ၊ အားသာချက်အသစ်များကို အဆက် မပြတ် ဖန်တီးပုံဖော်ရမည် စသည်ဖြင့် သုံးသပ်ရည်မှန်းချက်များအဖြစ် ချမှတ်ခဲ့ ကြောင်း သိရသည်။
ထို့ပြင် “ပြည်သူလူထုကိုဗဟိုပြု၍ ပညာရေးဖွံ့ဖြိုးတိုးတက်စေပြီး အရည် အသွေးမြင့်မားသော ပညာရေးစနစ်ကို အရှိန်အဟုန်မြှင့် တည်ဆောက်ရန်၊ အရည်အသွေးပြည့်ဝသော ပညာရေး ဖော်ဆောင်ရန်၊ မသင်မနေရ ပညာရေး အရည်အသွေးမြင့်မားစွာ ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်နှင့် မြို့ပြတစ်သားတည်း ဖြစ်စေရေးကို မြှင့်တင်ဆောင်ရွက်ရန်၊ ဒေသတွင်း ပညာရေးအရင်းအမြစ်ခွဲဝေမှုကို ပိုမို ကောင်းမွန်စေပြီး မူကြိုပညာရေး၊ အထူး ပညာရေး၏ ကျယ်ကျယ်ပြန့်ပြန့် အကျိုးပြု၊ ဖွံ့ဖြိုးတိုးတက်မှုအားကောင်း စေရန်၊ အထက်တန်းကျောင်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ရန်၊ ပညာသင် ကျောင်းသားအားလုံးကို လွှမ်းခြုံထားသော ထောက်ပံ့ရေးစနစ်ကို ပြီးပြည့်စုံမှု ဖြစ်စေရန်၊ ဒစ်ဂျစ်တယ် ပညာရေးကို မြှင့်တင်၍ ပြည်သူတစ်ရပ် လုံး တစ်သက်တာသင်ယူလေ့လာနိုင် သော သင်ယူလေ့လာမှုပုံစံ လူ့အဖွဲ့ အစည်း၊ သင်ယူလေ့လာမှုပုံစံ နိုင်ငံကြီး အဖြစ် တည်ဆောက်ရန်ရည်မှန်းထား သည်။
ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာ့လူ့ အဖွဲ့အစည်းသည်လည်း ပညာကိုဦးထိပ် ပန်ဆင် ရှေ့တန်းတင်လေ့ရှိသော လူ့ အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။ မိဘ နှစ်ပါး၏အလိုလိုက်မှုကြောင့် ငယ်စဉ်က စာမသင်ခဲ့သော ကုဋေရှစ်ဆယ် သူဌေး သားသည် ကြီးသောအခါဝယ် အမွေ ပစ္စည်းများဆုံးရှုံး၍ ခွက်လက်ဆွဲကာ တောင်းစားရသည့် ဇာတ်နိပါတ်များပင် ယခင်က ကျောင်းသင်ခန်းစာအဖြစ် ထည့်သွင်းပြဋ္ဌာန်းခဲ့ပါသည်။
ကုလသမဂ္ဂက အသက် ၁၅ နှစ်မှ ၂၄ နှစ်ကြား အရွယ်အပိုင်းအခြားကို လူငယ်အဖြစ် သတ်မှတ်ထားသကဲ့သို့ မြန်မာလူ့အဖွဲ့အစည်း၌လည်း ရှေးအစဉ် အဆက်ကတည်းက ပညာရှာရမည့် ပထမအရွယ်ကို ငယ်စဉ်ကာလမှ အသက် ၂၅ နှစ်အထိ ပိုင်းခြားသတ်မှတ် ထားသည်။ ပထမအရွယ်သည် ရုပ်ပိုင်း ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအရ ပညာရေး ဆိုင်ရာများကို လေ့လာကြရမည့်အချိန် ပိုင်း ဖြစ်သည်ဟု ဆိုသည်။
