စိုက်ပျိုးရေးလုပ်ငန်းကို ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ့စီးပွားရေးသည် တစ်ဟုန်ထိုးတိုးတက်သွားနိုင်

 

နေပြည်တော်   မေ     ၁၀


စိုက်ပျိုးရေးလုပ်ငန်းကို  ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နိုင်မည်ဆိုပါက  နိုင်ငံ့စီးပွားရေးသည် တစ်ဟုန်ထိုး  တိုးတက်သွားနိုင်သည်ဟု   ယုံကြည်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးစွမ်းအားမြှင့်တင်ခြင်းအားဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အဓိကထား ဆွေးနွေးပေးနိုင်ရန် ပြောကြားလိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်သည့် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးအစည်းအဝေးသို့   တက်ရောက်အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။  

 


အစည်းအဝေးသို့   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်  ဒုတိယဝန်ကြီးချုပ် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးလှမိုး၊ ဦးသောင်း ဟန်နှင့် ဦးမျိုးမြင့်ဦး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊    အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက် ရောက်ကြပြီး တိုင်းဒေသကြီးနှင့်  ပြည်နယ်အစိုးရ အဖွဲ့ ဝန်ကြီးချုပ်များက  Video Conferencing ဖြင့် တက်ရောက်ကြသည်။  

 


စိုက်ပျိုးရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေး 
လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်းဖြင့် တင်ပြဆွေးနွေးကြစေလို


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က      အဖွင့်အမှာစကား ပြောကြားရာတွင် ယခုအစည်းအဝေးသည် နိုင်ငံတော် ၏ စီးပွားရေးတွင်အဓိကကျသည့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးညှိနှိုင်းသည့်   အစည်း အဝေးဖြစ်ကြောင်း၊ အစည်းအဝေးတွင် စိုက်ပျိုးရေး ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေး   လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို   ပွင့်ပွင့်လင်းလင်းဖြင့်   တင်ပြ ဆွေးနွေးကြစေလိုကြောင်း၊ ယခုအစည်းအဝေးသို့တက်ရောက်လာကြသူများသည် သက်ဆိုင်ရာ ကဏ္ဍ များအလိုက် ကျွမ်းကျင်ကြသူများဖြစ်ကြကြောင်း၊ နိုင်ငံစီးပွားတိုးတက်ရေးအတွက် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည်   အဓိကကျသည့်အတွက် ဦးစားပေးဆောင်ရွက်ခြင်း ဖြစ်ကြောင်း။

 


စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် 


မြှင့်တင်ဆောင်ရွက်ပေးနိုင်ပါက ကျေးလက်နေ ပြည်သူများ၏ဘဝများ ထူးခြားစွာတိုးတက်ပြောင်းလဲလာမည်
မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ဖြင့်   အဓိကကုန်ထုတ်လုပ်သည့်   နိုင်ငံတစ်ခုဖြစ် ကြောင်း၊ ဂျီဒီပီတွင် စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍ နှင့် ဝန်ဆောင်မှုကဏ္ဍဟူ၍ သုံးရပ်ရှိကြောင်း၊ စိုက်ပျိုး ရေးကဏ္ဍ၌   စိုက်ပျိုးရေးကိုအခြေခံသည့်   စက်မှု ကဏ္ဍရှိကြောင်း၊   ထိုမှတစ်ဆင့်   ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုနှင့် ရောင်းဝယ်မှုများကို  ဆောင်ရွက် ကြခြင်းဖြစ်သဖြင့် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်ကြောင်း၊ မိမိတို့နိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်း ခန့်သည် ကျေးလက်တွင်နေထိုင်ကြပြီး စိုက်ပျိုးရေး နှင့် မွေးမြူရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့်နှီးနွှယ် နေသည့် ကုန်ထုတ်လုပ်မှု လုပ်ငန်း၊ စက်မှုကုန်ထုတ် လုပ်မှုလုပ်ငန်းများနှင့်   အခြားလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ကြကြောင်း၊   ၂၀၁၉   ခုနှစ် သန်းခေါင်စာရင်းအရ   ၄၅   ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် နှီးနွှယ်နေသူ များဖြစ်ကြသည်ကို  တွေ့ရှိရကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးနှင့်   မွေးမြူရေးလုပ်ငန်းများကို     ဖွံ့ဖြိုး တိုးတက်အောင်     မြှင့်တင်ဆောင်ရွက်ပေးနိုင်မည် ဆိုပါက      ကျေးလက်နေပြည်သူများ၏ဘဝများ ထူးခြားစွာတိုးတက်ပြောင်းလဲလာမည်ဟု သုံးသပ် တွေ့ရှိရကြောင်း။

 


သီးထပ်စွမ်းအားများ တိုးတက်အောင်ဆောင်ရွက် မည်ဆိုပါက နိုင်ငံ့ဝင်ငွေများစွာတိုးတက်လာမည်


