
ဘာလီ မေ ၂၃
(၁၈) ကြိမ်မြောက် အာရှမီဒီယာထိပ်သီး ညီလာခံ (18th Asia Media Summit) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အင်ဒိုနီးရှားနိုင်ငံ ဒန်ပါဆာမြို့(ဘာလီ)ရှိ Grand Hyatt Hotel မှ Ballroom ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ပြီး ပါဝင်ဆွေးနွေးသည်။
နှုတ်ခွန်းဆက်စကားပြောကြား
ရှေးဦးစွာ 18th Asia Media Summit ဖွင့်ပွဲအခမ်းအနား ကျင်းပရာ အင်ဒိုနီးရှား သမ္မတနိုင်ငံ ဒုတိယသမ္မတ မာရွတ်အမင် (H.E K.H Ma’ Ruf Amin) ၊ အာရှ-ပစိဖိတ် ရုပ်သံလွှင့်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးဗဟိုဌာန (Asia-Pacific Institute for Broadcasting Development -AIBD) ညွှန်ကြားရေးမှူး Ms.Philomena Gnanapragasam ၊ အင်ဒိုနီးရှားရုပ်မြင်သံကြားနှင့် အသံလွှင့်ဌာန (TVRI) Presi-dent Director Mr. Iman Brotoseno ၊ ကုလသမဂ္ဂ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးကော်မရှင် (UNE-SCAP) အမှုဆောင်အတွင်းရေးမှူးနှင့် ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူး ချုပ် H.E Armida Salsiah Alisjahbana၊ အာဆီယံအတွင်းရေးမှူးချုပ် H.E Dr. Kao Kim Hourn နှင့် AIBD ဒုတိယဥက္ကဋ္ဌ Razal Giovanni Aportadera Jr. တို့က နှုတ်ခွန်းဆက်စကားပြောကြားကြသည်။
ထို့နောက် ထိပ်သီးညီလာခံ၏ ဝန်ကြီးအဆင့်ဆွေးနွေးပွဲကို ကိုဗစ်-၁၉ အလွန် စီးပွားရေးပြန်လည်ထူထောင်ရာ၌ မီဒီယာ၏အခန်းကဏ္ဍ (Role of Media in Economic Recovery) ခေါင်းစဉ် ဖြင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ကမ္ဘောဒီးယားနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီး H.E Dr. Kheiu Kanharith ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြန်ကြားရေးနှင့် ရုပ်သံလွှင့်ဝန်ကြီးဌာန ဝန်ကြီး H.E Dr. Hasan Mahmud ၊ ဆာမိုအာနိုင်ငံ ဆက်သွယ်ရေး၊ ပြန်ကြား ရေးနှင့် နည်းပညာဝန်ကြီးဌာန ဝန်ကြီး H.E Toelupe Poumulinuku Onesemo နှင့ ဖီဂျီသမ္မတနိုင်ငံ ဝန်ကြီးချုပ်ရုံး ဒုတိယ ဝန်ကြီး H.E Sakiusa Tubuna တို့က ဦးဆောင်ဆွေးနွေးသူများအဖြစ် တက်ရောက်ဆွေးနွေးကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး က မြန်မာနိုင်ငံတွင် Vaccination Management Information System ကို ရေးဆွဲပြီး ပြည်သူများ၏ ကာကွယ် ဆေးထိုးမှတ်တမ်းပြုစု၍ စနစ်တကျ ဆောင်ရွက်ခဲ့ပါကြောင်း၊ ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်း စီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ်ဖြင့် ရောဂါ ကို ထိန်းချုပ်ကာကွယ်ခြင်း၊ အသိပညာ ပေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေး ညီ ဆောင်ရွက်ခဲ့ပါကြောင်း၊ ကိုဗစ်−၁၉ ရောဂါကြောင့် ထိခိုက်ခဲ့ရသော အသေး စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များ အမြန်ပြန်လည် လည်ပတ်နိုင်ရေး အတွက် သီးခြားရန်ပုံငွေ ထူထောင်၍ အတိုးနှုန်းသက်သာစွာဖြင့် ချေးငွေများ စိစစ်ထုတ်ချေးပေးခဲ့ပြီး ယင်းသို့ ထောက်ပံ့မှုအခြေအနေများကို အချိန်နှင့် တစ်ပြေးညီ အများပြည်သူထံသို့ ပြန်ကြား ထုတ်လွှင့်ပေးခဲ့ကြောင်း။
အထူးသဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် စီးပွားရေးထိခိုက်မှုများ ပြန်လည် ကုစားနိုင်ရေးအတွက် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာကဏ္ဍမှ ထိခိုက်မှုအများဆုံးဖြစ်ခဲ့သည့် လုပ်ငန်း များအတွက် ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေ များ အချိန်နှင့်တစ်ပြေးညီ ထုတ်ချေး ခဲ့ပါကြောင်း၊ ကိုဗစ်−၁၉ ရောဂါကြောင့် ပြိုလဲခဲ့ရသည့် ပုဂ္ဂလိကမီဒီယာများ ပြန်လည် ဦးမော့လာစေရေးအတွက် လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်နိုင် ရန် ပြန်ကြားရေးဝန်ကြီးဌာနတွင် မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အသစ်ကို မကြာမီက ဖွဲ့စည်းခဲ့ပါကြောင်း၊ မြန်မာ နိုင်ငံတွင် ကိုဗစ်ရောဂါကို အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်ထားနိုင်ခဲ့ပြီး စီးပွား ရေး ပြန်လည်နိုးထစေရေး ကနဦး အစီအစဉ်များကိုလည်း စတင်ဆောင်ရွက် နေပါကြောင်း။
အသိပညာပေးမှုများအချိန်မီထုတ်ပြန်
ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် ပြည်သူလူထု စိတ်ဝင်စားမှုများသည့် ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုချီးမြှင့်ပွဲကဲ့သို့ နိုင်ငံတော်အဆင့် အခမ်းအနားများကို အခက်အခဲများကြားမှ ကိုဗစ်-၁၉ မတိုင်မီ ကာလများကကဲ့သို့ စည်စည်ကားကား၊ အောင်အောင်မြင်မြင်၊ ပျော်ပျော်ရွှင်ရွှင် ဖြစ်အောင် တာဝန်ယူစီစဉ်ကျင်းပနိုင် ခဲ့ပါကြောင်း၊ ပြီးခဲ့သည့် မေ ၁၄ ရက် တွင် အလွန့်အလွန်အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “မိုခါ” (MOCHA)သည် မြန်မာ နိုင်ငံ ရခိုင်ကမ်းရိုးတန်းဒေသ၊ စစ်တွေမြို့ အနီးမှ အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီ လျှင် ၁၃၅ မိုင်နှုန်းဖြင့် ဖြတ်ကျော် ဝင်ရောက်တိုက်ခတ်ခဲ့ပါကြောင်း၊ အဆိုပါ မုန်တိုင်းဝင်ရောက်နိုင်ခြေရှိမှုကို ကြိုတင် တွက်ချက်သိရှိနိုင်ခဲ့ခြင်း၊ ထိခိုက်မှု အနည်းဆုံးဖြင့် မုန်တိုင်းအန္တရာယ်ကို အောင်မြင်စွာ ကျော်လွှားနိုင်ရန်အတွက် အစီအမံများဖြင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်ခဲ့ခြင်း၊ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကမီဒီယာများ၏ ထိရောက်သည့် အသိပညာပေးမှုများကို အချိန်မီထုတ်ပြန် ဆောင်ရွက်နိုင်ခဲ့ခြင်းတို့ကြောင့် လူပေါင်း များစွာ၏ အသက်အန္တရာယ်များစွာကို ကယ်တင်နိုင်ခဲ့ပါကြောင်းနှင့် သတင်း မီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ တွင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကို တက်တက် ကြွကြွဖြင့် ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး သည် အာရှ - ပစိဖိတ်ဒေသတွင်းနိုင်ငံများ ပြန်ကြားရေးကဏ္ဍဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးနှင့် အိမ်ရှင်အင်ဒိုနီးရှားနိုင်ငံ ပြန်ကြားရေးဌာနနှင့် AIBD တို့က ပူးပေါင်းတည်ခင်းသည့် အလုပ်သဘော နေ့လယ်စာ စားပွဲသို့ တက်ရောက်သည်။
နေ့လယ်စာ စားပွဲတွင် ပြည်ထောင်စု ဝန်ကြီးက မြန်မာနိုင်ငံ၌ သတင်းတု/သတင်းမှားများ ထိုးနှက်မှုအန္တရာယ်ကို ဆွေးနွေးပြောကြားရာ AIBD မှ တာဝန်ရှိ သူများနှင့် တက်ရောက်ကြသူများက နားလည်သဘောပေါက်ပြီး သတင်းမှား တိုက်ဖျက်ရေးနှင့် သတင်းမှန်ပြန်ကြား ရေးတွင် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးပြောကြား ကြသည်။
မွန်းလွဲပိုင်းတွင် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ တက်ရောက်လာ ကြသည့် ပြန်ကြားရေးကဏ္ဍဆိုင်ရာ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အာရှ-ပစိဖိတ်ဒေသတွင်းနှင့် ဒေသပြင်ပ ရုပ်/သံလွှင့်ဌာနများမှ အကြီးအကဲများ၊ အစိုးရနှင့်ပုဂ္ဂလိက ရုပ်သံအဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ၊ မီဒီယာ ကျွမ်းကျင်ပညာရှင်များ၊ မူဝါဒချမှတ်သူ များနှင့် AIBD မှ တာဝန်ရှိသူများက ရုပ်သံလွှင့်ကဏ္ဍတွင် ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် နည်းပညာရပ်များဖြင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
