လူရည်ချွန် ကျောင်းသား ကျောင်းသူများ တောင်ကြီးမြို့နှင့်ကျောက်တလုံးကြီးမြို့ရှိ သမိုင်းဝင်အထင်ကရ ရှေးဟောင်းဘုရားစေတီများဖူးမြော်

 

တောင်ကြီး မေ ၂


တောင်ကြီးလူရည်ချွန်အပန်းဖြေစခန်းမှလူရည်ချွန် ကျောင်းသားကျောင်းသူများသည်  ကြီးကြပ်ဆရာ ဆရာမများ၊ လူရည်ချွန်ကြီးများနှင့်အတူ ယနေ့နံနက် ပိုင်းက   တောင်ကြီးမြို့နှင့်     ကျောက်တလုံးကြီး  မြို့ရှိ   သမိုင်းဝင်ရှေးဟောင်းဘုရား၊ စေတီများအား သွားရောက်ဖူးမြော်ကြသည်။ 

 


ဦးစွာ လူရည်ချွှန်မောင်မယ်များသည် တောင်ကြီး မြို့ရှိ ရှေးဟောင်းသမိုင်းဝင်   ရွှေဘုန်းပွင့်ဘုရားသို့ ရောက်ရှိပြီး  စေတီတော်မြတ်အား   ပန်း၊  ရေချမ်း များ ကပ်လှူပူဇော်၍   ဖူးမြော်ကန်တော့ကြသည်။ ထို့နောက်   ရွှေဘုန်းပွင့်ဘုရား    အနောက်ဘက်ရှိ တောင်ကြီးမြို့ ရှုမျှော်ခင်းကြည့်စင်တွင် တောင်ကြီး လူရည်ချွန် စခန်းမှူး၊ ကြီးကြပ်ဆရာ ဆရာမများနှင့် လူရည်ချွန်မောင်မယ်များ    စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ 

 


ယင်းနောက် ကျောက်တလုံးကြီးမြို့ရှိ ရှေးဟောင်း သမိုင်းဝင်   မွေတော်ကက္ကူဘုရားသို့   ရောက်ရှိ ကြရာ  လူရည်ချွန်မောင်မယ်များကို ဒေသခံပအိုဝ်း တိုင်းရင်းသားများက အိုးစည်ဗုံမောင်းများ တီးခတ်၍ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုကြသည်။

 


ဆက်လက်၍ လူရည်ချွန်အဖွဲ့များသည် မွေတော် ကက္ကူဘုရားစေတီများအား    လှည့်လည်ဖူးမြော် ကြည်ညိုကြပြီး ဘုရားပရိဝုဏ်အတွင်း လေ့လာကာ ကျောက်တလုံးကြီး   အခြေခံပညာအလယ်တန်း ကျောင်း၌ နေ့လယ်စာသုံးဆောင်ကြသည်။
ထို့နောက် လူရည်ချွန်အဖွဲ့များသည် တောင်ကြီး မြို့ကျက်သရေဆောင် စူဠာမုနိဘုရားကြီးသို့ရောက်ရှိ ကာ ပန်း၊ ရေချမ်းများ ဆက်ကပ်၍ ဖူးမြော်ကန်တော့ ကြပြီး   အလှူငွေများ    ထည့်ဝင်လှူဒါန်းကြသည်။ ထိုမှတစ်ဆင့် လူရည်ချွန်အဖွဲ့များသည် တောင်ကြီး မြို့မဈေးကို   လှည့်လည်လေ့လာ၍    အမှတ်တရ လက်ဆောင်ပစ္စည်းများ ဝယ်ယူကြသည်။

 


ညပိုင်းတွင် လူရည်ချွန်ကျောင်းသား ကျောင်းသူ များသည် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေး က တည်ခင်းဧည့်ခံသည့်   ဂုဏ်ပြုညစာစားပွဲနှင့် စခန်းပိတ်သိမ်းပွဲအခမ်းအနားသို့ တက်ရောက်ကြပြီး ညစာစားပွဲအပြီးတွင်   လူရည်ချွန်မောင်မယ်များ သည်  တောင်ကြီးလူရည်ချွန် အပန်းဖြေစခန်းတွင်   စခန်းသိမ်းပွဲအထိမ်းအမှတ် မီးပုံပွဲကို တပျော်တပါး စုပေါင်းဆင်နွှဲကြကြောင်း သိရသည်။ 


သတင်းစဉ်