စိုက်ပျိုးရေးလုပ်ငန်းများတွင် အဓိကအားဖြင့် စပါးနှင့် ဆီထွက်သီးနှံများ၊ ပဲ အမျိုးမျိုး၊ ဝါ၊ ကြံ၊ ပြောင်းနှင့် မီးဖိုချောင်သုံး   သီးနှံများ၊   လက်ဖက်၊ ရော်ဘာ၊ ကော်ဖီ၊ ဆီအုန်း စသည့်စက်မှုကုန်ကြမ်းသီးနှံ များကို  အများဆုံးစိုက်ပျိုးကြသည်ကို   တွေ့ရှိရ ကြောင်း၊ စိုက်ပျိုးမြေများတွင် လယ်ယာမြေ၊ ဥယျာဉ် မြေများသာမက အခြားမြေများကို ထည့်သွင်းထား သည့်အတွက် စိုက်ပျိုးဧကများ များပြားလျက်ရှိသည် ကို တွေ့ရှိရကြောင်း၊ စပါးစိုက်ပျိုးမှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင်မိုးစပါးစိုက်ဧက ၁၅ သန်းရှိကြောင်း၊ ၂၀၂၂ ခုနှစ်တွင် မိုးစပါး ၁၄ ဒသမ ၉ သန်းရှိသည်ကို တွေ့ရှိရပြီး ထိုအထဲတွင် လယ်စိုက်ပျိုးမှုအနေဖြင့် ၁၃ ဒသမ  ၁၇၅  သန်းရှိသည်ကို  တွေ့ရှိရကြောင်း၊ ယာစိုက်ပျိုးမှုမှာ ၆ သိန်း၊ တောင်ယာစိုက်ပျိုးမှုမှာ ၁ ဒသမ ၉ သိန်းပါရှိပြီး ထိုအထဲတွင် အခြားမြေများ လည်း  ပါဝင်သည်ကို  တွေ့ရှိရကြောင်း၊   မိုးစပါး စိုက်ဧကများ၌   မိုးစပါးစိုက်ပျိုးသည့်အချိန်တွင် အခြားသီးနှံများကို ဆက်လက်စိုက်ပျိုးမည်ဆိုပါက သီးထပ်စွမ်းအားများ တိုးတက်အောင်ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း၊ ယခုနှစ်တွင်အဆိုပါ မိုးစပါးစိုက်ပျိုး မြေများမှ ၁ ဒသမ ၈ သန်းခန့်တွင် နွေစပါးစိုက်ပျိုး သည်ကို တွေ့ရှိရကြောင်း၊ စိုက်ပျိုးဧက ၁၃ ဒသမ ၁၇၅ သန်းတွင် သီးနှံအမျိုးမျိုးစိုက်ပျိုးမှုမှာ ၇ ဒသမ ၄၇၃ သန်းရှိသည့်အတွက် မိုးစပါးတစ်မျိုးသာ စိုက်ပျိုး မှုမှာ ၅ ဒသမ ၇၃ သန်းရှိသည်ကို တွေ့ရှိရကြောင်း။

 


ယခုအချိန်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ် များအလိုက်  စိုက်ပျိုးမှုမရှိဘဲ   ကျန်ရှိနေသည့်မြေ  ၅ သန်း ၇ သိန်းကျော်ရှိသည်ကိုတွေ့ရှိရကြောင်း၊ ပြီးခဲ့ သည့်နှစ်တွင် မိုးစပါးထွက်ရှိမှုအနေဖြင့် တစ်ဧကလျှင် ပျမ်းမျှ ၇၂ ဒသမ ၆၄ တင်း ခန့်ထွက်ရှိသည်ကို တွေ့ရှိ ရကြောင်း၊ စိုက်ပျိုးရန်ကျန်ရှိသည့် စိုက်ပျိုးမြေများ တွင် ၄ သန်းခန့်အား သီးထပ်စိုက်ပျိုးပြီး တစ်ဧက အထွက်နှုန်း ၇၂ ဒသမ ၆၄ တင်းဖြင့် တွက်ချက်မည် ဆိုပါက ၂၈၉ ဒသမ ၅၄ တင်းသန်း  ထွက်ရှိမည်ဖြစ် ကြောင်း၊ တစ်တင်းလျှင် ၁၀၀၀၀ နှုန်းဖြင့် တွက်ချက် ကြည့်မည်ဆိုပါက  စပါးတင်းသန်း ၂၉၀  အတွက် ဘီလီယံ ၂၉၀၀ ရရှိပြီး တိုင်းပြည်၏စီးပွားရေးတိုးတက် လာမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းမှ ဝင်ငွေ တိုးတက်လာမည်ဆိုပါက ဝယ်လိုအားနှင့် ရောင်းလို အားများလည်း တက်လာမည်ဖြစ်သဖြင့် နိုင်ငံအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်     ဖြစ်ကြောင်း၊ ထို့ကြောင့်   စိုက်ပျိုးရန်ကျန်ရှိသည့်    မြေများတွင် စိုက်ပျိုးမှုများဆောင်ရွက်နိုင်ရေး ဆောင်ရွက်ပေးရ မည်ဖြစ်ကြောင်း။

 