(၁၈) ကြိမ်မြောက် အာရှမီဒီယာ ထိပ်သီးညီလာခံ အစည်းအဝေးကို အာရှ-ပစိဖိတ် ရုပ်သံလွှင့်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဗဟိုဌာန (AIBD) နှင့် အင်ဒို နီးရှားရုပ်မြင်သံကြားဌာနတို့ ပူးပေါင်း၍ မေ ၂၁ ရက်မှ ၂၅ ရက်အထိ ကျင်းပပြုလုပ် ခြင်းဖြစ်ပြီး အစည်းအဝေးသို့ အာရှ-ပစိဖိတ်ဒေသတွင်းနှင့် ဒေသပြင်ပရှိ နိုင်ငံ ပေါင်း ၃၈ နိုင်ငံမှ သတင်းအချက်အလက် နှင့် မီဒီယာဆိုင်ရာ အကြီးအကဲများ၊ အဆင့်မြင့်အရာရှိကြီးများ၊ AIBD မှ တာဝန်ရှိသူများ၊ မီဒီယာကျွမ်းကျင်သူများ၊ မူဝါဒချမှတ်သူများနှင့် စိတ်ပါဝင်စားသူ ကိုယ်စားလှယ်ပေါင်း ၃၅၀ ခန့် တက်ရောက်ကြသည်။
ညပိုင်းတွင် 18th ASIA MEDIA SUMMIT 2023 ၏ AIBD မှ စီစဉ်သည့် ရုပ်သံအစီအစဉ်ပြိုင်ပွဲများ၌ အကောင်း ဆုံး ရုပ်သံအစီအစဉ်ဆု(Best TV Progra-mme Award)နှင့် အကောင်းဆုံး ရေဒီယို အစီအစဉ်ဆု (Best Radio Programme Award) ရရှိကြသူများ၊ ဒိုင်အဖွဲ့ဝင် အထူးဆု ( Special Jury Award on TV Programme)ရရှိကြသူများနှင့် ရေရှည် တည်တံ့မှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းမှု ဆိုင်ရာ နည်းပညာဆု (Award for Sustainability & Green Technology Award) ရရှိကြသူများအား ဆုချီးမြှင့်ပွဲနှင့် အတူ ဂုဏ်ပြုညစာစားပွဲကို Grand Hyatt Hotel ရှိ ကမ်းခြေပန်းခြံတွင် ရိုးရာနှင့် ခေတ်ပေါ် အဆိုအကအတီးများဖြင့် ခမ်းနားစွာ စီစဉ်ကျင်းပရာ ပြည်ထောင်စု ဝန်ကြီးလည်း ပါဝင်တက်ရောက်၍ ဆုချီးမြှင့်ခဲ့သည်။
တင်းပြည့်အဖွဲ့ဝင်အဖြစ်ဝင်ရောက်
အာရှ-ပစိဖိတ် ရုပ်သံလွှင့်လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန (AIBD) ကို UNESCO ၏ အစီအစဉ်ဖြင့် မလေးရှား နိုင်ငံ၌ ၁၉၇၇ ခုနှစ်တွင် စတင်တည်ထောင် ခဲ့ပြီး လက်ရှိတွင် ဒေသတွင်းမှ တင်းပြည့် အဖွဲ့ဝင် ၂၆ ဖွဲ့ နှင့် အာရှ၊ ပစိဖိတ်၊ဥရောပ၊ အာဖရိက၊ အာရပ်နှင့် မြောက်အမေရိက စသည့် ဒေသများမှ မိတ်ဖက်အဖွဲ့အစည်း ပေါင်း ၅၀ ကျော် ပူးပေါင်းဆောင်ရွက် လျက်ရှိရာ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) သည် အာရှ-ပစိဖိတ် ရုပ်သံလွှင့်လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန (AIBD) သို့ တင်းပြည့်အဖွဲ့ဝင်အဖြစ် ၁၉၉၇ ခုနှစ် က ဝင်ရောက်၍ ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။
အာရှသတင်းမီဒီယာ ထိပ်သီးအစည်း အဝေး(Asia Media Summit)ကို နှစ်စဉ် ကျင်းပလေ့ရှိရာ 14th Asia Media Summit အား ၂၀၁၇ ခုနှစ်က တရုတ်နိုင်ငံ ချင်း တောင်မြို့တွင်လည်းကောင်း၊ 15th Asia Media Summit အား ၂၀၁၈ ခုနှစ်တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌လည်း ကောင်း၊ 16th Asia Media Summit အား ၂၀၁၉ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိမြို့၌လည်းကောင်း ကျင်းပခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်များတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျင်းပနိုင် ခဲ့ခြင်းမရှိခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်တွင် AIBD အခြေစိုက်သည့် မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှ အွန်လိုင်းမှတစ်ဆင့် 17th Asia Media Summit ကို ကျင်းပခဲ့ပြီး ယခု ၂၀၂၃ ခုနှစ်တွင် အင်ဒိုနီးရှား ရုပ်မြင် သံကြားနှင့် အသံလွှင့်ဌာန(TVRI)က (၁၈)ကြိမ်မြောက် အာရှမီဒီယာထိပ်သီး ညီလာခံ (18th Asia Media Summit) ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဖြစ် ကြောင်း သိရသည်။
သတင်းစဉ်