
လွိုင်ကော် မေ ၉
ကယားပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အတွင်းရှိ ယာယီတိုက်ပွဲရှောင် ပြည်သူများအား ထောက်ပံ့ငွေ၊ အခြေခံစားသောက်ကုန်များ၊ ကျောင်းဝတ်စုံနှင့် ကျောင်းသုံးဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက လွိုင်ကော် မြို့ ပြည်နယ်ခန်းမ၌ကျင်းပသည်။
ရှေးဦးစွာ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံ ရေးကို ဦးတည်ချက်ထား အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်နယ်အတွင်းရှိ ယာယီတိုက်ပွဲရှောင် ပြည်သူများ၏ လတ်တလော စားဝတ်နေရေးအတွက် လိုအပ်သည့် အခြေခံ စားသောက်ကုန်များ၊ ထောက်ပံ့ငွေများ၊ ကျောင်း ဝတ်စုံနှင့် ကျောင်းသုံးဗလာစာအုပ်များကို ထပ်မံ ဖြည့်ဆည်း ကူညီထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ ဒေသတွင်းပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍ၊ လူသားအရင်းအမြစ်ကောင်းများ ရရှိရေး အတွက် ပညာရေးကဏ္ဍများကို ဘက်ပေါင်းစုံမှ အားပေး ဆောင်ရွက်ပေးလျက်ရှိကြောင်း ၊ ပြည်သူ များအနေဖြင့် မိမိတို့ဘဝ ရေရှည်ရပ်တည်နိုင်ရေး အတွက် မိမိတို့၏ မူလလုပ်ငန်းများကို ပြန်လည် လုပ်ကိုင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြည်နယ် တည်ငြိမ်အေးချမ်းလာစေရေး အတွက် ငြိမ်းချမ်းစွာ ဆွေးနွေး ဖြေရှင်းရမည်ဖြစ်ပြီး ပြည်သူများ၏ ပူးပေါင်းပါဝင်မှုသည်လည်း အရေးကြီးပါကြောင်း ပြောကြားသည်။
ထို့နောက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လှမိုးက ပြည်နယ်အတွင်း ပြန်လည်နေရာ ချထားရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ပြည်နယ်အတွင်းရှိ ယာယီတိုက်ပွဲရှောင် ပြည်သူ များအား ဆန်၊ ဆီ၊ ပဲနှင့် အခြေခံစားသောက်ကုန်များ၊ ထောက်ပံ့ငွေများ၊ ကျောင်းဝတ်စုံနှင့် ကျောင်းသုံး ဗလာစာအုပ်များကို ပေးအပ်ရာ သက်ဆိုင်ရာ ယာယီခိုလှုံရာစခန်း အသီးသီးမှ ကိုယ်စားလှယ် များက လက်ခံရယူကြသည်။
ယင်းနောက် တက်ရောက်လာကြသော ယာယီ တိုက်ပွဲရှောင် ပြည်သူများက လိုအပ်သည်များကို ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တင်ပြချက်များအပေါ် ဆောင် ရွက်ပေးမည့် အစီအစဉ်များကို ပြန်လည်ရှင်းလင်း ဖြေကြားပေးသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများက အခမ်းအနားသို့ တက်ရောက်လာကြသော ယာယီတိုက်ပွဲရှောင် ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်စကား ပြောကြားသည်။
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယာယီ တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပေးမှုသည် ယနေ့အထိ ဆဋ္ဌမအကြိမ်ရှိခဲ့ပြီး ယနေ့အခမ်းအနား တွင် နယ်စပ်ရေးရာဝန်ကြီးဌာနက ကျောင်းဝတ်စုံ၊ ကျောင်းသုံးဗလာစာအုပ်နှင့် အခြေခံစားသောက် ကုန်များ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနက ထောက်ပံ့ငွေများနှင့် ကယားပြည်နယ်အစိုးရအဖွဲ့မှ လွိုင်ကော်မြို့နယ် အတွင်းရှိ ယာယီခိုလှုံရာစခန်းများရှိ ယာယီတိုက်ပွဲ ရှောင် ပြည်သူ ၁၂၆၂၀ ဦးအတွက် အခြေခံစားသောက် ကုန်များဖြစ်သော ဆန်၊ ဆီ၊ ဆားနှင့်ကုလားပဲများ အပါအဝင် စုစုပေါင်း ထောက်ပံ့ငွေတန်ဖိုးမှာ ငွေကျပ် သိန်းပေါင်း ၁၁၁၉ သိန်း ၉ သောင်းကျော် ထောက်ပံ့ ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်