အလားတူ အဆိုပါစိုက်ပျိုးခြင်းမရှိသည့် စိုက်ပျိုး မြေဧက  ၄   သန်းပေါ်တွင်   အခြားသီးနှံများနှင့် ဆီထွက်သီးနှံများကို စိုက်ပျိုးနိုင်မည်ဆိုပါကလည်း စပါးကဲ့သို့   များစွာအကျိုးဖြစ်ထွန်းစေမည်   ဖြစ် ကြောင်း၊ မိမိတို့  နိုင်ငံအနေဖြင့်   နှစ်စဉ်  ပြည်ပမှ စားသုံးဆီများ တင်သွင်းနေရသဖြင့် နိုင်ငံခြားငွေသုံးစွဲ မှုများရှိကြောင်း၊ ပြည်တွင်း စားသုံးဆီ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဆိုပါက ပြည်တွင်းဆီဖူလုံမှုကို ဖြစ်ပေါ်စေပြီး   ထိုမှတစ်ဆင့်   စားသုံးဆီများပိုလျှံ လာနိုင်မည်ဖြစ်ကြောင်း၊    စိုက်ပျိုးရေးလုပ်ငန်း တိုးတက်ခြင်းဖြင့် နိုင်ငံဂျီဒီပီ တိုးတက်နှုန်းကိုလည်း အထောက်အကူပြုစေမည်ဖြစ်ကြောင်း။

 


ဝတ်ရေးဖူလုံမှုရှိစေရေး ဝါစိုက်ပျိုးမှု
တိုးတက်အောင်ဆောင်ရွက်


မိမိတို့နိုင်ငံ၌ ၂၀၂၂  ခုနှစ်တွင်   ဝါစိုက်ပျိုးမှုမှာ ၄ ဒသမ ၅ သိန်းဧကခန့်ရှိကြောင်း၊ ၂၀၁၁  ခုနှစ်တွင် ဝါစိုက်ပျိုးမှု ၈ သိန်းကျော်ရှိခဲ့ကြောင်း၊  ဝါစိုက်ပျိုးမှု များ   မြှင့်တင်ရန်အတွက်    ယခုအခါနိုင်ငံတော်မှ အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ဝါစိုက်ပျိုးမှုများ ကို ယခင်စိုက်ပျိုးဧကအတိုင်း စိုက်ပျိုးထုတ်လုပ်နိုင် မည်ဆိုပါက နိုင်ငံအတွက်လိုအပ်သည့် ချည်မျှင်များ ကို  လုံလောက်စွာ   ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ အလားတူ အဆင့်မီသည့် ဝါများစိုက်ပျိုးထုတ်လုပ်နိုင် ရေးအတွက်လည်း နိုင်ငံတော်မှကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊  ပြည်သူများ   ဝတ်ရေးဖူလုံရေး အတွက် ဝါစိုက်ပျိုးမှုများကို   အောင်မြင်ဖြစ်ထွန်း အောင်  ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊   ထိုမှ တစ်ဆင့်   ချည်မျှင်ထုတ်လုပ်သည့်   စက်ရုံများနှင့် အထည်ရက်လုပ်သည့်  စက်ရုံများ  တည်ဆောက်၍ ချည်ချောများ  ထုတ်လုပ်နိုင်ရေး   ဆောင်ရွက်ရန် လိုကြောင်း၊ သို့မှသာ  ပြည်ပမှ    ချည်ထည်များ တင်သွင်းနေရမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း။

 


ပြည်တွင်းဆီဖူလုံမှုရှိစေရေး 
ပန်းတိုင်ရည်မှန်းချက် ပြည့်မီအောင်ဆောင်ရွက်


ဆီထွက်သီးနှံစိုက်ပျိုးမှုအနေဖြင့် မြေပဲစိုက်ပျိုး ဧက ၃ သန်း၊ နေကြာစိုက်ပျိုး ဧကတစ်သန်း၊ နှမ်း စိုက်ပျိုးဧက ၃ ဒသမ ၅ သန်း စိုက်ပျိုးကြကြောင်း၊ ထိုအထဲတွင် မြေပဲတစ်ခုသာ ပန်းတိုင်ရည်မှန်းချက် ကို ပြည့်မီအောင်ထွက်ရှိကြောင်း၊ လက်ရှိစိုက်ဧကမှ မြေပဲ၊ နှမ်း၊ နေကြာနှင့် ပန်းနှမ်းများကို စနစ်တကျ စိုက်ပျိုးပြီး ပန်းတိုင်ရည်မှန်းချက်ကိုပြည့်မီအောင် စိုက်ပျိုးနိုင်မည်ဆိုပါက ဆီတန်ချိန်ပေါင်း ၁ ဒသမ ၃၆၉ သန်းထွက်ရှိမည်ဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ပန်းတိုင်ရည်မှန်းချက်ကို  ပြည့်မီအောင်   စိုက်ပျိုး နိုင်မည်ဆိုပါက စားအုန်းဆီမပါဘဲ ဆီဖူလုံမှု  ၂၀၀ ရာခိုင်နှုန်းကျော်လွန်သည်ကို   တွေ့ရှိရကြောင်း၊ ထို့ကြောင့်   ဆီထွက်သီးနှံများ   စိုက်ပျိုးရေးနှင့် တစ်ဧကချင်းအထွက်နှုန်းများ   တိုးတက်စေရေး အလေးထားဆောင်ရွက်ပေးစေလိုကြောင်း၊ ပြည်သူ များ ကျန်းမာရေးနှင့်ညီညွတ်သည့်ဆီများ စားသုံး နိုင်ရေး  ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊   စပါး စိုက်ပျိုးခြင်းနှင့်  ဆီထွက်သီးနှံများကို   ပန်းတိုင် ရည်မှန်းချက်ပြည့်မီစွာ ဆောင်ရွက်နိုင်မည်ဆိုပါက မိမိတို့အတွက်   ပထမခြေလှမ်းတစ်ခုဖြစ်မည်ဖြစ် ကြောင်း။

