
ရန်ကုန် မေ ၂
သာသနာတော်နှစ် ၂၅၆၆-၆၇ ကဆုန်လပြည့် ဗုဒ္ဓနေ့အား ရည်မှတ်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့က ကြီးမှူးကျင်းပသည့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား သံဃာတော် (၁၁၁၁၁) ပါးတို့ဖြင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်တော် စုပေါင်းလောင်းလှူပွဲ မင်္ဂလာအခမ်းအနား ကို ယနေ့နံနက်တွင် ရွှေတိဂုံစေတီတော် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။
ရှေးဦးစွာ ဆရာတော် သံဃာ တော်များ၊ ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဧည့်ပရိသတ်များက အခမ်းအနား ကို "နမောတဿ" သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ် ကြသည်။
ထို့နောက် စောင်းပညာရှင် ဦးထွန်းဝဏ္ဏစိုးနှင့် တွဲဖက်၍ တေးသံရှင်ခိုင်ဇင်ရွှေ က "ဗုဒ္ဓ ရောင်ခြည်တော်ဘွဲ့ ထူးမခြားနား" သီချင်းခံဖြင့် သီကျူးပူဇော် သည်။
ယင်းနောက် နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့ တွဲဖက်အကျိုး တော်ဆောင်၊ အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တသီဟနာဒ ဆရာတော် အရှင် သူမြတ်ထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များ က ကိုးပါးသီလ ခံယူဆောက်တည် ကြပြီး ဆရာတော်၊ သံဃာတော် များက မေတ္တသုတ် ပရိတ်တရား တော် ရွတ်ပွားသရဇ္ဈာယ်တော်မူ ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေး ဆိုင်ရာများ လျှောက်ထားရာတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့က ဥပတ္ထမ္ဘက ပြုလုပ်၍ ဆရာ တော် သံဃာတော်များ ဦးဆောင် ကာ ဗုဒ္ဓါဘိသေက အနေကဇာတင် ပူဇော်ခြင်း၊ သံဃာတော် အရှင် မြတ်တို့အား ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ခြင်းတို့ကို ဆရာ ဒကာ အညီအညွတ် ပေါင်းစု ပြုလုပ်ကြသည့် ကောင်းမှုမင်္ဂလာ အဖြာဖြာတို့ကြောင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီးတွင် မှီတင်းနေထိုင် ကြကုန်သော ရဟန်းရှင်လူအပေါင်း၊ တိုင်းရင်း သား ပြည်သူအပေါင်းတို့ ဘေးဘယာဝေးကွာ၍ အေးငြိမ်း ချမ်းသာရှိကြပြီး ကောင်းကျိုး လိုရာနှင့် ပြည့်စုံကြလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ဆရာတော် သံဃာတော် အရှင်သူမြတ်များ အားလုံး သက်ရှည်ကျန်းမာစွာဖြင့် သာသနာအကျိုးကို သယ်ပိုး ထမ်းဆောင်တော် မူနိုင်ကြပါစေ၊ အလှူရှင် ပြည်သူများအနေဖြင့် လည်း သာသနာတော်မြတ်ကြီး အတွက် ဝိုင်းဝန်းထောက်ပံ့ လှူဒါန်းပူဇော်နိုင်ကြပါစေ၊ ဗုဒ္ဓ မြတ်စွာ သာသနာတော်ကြီး သည်လည်း အဓွန့်ရှည်ကြာစွာ တည်တံ့ထွန်းလင်း ပြန့်ပွားနိုင် ပါစေ၊ နိုင်ငံတော်တစ်ဝန်း၊ ကမ္ဘာ တစ်ဝန်း ငြိမ်းချမ်းသာယာ ဝပြော၍ ဝေစည် တိုးတက် အောင်မြင်နိုင်ပါစေကြောင်း ဆုမွန် ကောင်း တောင်းအပ်ပါကြောင်း လျှောက်ထားသည်။
ထို့နောက် ဆရာတော်ကြီး များအား တိုင်းဒေသကြီး ဝန်ကြီး ချုပ်နှင့် ဇနီး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဇနီးများ၊ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ တာဝန်ရှိသူများနှင့် အလှူရှင်များက လှူဖွယ်ဝတ္ထု ပစ္စည်းများကို ဆက်ကပ်လှူဒါန်း ကြသည်။
ယင်းနောက် ရန်ကုန်တိုင်း ဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ရွှေတိဂုံစေတီတော် ဘဏ္ဍာ တော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါ စရိယ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂ မဟာသဒ္ဓမ္မဇောတိကဓဇ ဒွိပိဋက ဓရ ဒေါက်တာ ဘဒ္ဒန္တအဂ္ဂသာမိ ဆရာတော် အရှင်သူမြတ်က မပြည့်စုံမှု၊ မှားယွင်းမှုများရှိပါက ခွင့်လွှတ် သည်းခံတော်မူပါရန် အကြောင်း တောင်းပန်လျှောက် ထားပြီး နိုင်ငံတော် ဗဟိုသံဃာ့ ဝန်ဆောင် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ တိပိဋကရွေးချယ် ရေးအဖွဲ့ ဩဝါဒါစရိယ၊ အဂ္ဂမဟာ ပဏ္ဍိတ စေတိယင်္ဂဏ ပဝရသိရီ မဟာဓမ္မဂုရု၊ သ.စ.အ ဓမ္မာစရိယ (ဝဋံသကာ) ပါဠိပါရဂူဘဒ္ဒန္တ နာရဒါ ဘိဝံသ ဆရာတော်ထံမှ တိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက အနုမောဒနာ တရားနာကြား၍ ရေစက်သွန်း လောင်း အမျှပေးဝေကြပြီး "ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု" သုံးကြိမ် ရွတ်ဆို ဆုတောင်း၍ အခမ်း အနားကို ရုပ်သိမ်းလိုက်သည်။
ဆက်လက်၍ ဗုဒ္ဓါဘိသေက အနေကဇာတင် အခမ်းအနားကို ရွှေတိဂုံစေတီတော် အထက် ပစ္စယံ၌ ဆက်လက်ကျင်းပရာ ဆရာတော်သံဃာတော် (၁၁၁)ပါးနှင့် ပြည်သူ့ရင်ပြင်တွင် သီတင်းသုံးနေတော် မူကြသည့် ဆရာတော် သံဃာတော် (၁၁၀၀၀) ပါးတို့က ဥဒါန်းပါဠိတော်လာ နည်းအတိုင်း ဗုဒ္ဓါဘိသိက်သွန်း လောင်းတော်မူသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဇနီးများ၊ ဧည့်ပရိသတ်များက ရွှေတိဂုံစေတီတော်ရင်ပြင်တော်၌ ဆရာတော် သံဃာတော် (၁၁၁) ပါးနှင့် ပြည်သူ့ရင်ပြင်တွင် သီတင်းသုံးတော်မူကြသည့် ဆရာ တော် သံဃာတော် (၁၁၀၀၀) ပါး တို့အား ဆွမ်းဆန်တော်များ စုပေါင်းလောင်းလှူကြပြီး အနု ပညာရှင်များက ဓမ္မပူဇာတေး သီချင်းများဖြင့် ပူဇော်ကန်တော့ ကြကြောင်း သိရသည်။
သတင်းစဉ်