
တွေ့ဆုံမေးမြန်းနှင့် ဓာတ်ပုံ - နေမျိုးသူရိန်
၂၀၂၃ ခုနှစ် Grade-10 လူရည်ချွန်များသည် အင်းလေးဒေသအတွင်းရှိ အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းဟောင်း၊ ကေလာကျေးရွာရှိ ရေပေါ်စိုက်ခင်းများ၊ ဟဲယာရွာမကျေးရွာရှိ ငွေထည်လုပ်ငန်း၊ အင်းလေးဖောင်တော်ဦး ဘုရားတို့ကို ဧပြီ ၃၀ ရက်က ဖူးမြော်ကြည်ညို လေ့လာခဲ့ကြသည်။ အင်းလေးဒေသ၏ သဘာဝအလှတရားများ၊ ဓလေ့ထုံးတမ်းများ၊ အသက်မွေးဝမ်းကျောင်းပြုလုပ်ကိုင်ပုံများနှင့် ရိုးရာလက်မှုလုပ်ငန်းများကို လာရောက်လေ့လာခဲ့သည့် လေ့လာရေးခရီးစဉ်အပေါ် ရင်တွင်းစကားသံများကို ဤသို့ ကြားသိခဲ့ရသည်-
ဦးစံလင်း (စိန်သမာဓိ ငွေထည်လုပ်ငန်း၊
ဟဲယာရွာမ အင်းလေး)
လူရည်ချွန် မောင်မယ်တွေဆိုတာ တစ်နေ့တစ်ချိန်မှာ ကျွန်တော်တို့နိုင်ငံရဲ့ ကောင်းမွန်တဲ့ ပဲ့ကိုင်ရှင်တွေ ဖြစ်လာမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အင်းလေးကန် ကို လာရောက်လေ့လာတဲ့အခါမှာ အင်းလေးမှာ လက်တွေ့လုပ်ကိုင်နေ ကြတဲ့ လုပ်ငန်းတွေ၊ အင်းလေးကန်ရဲ့ အခြေအနေတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့လည်း အခုလို မိရိုးဖလာလုပ်ငန်းတွေကို ပြသ ခွင့်ရတဲ့အတွက် အထူးပဲ ဝမ်းမြောက်မိ ပါတယ်။
နန်းဇိန်းနူးမိုင်
(အထက-၂ ဗန်းမော် ကချင်ပြည်နယ်)
အင်းလေးကန်ကို လာရောက် လေ့လာတဲ့ခရီးစဉ်မှာ ပထမဆုံး လှေစီး ရတဲ့အတွက် စိတ်လှုပ်ရှားမိပါတယ်။ အင်းလေးကန်အတွင်းက ရေပေါ်မှာစိုက် တဲ့ စိုက်ခင်းလေးတွေကို တွေ့ရတဲ့အတွက် အလွန်ပဲ အံ့ဩမိပါတယ်။ လေ့လာ လည်ပတ်ခွင့်ရတဲ့ နေရာတွေအားလုံး လေ့လာခွင့်ရတဲ့အတွက် အလွန်ပဲ ပီတိဖြစ်မိပါတယ်။
မောင်အာကာမိုး (အထက (ပလစ-၂)
အမရပူရ မန္တလေးတိုင်းဒေသကြီး)
ဒီနေ့ခရီးစဉ်မှာ အလွန်ပဲ ပျော်ရွှင် မိပါတယ်။ ဘုရားတွေလည်း ဖူးရတယ်၊ မရောက်ဖူးတဲ့ နေရာတွေလည်း ရောက်ရ တယ်၊ လူရည်ချွန်ဖြစ်ရတာလည်း ကိုယ့်ဘဝရဲ့ တစ်ဆစ်ချိုးမှာ ဂုဏ်ပုဒ် တစ်ခုဖြစ်ခဲ့ရပါတယ်။ နောင်လည်း အခု လိုမျိုး ဆက်လက်ကြိုးစားသွားပါ့မယ်။
မောင်ရဲလင်းကျော် (အထက-၂ ခရမ်း
ရန်ကုန်တိုင်းဒေသကြီး)
အခုလိုမျိုး အင်းလေးကန်ကို လာရောက် လေ့လာခွင့်ရတဲ့အတွက် ပျော်ရွှင်မိပါတယ်။ တစ်ခါမှ မတွေ့ကြုံ ဖူးတဲ့ အတွေ့အကြုံတွေ၊ ဒေသန္တရ ဗဟုသုတတွေလည်း ရရှိပါတယ်။ ဖောင်တော်ဦးဘုရား ဖူးရတဲ့အတွက် လည်း အလွန်ကြည်နူးမိပါတယ်။ သူငယ်ချင်းတွေနဲ့ စက်လှေစီးရတာလည်း အလွန်ပျော်ပါတယ်။
နန်းချောစုစုသိမ့်
(အထက-၁ ဘားအံ ကရင်ပြည်နယ်)
အင်းလေးကို တစ်ခါမှ မရောက်ဖူးခဲ့ပါ ဘူး။ ဒီနေ့ လေ့လာခဲ့တဲ့ နေရာတွေက လည်း ဗဟုသုတတွေ အများကြီးရပါတယ်၊ ပျော်ဖို့လည်းကောင်းပါတယ်။ ဒီခရီးစဉ်မှာ သူငယ်ချင်း အသစ်တွေလည်း အများကြီး ရခဲ့ပါတယ်။ တောင်ကြီး၊ အင်းလေး ခရီးစဉ်ကို နောက်တစ်ခါ ထပ်လာချင်ပါ သေးတယ်။