 


ပဲစိုက်ပျိုးမှုနှင့်ပတ်သက်၍လည်း ပဲစင်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲအမျိုးမျိုးအပါအဝင် ကော်ဖီနှင့် ပြောင်း တို့သည်လည်း ကမ္ဘာပေါ်တွင်  လိုအပ်ချက်ရှိသည့် သီးနှံများဖြစ်ပြီး ဈေးကွက်လိုအပ်ချက်များ ရှိပြီးဖြစ် ကြောင်း၊ မြန်မာကော်ဖီသည်လည်း ပြည်ပဈေးကွက် ဝင်ပစ္စည်းဖြစ်သဖြင့်  အောင်မြင်အောင်   စိုက်ပျိုးကြရန်   လိုကြောင်း၊ အလားတူ   ပြောင်းသည်လည်း    ပြည်ပဈေးကွက် ရှိပြီးဖြစ်သဖြင့် အဆိုပါသီးနှံများ စိုက်ပျိုးမှုတိုးတက် အောင် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊   သီးနှံ များ အောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုးနိုင်ရေးနည်းလမ်း ရှာဖွေဆောင်ရွက်ကြစေလိုကြောင်း။

 


 စိုက်ပျိုးရေလုံလောက်စွာရရှိရေး ဆောင်ရွက်ပေးရန်လို


စိုက်ပျိုးရေးလုပ်ငန်းများ    အောင်မြင်စေရန် အတွက် မျိုး၊ မြေ၊ ရေ၊ နည်း   လေးမျိုး   ရှိကြောင်း၊ ထိုအထဲတွင်စိုက်ပျိုးရေ လုံလောက်စွာရရှိရေးသည် အဓိကကျကြောင်း၊  ရေကိုအကျိုးရှိ   ထိရောက်စွာ အသုံးချပြီး စိုက်ပျိုးမည်ဆိုပါက အပင်များရှင်သန်ဖြစ် ထွန်းနိုင်မည်ဖြစ်ကြောင်း၊ မြေဆီမြေလွှာကောင်းမွန် ရေးကိုလည်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စိုက်ပျိုး ရေလုံလောက်စွာရရှိရေးအတွက် မိမိတို့အနေဖြင့် ဆောင်ရွက်ပေးရန်လိုကြောင်း၊  မိမိတို့   နိုင်ငံတွင် ဧရာဝတီမြစ်၊ ချင်းတွင်း၊ သံလွင်နှင့် စစ်တောင်း စသည့် မြစ်ကြီး လေးသွယ်အပြင် အခြားမြစ်ချောင်းများလည်း များစွာရှိကြောင်း၊ မြစ်ရေ များကိုအဟောသိကံမဖြစ် စေဘဲ  အကျိုးရှိစွာအသုံးချနိုင်ရေး   နည်းလမ်းရှာဖွေ ဆောင်ရွက်နိုင်မည်ဆိုပါက စိုက်ပျိုးရေးအတွက်ရေလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်း၊ အနာဂတ်တွင် နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမည့် အလားအလာများကို   ဆောင်ရွက်နိုင်ရန်အတွက် တာဝန်ရှိသူများအနေဖြင့် တင်ပြစေလိုကြောင်း၊ စပါး စိုက်ပျိုးသီးနှံများ     အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ပြီး   နိုင်ငံ့စီးပွားရေးကို  မြှင့်တင်ရန် လိုကြောင်း။

 


အချို့နေရာများတွင်   စိုက်ပျိုးရေးအတွက် ရေလုံလောက်စွာ ရရှိခြင်းမရှိသည့် အတွက် စိုက်ပျိုး မှုကို ဆောင်ရွက်နိုင်ခြင်းမရှိသည်ကို တွေ့ရှိရကြောင်း၊ စိုက်ပျိုးရေကို လုံလောက်စွာ ရရှိအောင်ဆောင်ရွက် ပေးနိုင်မည်ဆိုပါက    စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း၊ ဧရာဝတီမြစ်အနီးရှိ   စိုက်ပျိုးမြေများကို လည်း မြစ်ရေတင်စီမံကိန်းများဖြင့် ဆောင်ရွက်နိုင် ကြောင်း၊ မြစ်ရေတင်လုပ်ငန်းများ ဆောင်ရွက်ရာတွင် လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများဖြင့်လည်း ဆောင်ရွက် နိုင်ကြောင်း၊ အလားတူ အချို့မြစ်ကြောင်းများတွင် Low Head Dam များ တည်ဆောက်၍ ဆောင်ရွက် နိုင်သည်ကိုတွေ့ရှိရကြောင်း၊ ယခင်သုတေသနပြုလုပ် ထားသည့်နေရာများမှ ရေလိုအပ်ချက်ရှိသည့် အချို့ နေရာများကို  ဦးစားပေး   အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာ တွင် ဒွန်တွဲရေကာတာစနစ်ဖြင့်  ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တစ်ဖက်မှ သွားလာသည့်စနစ်အတွက် အသုံးပြုခြင်းနှင့်  တစ်ဖက်မှ    လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနှင့်   မြစ်ရေတင်စီမံကိန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်တွင် အဆိုပါလုပ်ငန်းများဆောင်ရွက် သင့်သည့်   နေရာများရှိကြောင်း၊   ထိုသို့ အကောင် အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ဧရာဝတီမြစ်ကြောင်း တစ်လျှောက် စိုက်ပျိုးရေးလုပ်ငန်းများကို ရာသီမရွေး အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း။