ပညာသင်ယူသည့် အခါတွင်လည်း အတိုကောက်အားဖြင့် သု၊ စိ၊ ပု၊ ဘာ၊ ဝိ၊ လိ၊ သိ၊ ဓာဟူ၍ မှတ်သားပြီး ကြားနာ ခြင်း၊ ကြံစည်ခြင်း၊ မေးမြန်းခြင်း၊ ပြောဆို ခြင်း၊ စူးစမ်းဆင်ခြင်ခြင်း၊ ရေးသားခြင်း၊ လေ့ကျင့်ခြင်း၊ နှုတ်ငုံဆောင်ခြင်းဟူသည့် ပညာပွားရာသော အကြောင်းတရား ရှစ်ပါးကို ရှေးအစဉ်အဆက်ကတည်းက လမ်းညွှန်မှုပြုခဲ့ပါသည်။
ပါမောက္ခချုပ် ဆရာတော်ကြီး ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသက လည်း နှစ် (၃၀) ပြည့် မဟာသုဗောဓာရုံ ကျောင်းတိုက်နေ့ အထိမ်းအမှတ်အဖြစ် သောတုဇနအရှင်မြတ်တို့အား “သိမြင် လိုလား၊ သုတပွား၊ သုတပွားက၊ ပညာရ။
ပညာရလျှင်၊ ကျိုးကြောင်းမြင်၊ ကျိုးကြောင်းမြင်က၊ ချမ်းသာရ” ဟူသည့် ထေရဂါထာလာ အဆိုပါဂါထာလေးနှင့် အတူ “သိမြင်လိုမှုဆန္ဒကြောင့် စာပေ သင်ယူကြားနာကြသဖြင့် သိမြင်လိုမှုနှင့် အမျှ သုတကိုအခြေခံ၍ ကြံစည်သုံးသပ် ဆုံးဖြတ်ပိုင်ပိုင် သိနိုင်စွမ်းသည့်ဉာဏ် ပညာလည်း တိုးတက်လာရပါသည်။ ဤဆန္ဒနှင့် သုတအခြေခံအကြောင်း နှစ်ရပ်သည် ပညာရရန်အတွက် လုံလောက်သောအကြောင်းနှစ်ရပ် ဖြစ်ပါ သည်။ ၎င်းအကြောင်းနှစ်ရပ်ကို ဂါထာ ရှေ့ထက်ဝက်ဖြင့် ဖော်ပြထားခြင်းဖြစ် ပါသည်။
ဂါထာနောက်ထက်ဝက်ဖြင့် ပညာ၏ အကျိုးများကို ဖော်ကျူးထားခြင်းဖြစ်ပါ သည်။ ဆန္ဒနှင့် သုတအရင်းခံသဖြင့် ပညာရလာပါပြီ။ ရလာသည့်ပညာမှာ ဘာအကျိုးရှိပါသလဲ၊ မေးရန်ရှိလာပါ သည်။ ထိုအမေးအတွက် အဖြေကိုဖော် ထုတ်ထားခြင်းဖြစ်ပါသည်။
ပညာရလာလျှင် ၎င်းပညာဖြင့် အဆိုးအကောင်း အကျိုးအကြောင်းကို ခွဲခြား သိမြင်တတ်ပါသည်။ ပညာမရှိ လျှင် မျက်မမြင်နှင့် အလားတူပါသည်။ မျက်မမြင်သူကန်း စမ်းတဝါးဝါး စခန်း သွားလျှင် လိုရာဌာနမရောက်ဘဲ ဒုက္ခ အဖုံဖုံ ကြုံရသလို ပညာမရှိလျှင် အရာရာ တွင် ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းမရှိသဖြင့် အမှားမှားအယွင်းယွင်းဖြင့် နောက်ဆုံး ဒုက္ခတွင်း၌သာ နစ်မြုပ်ရပါသည်။ ထို့ကြောင့် အရာရာတွင် အဆိုးအကောင်း အကျိုးအကြောင်းကို ခွဲခြားသိတတ် သော ပညာရရှိရန် လိုအပ်ပါသည်။ ပညာ ရ၍ ပညာဖြင့် ကျိုးကြောင်းဆင်ခြင်သိမြင် ကာ အရာရာဆောင်ရွက်လုပ်ကိုင်သွားနိုင်သဖြင့် ချမ်းသာသုခ ရရှိနိုင်ပါသည်” စသည်ဖြင့် ပေးပို့သော ဓမ္မလက်ဆောင် ကလည်း ပညာရှာမှီးလိုသူများ အတွက် မှတ်သားနာယူစရာဖြစ်ပါသည်။
