
စစ်တွေ မေ ၂၀
ကျန်းမာရေးဝန်ကြီးဌာနသည် မိုခါ မုန်တိုင်း ဘေးအန္တရာယ်ကျရောက်မှုနှင့် စပ်လျဉ်း၍ ဘင်္ဂလားပင်လယ်အော် အတွင်း၌ မုန်တိုင်းသတင်းရရှိသည့် အချိန်ကပင်စတင်၍ တိုင်းဒေသကြီး/ ပြည်နယ်/ခရိုင်/မြို့နယ် ပြည်သူ့ကျန်းမာ ရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးများကို နေ့စဉ်ကျင်းပ ဆောင်ရွက်ခဲ့ပြီး ကြိုတင်ပြင်ဆင်မှုများ အား တိုင်းဒေသကြီး/ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်မှ ကျေးလက် ဒေသအဆင့်အထိ ရောက်ရှိစေ၍ ဖြစ်ပေါ် လာမည့် ဘေးအန္တရာယ်ကိုကြံ့ကြံ့ခံနိုင်ကာ ကျန်းမာရေးဝန်ထမ်းများနှင့် လူနာများ ဘေးအန္တရာယ်ကင်းရေး၊ နိုင်ငံတော်ပိုင် ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုအနည်းဆုံး ဖြစ်ရေး၊ ဘေးအန္တရာယ် ကျရောက် ပြီးပါက ကျန်းမာရေးစောင့်ရှောက်မှုများ အမြန်ဆုံးပေးအပ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်နိုင်ရေးတို့အတွက် အဘက် ဘက်မှ ကြိုတင်စီစဉ် အားဖြည့် ဆောင်ရွက်ခဲ့သည်။
ထိုသို့ ကြိုတင်စီစဉ်အားဖြည့် ဆောင်ရွက်ထားရှိသည်နှင့်အညီ မိုခါ မုန်တိုင်း ဘေးအန္တရာယ်ကျရောက်သည့် ဒေသများတွင် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို မေ ၁၅ ရက်မှစတင်၍ ကျန်းမာရေးဝန်ကြီး ဌာနအောက်ရှိ အရေးပေါ်တုံ့ပြန်ဆောင် ရွက်ရေးအဖွဲ့များ၊ အထူးကုဆေးအဖွဲ့များ နှင့် ဆေးအဖွဲ့များက အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိသည်။
ရန်ကုန်မြို့မှ ရခိုင်ပြည်နယ်ရှိ မြို့နယ် များတွင် သွားရောက်တာဝန်ထမ်းဆောင် နေသည့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး ဆေးအဖွဲ့များ အဖြစ် စစ်တွေမြို့နယ်တွင် ဆေးတက္ကသိုလ်(၁)နှင့် ဆေးတက္ကသိုလ်(၂)တို့မှ အထူးကုဆရာဝန်ကြီးများ ပါဝင်သည့် အထူးကုဆေးအဖွဲ့များအပါအဝင် ဆေး အဖွဲ့ ၁၀ ဖွဲ့ရောက်ရှိ တာဝန်ထမ်းဆောင်လျက်ရှိပြီး အထူးကုဆရာဝန်ကြီးများသည် အထူးကုဆေးအဖွဲ့ များနှင့်အတူ စစ်တွေမြို့ပေါ်ရှိ လေဘေးသင့် ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ၊ ရပ်ကွက်ကျေးရွာများသို့ သွားရောက်၍ အထူးကု နယ်လှည့်ဆေးကုသမှုများ ဆောင်ရွက်လျက်ရှိသည်။
ကျန်းမာရေးအသိပညာမြှင့်တင်
ရခိုင်ပြည်နယ်ရှိ မြို့နယ်များတွင် အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေး အထူးကုဆေးအဖွဲ့များနှင့် ဆေးအဖွဲ့များအနေဖြင့် မင်းပြားမြို့နယ်တွင် ဆေးအဖွဲ့ ရှစ်ဖွဲ့၊ ရသေ့တောင်မြို့နယ်တွင် ဆေးအဖွဲ့ နှစ်ဖွဲ့၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဆေးအဖွဲ့ ခုနစ်ဖွဲ့၊ ပေါက်တောမြို့နယ်တွင် ဆေးအဖွဲ့ နှစ်ဖွဲ့၊ မာန်အောင် မြို့နယ်တွင် ဆေးအဖွဲ့ ရှစ်ဖွဲ့၊ မြေပုံမြို့နယ်တွင် ဆေး အဖွဲ့ ၁၁ ဖွဲ့၊ ကျောက်ဖြူမြို့နယ်တွင် ဆေးအဖွဲ့ ကိုးဖွဲ့၊ ရမ်းဗြဲမြို့နယ်တွင် ဆေးအဖွဲ့ သုံးဖွဲ့တို့သည် သက်ဆိုင်ရာမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးများ ဦးဆောင်သည့် မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်း များနှင့်အတူ ပူးပေါင်း၍ ပြည်သူလူထုအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါများ မဖြစ်ပွားစေရေး အတွက် သောက်ရေကန်၊ သုံးရေကန်များနှင့် ရေတွင်းရေကန်များအား ကလိုရင်းဆေးခတ်ခြင်း၊ မုန်တိုင်းဘေးအန္တရာယ် ကျရောက်ပြီးနောက် ရေကောင်းရေသန့်များ စဉ်ဆက်မပြတ်ရရှိစေရေး အတွက် ရေစစ်ပုံးများကို တပ်ဆင်ခြင်းနှင့် အသုံးပြုပုံ ကို ပညာပေးခြင်း၊ ရပ်ရွာများတွင် လှည့်လည်၍ လက်ကိုင်စပီကာများဖြင့် ကျန်းမာရေးအသိပညာ မြှင့်တင်ခြင်း၊ သွေးလွန်တုပ်ကွေး အပါအဝင် ကူးစက် ရောဂါများမဖြစ်ပွားစေရေးအတွက် ရောဂါကာကွယ် ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ထိခိုက်ဒဏ်ရာများ ကို ကုသမှုပေးခြင်း၊ အထွေထွေရောဂါများအတွက် ဆေးကုသမှုပေးခြင်းနှင့် လိုအပ်ပါက ပြည်သူ့ဆေးရုံ များသို့ ညွှန်းပို့၍ ကုသမှုပေးခြင်းတို့ကို ဆောင်ရွက် ပေးလျက် ရှိပါသည်။
နယ်လှည့်ဆေးကုသမှုများဆောင်ရွက်
မောင်တောမြို့နယ်ဆရာဝန်ကြီးနှင့် အထူးကု သမားတော်ကြီးတို့ ပါဝင်သည့် အထူးကုဆေးအဖွဲ့ သည် ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာသို့ မေ ၁၇ ရက်တွင် အထူးကု နယ်လှည့်ဆေးကုသမှုများ သွားရောက်ဆောင်ရွက်ခဲ့ပြီး ဆက်လက်၍ အထူးကု ဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးအဖွဲ့ များသည် ရခိုင်ပြည်နယ်ရှိ အခြားမြို့နယ်များသို့ အထူးကု နယ်လှည့်ဆေးကုသမှုများ သွားရောက် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်