 


ရေကို အဟောသိကံအသုံးပြုခြင်း   မရှိစေရေး စာသင်ကျောင်းများမှအစ အသိပညာပေး သင်ကြား ပေးရန်လိုကြောင်း၊ ရေကိုစိုက်ပျိုးရေးအတွက် အသုံး ပြုရာတွင် ရေပန်းစနစ်၊ အစက်ချစနစ်များဖြင့် အသုံး ပြုနိုင်ရေး အသိပညာပေးရန်လိုကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးပညာရှင်များအနေဖြင့် ရေကိုစနစ်တကျ အသုံးချစေရေး အသိပညာပေး  ဆောင်ရွက်ပေးရန် လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းကို ပြုပြင်ပြောင်းလဲ မှုများ ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ၏စီးပွားရေး သည် တစ်ဟုန်ထိုးတိုးတက်သွားနိုင်သည်ဟု ယုံကြည် ပါကြောင်း၊ ထို့ကြောင့် စိုက်ပျိုးစွမ်းအား မြှင့်တင်ခြင်း အားဖြင့် နိုင်ငံ့စီးပွား မြှင့်တင်ရေးအတွက် အဓိကထား ဆွေးနွေးပေးနိုင်ရန်ပြောကြားသည်။

 


သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြ


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်  ဒုတိယဝန်ကြီးချုပ် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက      နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့်   ပြည်နယ်များတွင်    စိုက်ပျိုး စွမ်းအားမြှင့်တင်ရေးအတွက် လိုအပ်သည့်စိုက်ပျိုး ရေလုံလောက်စွာရရှိရေး ဆောင်ရွက်သွားမည့် စီမံ ချက်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက်  စိုက်ပျိုးရေး၊   မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က    ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် သီးနှံစိုက်ပျိုး ထုတ်လုပ်မှုအခြေအနေနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် လျာထားစီမံချက်များနှင့်      စိုက်ပျိုးရေးစွမ်းအား မြှင့်တင်ဆောင်ရွက်နေမှုအခြေအနေတို့ကို  ရှင်းလင်း တင်ပြသည်။ 

 


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြ သည့် ဦးလှမိုး၊ ဦးသောင်းဟန်နှင့် ဦးမျိုးမြင့်ဦး တို့က   ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိကကျသည့် စိုက်ပျိုးရေးကဏ္ဍ တိုးတက် ရေးအတွက် မျိုးကောင်းမျိုးသန့်၊ စိုက်ပျိုးရေ၊ နည်း ပညာနှင့် ဈေးကွက်ရရှိရေး ဆောင်ရွက်ထားရှိမှုအခြေ အနေ၊ စိုက်ပျိုးရေးထုတ်ကုန်များ တိုးတက်ထုတ်လုပ် နိုင်ရန်အတွက်ပံ့ပိုးဆောင်ရွက်နေမှုနှင့် စိုက်ပျိုးရေး ကဏ္ဍတွင်  အဓိကလိုအပ်သည့် စိုက်ပျိုးရေလုံလောက် စွာရရှိရေးအတွက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေး နေမှုအခြေအနေ၊ စိုက်ပျိုးစွမ်းအား   မြှင့်တင်ရေး အတွက်  ဓာတ်မြေဩဇာများ  ထုတ်လုပ်ဖြန့်ဖြူးမှု နှင့် ဆက်လက်ထုတ်လုပ်ရန် လျာထားမှုအခြေအနေ တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

 


ထို့နောက်     နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များက စိုက်ပျိုး စွမ်းအားမြှင့်တင်ရေး ဆောင်ရွက်ထားရှိမှု၊ ဒေသတွင်း ဝမ်းစာဖူလုံရေးဆောင်ရွက်ထားရှိမှုနှင့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

 


ယင်းနောက်   စိုက်ပျိုးရေး၊  မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဆီအုန်း နှင့် ရော်ဘာစိုက်ပျိုးထုတ်လုပ်ရေးအတွက် သုတေသန ပြုဆောင်ရွက်လျက်ရှိမှု၊   ရာသီဥတုပြောင်းလဲမှု ကြောင့်  ဆည်တမံများအတွင်း   ရေဝင်ရောက်မှု နည်းပါးလာခြင်းကြောင့် ရေသုံးစွဲမှုများကို ယာယီ ရေထိန်းဆည်များ၊   တမံများ   ဆောက်လုပ်၍ ဆောင်ရွက်လျက်ရှိမှုနှင့် ပြည်သူများနှင့် တောင်သူ များ ပါဝင်ဆောင်ရွက်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိမှု၊ ရေအလေအလွင့်နည်းပါးစေရေး ဆောင်ရွက် လျက်ရှိမှု၊ စိုက်ပျိုးရေးသီးနှံများ ဖွံ့ဖြိုးတိုးတက်စေရေး သုတေသနပြုဆောင်ရွက်လျက်ရှိမှု၊ လယ်ယာကဏ္ဍ ဆိုင်ရာ သတင်းအချက်အလက်များ ပြုစုလျက်ရှိမှု၊ စက်မှုလယ်ယာကဏ္ဍ   ဖော်ဆောင်လျက်ရှိမှုနှင့် မြေယာပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များရရှိရေး      ဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးနှင့်  သီးထပ်စွမ်းအား မြှင့်တင်ရေးအတွက် တောင်သူများ  ပါဝင်လာရေး ဆောင်ရွက်လျက်ရှိမှုအခြေအနေများကို  ရှင်းလင်း တင်ပြကြသည်။