“ရှာဖွေခြင်းနှင့် ရရှိခြင်း” တရား တော်တွင်လည်း ဆရာတော်ကြီးက “သုဿူသာ သုတဝနီ၊ ကြားနာခြင်းငှာ အလိုရှိတယ်၊ ကြားနာတယ်ဆိုတာ ပညာယူနေတာ၊ မှတ်ယူနေတာ၊ အဲဒီ ကြားနာခြင်းဟာ ‘သုတ’ဆိုတဲ့ မှတ်သား စရာတွေ ကိုယ့်မှာ တိုးတက်များပြားလာ တယ်။ အသိတွေများလာတယ်။ မကြား ဖူးတာတွေ ကြားလာလို့ သုတတွေ များလာတယ်။
အဲဒီလို သုတတွေရလာတော့ ဘာဖြစ်လဲ၊ ‘သုတံ ပညာယ ဝန’ - အသိ ပညာတွေ တိုးပွားလာတယ်။ ပညာဆို တာ ဘာလုပ်ဖို့လဲ၊ ပညာဆိုတာ သဘာဝ တရားတွေကို အမှန်သိအောင်စဉ်းစား တတ်တယ်၊ မြင်တတ်တယ်၊ ကွဲကွဲ ပြားပြား ပိုင်းပိုင်းခြားခြား သိတယ်၊ အဲဒါ ကို ပညာလို့ ခေါ်တယ်။ သုတကို အခြေခံလိုက်တဲ့အခါ ကိုယ့်သန္တာန်မှာ Knowledge လို့ခေါ်တဲ့ ပညာတွေရလာ တယ်။
အဲဒီပညာတွေရလာတဲ့အခါ ဘာလုပ် ရလဲဆိုတော့ ‘ပညာယ အတ္ထံ ဇာနာတိ’ တဲ့၊ အဲဒီ Knowledge ဆိုတဲ့ ပညာတွေရ လာတဲ့အခါ ဘဝရဲ့အဓိပ္ပာယ်၊ လောကရဲ့ အဓိပ္ပာယ်၊ ဘဝရဲ့ အစစ်အမှန် သရုပ် သကန်တွေကို မြင်လာတယ်။ ဒါတွေက ပညာမရှိရင် မမြင်ဘူးလေ။ အဲဒီတော့ သာမန်ကိစ္စကလေးတွေ မဟုတ်ဘဲနဲ့ ဘဝရဲ့လေးနက်တဲ့အဓိပ္ပာယ်တွေ သိလာ တယ်။ ဘဝရဲ့အနှစ်သာရကို သိလာ တယ်။ အကျိုးအမြတ်တွေကို စဉ်းစား တတ်လာတယ်။ ဘာလုပ်သင့်တယ် ဘာမလုပ်သင့်ဘူးဆိုတာကို ခွဲခြားပြီး သိလာတယ်။ အဲဒါကိုပြောတာ၊ ‘ပညာယ အတ္ထံဇာနာတိ’ လေးနက်တဲ့အဓိပ္ပာယ် တွေကို သိလာတယ်။
သိလာတဲ့အခါ ဘာဖြစ်တုန်းဆိုတော့ ‘ဉာတော အတ္ထော သုခါဝဟော’ အဲဒီလို သိလာတဲ့ ပုဂ္ဂိုလ်ဟာ အဲဒီလေးနက်တဲ့ အဓိပ္ပာယ်အတိုင်း မလုပ်သင့်တာကို ရှောင်တယ်။ လုပ်သင့်တာကို လုပ်တယ်။ ဘဝမှာ အပြစ်ကင်းအောင်နေတယ်။အပြစ်ရှိတာကို ရှောင်တယ်။ အပြစ် ကင်းတာကို ဆောင်တယ်ဆိုတော့ ဘဝ မှာလုပ်သင့်တာတွေလုပ်ပြီး မလုပ်သင့် တာကို ရှောင်သည့်အတွက်ကြောင့် ပြဿနာတွေ မကြုံတော့ဘဲနဲ့ လက်ရှိ ဘဝမှာလည်း အေးချမ်းသာယာမှုရ တယ်” စသည်ဖြင့် ဟောကြားတော်မူခဲ့ ပါသည်။
ထို့အတူ ‘ပညာ န ရာနံ ရတနံ-အသိ ပညာသည်သာ လူရဲ့ရတနာ၊ ပညာသည် သာလျှင် လူသားတို့အတွက် ရတနာဖြစ် ပါတယ်’ဟု ဆရာတော်ကြီးက မိန့်ကြား တော်မူပါသည်။