 


တင်ပြချက်များအပေါ် ဖြည့်စွက်မှာကြား


တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စိုက်ပျိုးရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက် လူသားအရင်း အမြစ်များ   ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန် လိုအပ်သကဲ့သို့     စက်မှုလယ်ယာစနစ်ဖြင့်လည်း ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ အလားတူ စိုက်ပျိုးရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဧက ကွက်များကို ဖော်ထုတ်ဆောင်ရွက်ရန်လိုကြောင်း၊ ဧကကွက်များ ဖြင့်စိုက်ပျိုးခြင်းဖြင့် ကောက်ကွက်များ ပိုမိုဝင်ဆံ့နိုင်သကဲ့သို့ သီးနှံအထွက်နှုန်းများလည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ အလားတူခေတ်မီ စက်ကိရိယာများဖြင့် စိုက်ပျိုးခြင်းနှင့် ရိတ်သိမ်းခြင်း များကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် လေလွင့် ဆုံးရှုံးမှုများနည်းပါးသွားမည်ဖြစ်ပြီး စက်မှုလယ်ယာ စနစ်ကိုအကောင်အထည်ဖော်  ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ ကုန်ထုတ်လမ်းများ ဖောက်လုပ်ခြင်း ဖြင့် စိုက်ပျိုးရေး ထွက်ကုန်များကို လွယ်ကူလျင်မြန် စွာဖြင့် ပို့ဆောင်နိုင်မည်ဖြစ်ကြောင်း၊ လယ်မြေများ ဆုံးရှုံးမှုမရှိစေရေး   လယ်ယာမြေများကို   အခြား နည်းများဖြင့်    အသုံးချခြင်းမရှိစေရေး   ကြပ်မတ် ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ဧကများတိုးချဲ့ခြင်း ထက် တစ်ဧကချင်း အထွက်နှုန်းများ တိုးတက်စေရေး ဆောင်ရွက်မည်ဆိုပါက ပိုမိုအကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်း၊   စိုက်ပျိုးရေလုံလောက်စွာ    ရရှိရေး အတွက် အဓိကကျသော မြေအောက်ရေ ထုတ်ယူ သုံးစွဲရေးအတွက် မူဝါဒတိတိကျကျ သတ်မှတ်ရန် လိုကြောင်း၊ သီးနှံများ အထွက်နှုန်းကောင်းမွန်စေရန် သဘာဝမြေဩဇာသို့မဟုတ်ဓာတ်မြေဩဇာ အသုံးပြု ရန်လိုအပ်ကြောင်း၊  ဒေသအလိုက်   ရရှိနိုင်သည့် သဘာဝမြေဩဇာကို    ပြည့်စုံကောင်းမွန်အောင် ပြုပြင်ပြောင်းလဲ ထုတ်လုပ်သုံးစွဲသွားနိုင်ရန်လိုအပ် ကြောင်း၊ နေပြည်တော်သည် နိုင်ငံတော်၏ မြို့တော် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ ထဲတွင်  စံပြဖြစ်ရန်လိုအပ်ပါကြောင်း၊   သီးထပ် စွမ်းအားတိုးတက်စေရေး  တစ်နှစ်လျှင်   နှစ်သီးမှ သုံးသီးအထိ  စိုက်ပျိုးရန်၊  တစ်ဧကအထွက်နှုန်း တိုးတက်အောင်ဆောင်ရွက်ရန်နှင့်   စိုက်ဧကများ လျော့နည်းသွားမှုမရှိအောင်   ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဒေသအလိုက် ဝမ်းစာဖူလုံမှုရှိစေရန် ဒေသရေမြေ၊ ရာသီဥတုနှင့် ကိုက်ညီသည့်သီးနှံများ ကို ပြောင်းလဲစိုက်ပျိုးရန် လိုအပ်ကြောင်း၊ တနင်္သာရီ တိုင်းဒေသကြီးအတွင်း ဆီအုန်းစိုက်ပျိုးမှုများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် သတ်မှတ်ထားသည့် စိုက်ပျိုး မြေများတွင် အပြည့်အဝစိုက်ပျိုးမှုရှိစေရေး တာဝန် ရှိသူများက   ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ ဒူးရင်းသီးစိုက်ပျိုးမှုနှင့် ပတ်သက်၍လည်း တိုးတက် အောင်ဆောင်ရွက်ရန်   လိုသကဲ့သို့   ကိုကိုးများနှင့် အုန်းစိုက်ပျိုးမှုများကိုလည်း   အောင်မြင်ဖြစ်ထွန်း အောင်  ဆောင်ရွက်စေလိုကြောင်း၊ ဒေသအလိုက် ထွက်ရှိသည့် ရာသီသီးနှံများသည်လည်း စိုက်ပျိုးရေး တောင်သူများအတွက် ဝင်ငွေများပိုမိုရရှိစေမည်ဖြစ် သဖြင့်   ဖွံ့ဖြိုးတိုးတက်အောင်   ဆောင်ရွက်ကြစေ လိုကြောင်း၊  စိုက်ပျိုးရေများ  လုံလောက်စွာရရှိရေး နိုင်ငံတော်အနေဖြင့်   မြစ်ရေတင်လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ် သကဲ့သို့  ဒေသအလိုက်   အစီအစဉ်များဖြင့်လည်း အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်း၊ ရော်ဘာများ  စိုက်ပျိုးရာတွင်လည်း   အထွက်နှုန်း ကောင်းမွန်စေရေးနှင့်   တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး  ဆောင်ရွက်ပေးရန်လိုကြောင်း၊ ရော်ဘာအထွက်နှုန်းများ   တိုးတက်စေရေးအတွက် စိုက်ပျိုးရာတွင် နည်းစနစ်တကျဖြင့် စိုက်ပျိုးနိုင်ရေး အသိပညာပေးဆောင်ရွက်ရန်လိုကြောင်း၊ ဆီအုန်းများ စိုက်ပျိုးရာတွင်လည်း မျိုးကောင်းမျိုးသန့်များ စိုက်ပျိုး နိုင်ရန်နှင့် နည်းစနစ်တကျ စိုက်ပျိုးရန်လိုကြောင်း။ 

 


စိုက်ပျိုးရေနှင့်ပတ်သက်၍ အနိမ့်ဆုံးလိုအပ်ချက် ဖြစ်ရန်လိုကြောင်း၊ ရေပေးဝေမှုနှင့်  ပတ်သက်၍ အလေအလွင့်အနည်းဆုံးဖြစ်အောင် ဆောင်ရွက်ရန် လိုကြောင်း၊ ရေသွယ်စနစ်နှင့်  ရေဖြန့်စနစ်များကို စနစ်တကျဖြင့်ဆောင်ရွက်၍   ရေကို  အကျိုးရှိရှိ အသုံးချကြစေလိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး    သုတေသနလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် နိုင်ငံတော်မှ ဆောင်ရွက်သကဲ့သို့  အချို့သော  လုပ်ငန်းများတွင် ပုဂ္ဂလိကကဏ္ဍအနေဖြင့်လည်း   ဆောင်ရွက်သင့် ကြောင်း၊ ဒေသနှင့်ကိုက်ညီသည့်သီးနှံ၊ နိုင်ငံအတွက် အဓိကအကျိုးဖြစ်ထွန်းစေမည့်  သီးနှံများကို   ဦးစား ပေးအနေဖြင့်    သုတေသနပြုဆောင်ရွက်သွားရန် လိုကြောင်း၊   မိမိတို့အနေဖြင့်   ထိန်းသိမ်းရမည့် ပေါ်ဆန်းမွှေးကဲ့သို့သော မိမိတို့နိုင်ငံ၏ မျိုးရင်းများကို ထိန်းသိမ်းရန်လိုသကဲ့သို့ အထွက်နှုန်းတိုးတက်စေ ရန်နှင့် အရည်အသွေးများ  ပိုမိုတိုးတက်လာအောင် သုတေသနပြုဆောင်ရွက်ရန်လိုကြောင်း၊ ပန်းမန်နှင့် ပတ်သက်၍လည်း မေမြို့ပန်း၊ ဒေလီယာပန်းနှင့် အခြား မိမိတို့နိုင်ငံမှထွက်ရှိသည့် ပန်းများကိုလည်း ဖွံ့ဖြိုး တိုးတက်အောင် သုတေသနပြုထိန်းသိမ်းဆောင်ရွက် ရန်လိုကြောင်း၊   လယ်ယာမြေစိုက်ဧကများနှင့် စိုက်ပျိုးသည့် သီးနှံစာရင်းများ  မှန်ကန်မှုရှိစေရေး ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် လူသန်း ၁၀၀ အတွက် စိုက်ပျိုးမြေလုံလောက်စွာရှိရန် မျှော်မှန်း ဆောင်ရွက်ရမည်ဖြစ်သဖြင့်  လယ်ယာမြေများကို အခြားနည်းများဖြင့်  သုံးစွဲမှုမရှိစေရေး  ကြပ်မတ် ဆောင်ရွက်ရန်လိုကြောင်း၊ စက်မှုလယ်ယာစနစ်ကိုအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ် သည့် စက်ယန္တရားများကို ပြည်တွင်း၌လုံလောက်စွာ ထုတ်လုပ်ပြီး အသုံးပြုနိုင်ရန်လိုကြောင်း၊ စက်သုံးဆီ ဖြင့်  အသုံးပြုသည့်    စက်ယန္တရားများရှိသကဲ့သို့ လျှပ်စစ်စွမ်းအားဖြင့် အသုံးပြုနိုင်သည့် စက်ယန္တရား များကိုလည်း  အသုံးပြုနိုင်ရေး   ရေရှည်မျှော်တွေး
ဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်း များအတွက် လူသားအရင်းအမြစ်များလိုအပ်လျက် ရှိသဖြင့် စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားပေးနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ထူးချွန် သူများကို   သက်ဆိုင်ရာဘာသာရပ်များအလိုက် အဆင့်မြင့်ပညာများကို ဆက်လက်သင်ကြားနိုင်မည် ဖြစ်ကြောင်း၊  လိုအပ်သည့်   ဆရာ  ဆရာမများ မွေးထုတ်ပေးနိုင်ရေးအတွက်လည်း   ဆောင်ရွက်ရန် လိုကြောင်း၊ ထူးချွန်သူများကိုလည်း ချီးမြှင့်ပေးရန် လိုကြောင်းဖြင့် မှာကြားသည်။