၂၀၂၃-၂၀၂၄ စာသင်နှစ် အခြေခံ ပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန် ရောက်လာပါပြီ။ ပညာခေတ်တွင် မိမိတို့ ၏ ရင်သွေးငယ်များ နောက်ကျကျန်ရစ်မှု မဖြစ်စေရန်၊ ဆုံးရှုံးနစ်နာမှုမရှိစေရန် မိဘတို့က ဝတ္တရားရှိသည့်အတိုင်း ငယ်စဉ်ကတည်းက ပညာသင်ကြားနိုင် ရန် အခြေအနေကောင်းများကို ဖန်တီး ပေးရပါမည်။ ပညာရှာ လူငယ်များ၏ အနာဂတ်ကိုအလေးထား လေးစားသော အားဖြင့် မပျက်မကွက် ကျောင်းအပ်နှံ ပေးကြရပါမည်။ ပညာရှာ လူငယ်များ အနေဖြင့်လည်း အပြိုင်အဆိုင်ပို၍ ကြီးမားလာသော ယနေ့ကမ္ဘာတွင် သာမန်ထက်ထူးချွန်သည့် လူရည်ချွန် ပညာတတ်ကြီးများဖြစ် လာစေရန် ကိုယ်တိုင်ကြိုးစားလေ့လာ သင်ယူကြရန် လိုအပ်ပါသည်။ တစ်ခေတ် တစ်ခါက နာမည်ကျော် အဆိုတော် အစ်မ အယ်လ်ခွန်းရီ၏ အကျိုးပြု တေးသီချင်း တစ်ပုဒ်ကို ပြန်လည်အမှတ်ရ ကြားယောင်လာမိသည်။
သီချင်းခေါင်းစဉ်က “စိမ်းလန်းရေး”။
“နွေလွန်ရင် မေ၊ ဇွန်ရာသီ မိုးစက် တွေ၊ စိုစိုရွှဲ သည်းကြတော့မယ်။ မြေပြင် တခို စိုပြည်အောင် သစ်ရွက်တွေ၊ စိုစိုစိမ်း ယိမ်းကတော့မယ်။ စိုပြည်အောင်ရွာပါ စေကွယ် မိုးမင်းရယ်၊ ဒီကမ္ဘာကြီး စိမ်းလန်းရေးကွယ်။ ဒီအချိန်မှာ စာသင် ရန် ကျောင်းတံခါးတွေ၊ တစ်ကြိမ်ပြန်ပြီး ဖွင့်ကြတော့မယ်။
“ပညာရှာလူငယ်များ၊ ကျန်းမာ စိမ်းလန်းရေး... အရေးကြီးတဲ့နေ့တွေ ကွယ်၊ သူတို့ အနာဂတ်ကို လေးစား။
“ဒီကမ္ဘာကို ပျော်ရွှင်ပါစေ စိမ်းလန်း ရေးရယ်၊ လူငယ်များစိမ်းလန်းရေးကွယ်။ အမှန်ဆိုရင် ပုံဝင်အောင်ကွယ် လမ်းပြ ရမယ်၊ ဒီလိုအရွယ်ကတည်းက လမ်းရွေး မယ်။
“လူငယ်တွေ ကမ္ဘာကိုသင်ယူ အမှား ကင်းစေ၊ ကမ္ဘာကြီးစိမ်းလန်းရေးကွယ်။ ဒီအိမ်မှာ ကိုယ်သီချင်းတစ်ပုဒ် ဖွဲ့လိုက် မယ်၊ လူငယ်များ စိမ်းလန်းရေးကွယ်”
သံစဉ်၊ စာသားများကား အဓိပ္ပာယ် ပြည့်ဝလှပလို့ နေပါသည်။ အနာဂတ် နိုင်ငံတော်နှင့် ပညာရှာလူငယ်များ၏ အနာဂတ်ကို ကျွန်မတို့မြန်မာ့လူ့အဖွဲ့ အစည်းက အလေးထား လေးစားသမှု ပြုကြရပါမည်။ အထူးသဖြင့် ၂၀၂၃ ခုနှစ် မေ ၂၃ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်နေ့ ရက်များသည် ပညာရှာလူငယ်များ အတွက် အရေးကြီးသော နေ့ရက်များ ဖြစ်ပါတော့သည်။ ။
- Log in to post comments