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီးများ၊  တိုင်း ဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တက် ရောက်လာကြသူများအနေဖြင့် ပြည့်စုံစွာရှင်းလင်း ဆွေးနွေးသွားသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက်  စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အလေးထား   ဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း၊      စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်ကုန်ထုတ်လုပ်မှုလုပ်ငန်းများ လိုအပ် ကြောင်း၊ စိုက်ပျိုးရေးထွက်ကုန်များ ပိုမိုထုတ်လုပ်နိုင် ရေး  ထုတ်လုပ်မှုကို   မြှင့်တင်ပေးရန်နှင့်   သီးထပ် စွမ်းအားများကို မြှင့်တင်အောင်ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ လယ်ယာစိုက်ပျိုးခြင်းနှင့် ဆီထွက်သီးနှံ များကိုသာမက မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်းသည်လည်း နိုင်ငံအတွက် ဝင်ငွေကိုပိုမို ရရှိစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တာဝန်ရှိသူများ အနေဖြင့် နယ်ပယ်ပေါင်းစုံမှ စဉ်းစား၍  ဆောင်ရွက် ကြစေလိုကြောင်း။

 


သုတေသနလုပ်ငန်းများနှင့်ပတ်သက်၍   နိုင်ငံ့ အကျိုးစီးပွားအတွက်   သုတေသနလုပ်ငန်းများကို အားပေးဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ပတ်သက်၍ မိမိတို့ပြည်သူများ အနေဖြင့်  အသိပညာအားနည်းသည်ကို   တွေ့ရှိရ ကြောင်း၊ ပညာပေးလုပ်ငန်းများကို ဆောင်ရွက်နေသူ များအနေဖြင့်လည်း ပညာရှင်ဆန်ဆန်ရေးသားခြင်း၊ ထုတ်လွှင့်ခြင်းများထက် လူအများနားလည်နိုင်သည့် အသုံးအနှုန်းများဖြင့် ပညာပေးဆောင်ရွက်နိုင်ရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ် သည့် မျိုး၊ မြေ၊ ရေ၊ နည်း လေးမျိုးစလုံး  ပြည့်စုံအောင် ဆောင်ရွက်မှသာ သီးနှံအထွက်နှုန်းများ  တိုးတက် လာမည်ဖြစ်ကြောင်း၊ မြေယာပြုပြင်ခြင်းလုပ်ငန်း သည် စိုက်ပျိုးရေးအတွက် အဓိကကျကြောင်း၊ ချောင်း၊ မြောင်းများအတွင်းစီးဆင်းနေသည့် ရေများကိုယာယီ ရေပိတ်တမံများပြုလုပ်၍ စိုက်ပျိုးရေးလုပ်ငန်းများ အတွက် အသုံးချနိုင်ရန်လိုကြောင်း၊ စိုက်နည်းစနစ် မှန်ကန်စေရေးအတွက်ပင်ခြား၊ တန်းခြားများ မှန်ကန် ရန်လိုကြောင်း၊ သီးနှံများစိုက်ပျိုးရာတွင် စိုက်နည်း စနစ်များမှန်ကန်မှသာ အထွက်နှုန်းကောင်းမွန်မည် ဖြစ်ကြောင်း၊ သို့မှသာ အကျိုးအမြတ်များကို ရရှိခံစား နိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ  အချက်  လေးချက်ကို လိုက်နာပြီး ဆောင်ရွက်မှ မိမိတို့မျှော်မှန်းထားသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက်   စိုက်ပျိုးစွမ်းအား မြှင့်တင်ရေးကို  များစွာအထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း၊  ကုန်ထုတ်လုပ်မှုများ   ဆောင်ရွက်ရာ တွင်  အရည်အသွေးပြည့်မီသည့်   ထုတ်ကုန်များကို ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ရေခံမြေခံကောင်းများ ရှိပြီးဖြစ်သည့်  မိမိတို့နိုင်ငံအနေဖြင့်   စိုက်ပျိုးရေး လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေးထုတ်ကုန်များကို ယခင်က ထက်     ပိုမိုထုတ်လုပ်နိုင်ခြင်းဖြင့်     ပြည်ပသို့   ပို့ကုန်များ  ပိုမိုတင်ပို့နိုင်မည်ဖြစ်ပြီး နိုင်ငံခြားဝင်ငွေ များ  တိုးတက်လာမည်ဖြစ်ကာ    နိုင်ငံ့စီးပွားများ   ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း      ပြောကြား သည်။

 


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်နှင့်   အစည်းအဝေး တက်ရောက်လာကြသူများသည်   ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ရေဆင်းစိုက်ပျိုးရေးသုတေ သနဦးစီးဌာနက သုတေသနပြုစိုက်ပျိုးထုတ်လုပ်ထား သည့် စပါး၊ ပဲအမျိုးမျိုး၊ ပြောင်း၊ နေကြာ၊ ဆီထွက် သီးနှံများ၊  မီးဖိုချောင်သုံးသီးနှံများ၊  ပန်းပေါင်းစုံ ပျားရည်များကို  လှည့်လည်ကြည့်ရှု    စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။

သတင်းစဉ်