
နေသော်
နေပြည်တော်ကနေ မိနစ် ၃၀လောက် မော်တော် ကားနဲ့ သွားရောက်မယ်ဆိုရင် အပန်းဖြေစရာ သဘာဝ အလှအပတွေ ပြည့်နှက်နေတဲ့ ငလိုက်ဆင် စခန်းသာကို ရောက်ရှိနိုင်ပါတယ်။ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၁၇ မှာ တည်ရှိတာပါ။ နေပြည်တော်ကနေ ပျဉ်းမနား- တောင်ညို လမ်းမ အတိုင်း ၁၆ မိုင်လောက် သွားရင်ပဲဖြစ်ဖြစ်၊ အမြန်လမ်းကနေဖြစ်ဖြစ် သွားရောက်လို့ရပါတယ်။
ငလိုက်ဆင်စခန်းမှာ ဆင်တွေကို အနီးကပ် တွေ့မြင်နိုင်ပြီး ဆင်စာကျွေးမွေးတာ၊ ဆင်ဘူဖေး လှူဒါန်းတာတွေ ပြုလုပ်ရင်း အပန်းဖြေနိုင်ပါတယ်။ ဆင်လိမ္မာလေးတွေရဲ့ ကပြဖျော်ဖြေတာတွေကို ပိတ်ရက်တွေမှာ ကြုံတွေ့ရနိုင်သလို တောတွင်း ဆင်စီးမှုအတွေ့အကြုံတွေ၊ ဆင်ဦးစီးတွေရဲ့ နေထိုင် စားသောက်မှုဘဝပုံစံတွေကိုလည်း လေ့လာခွင့်ရ နိုင်ပါတယ်။
ဆင်စွယ်ပြတိုက်မှာ ဆင်လေးတွေရဲ့ ဓလေ့ သဘာဝအကျင့်စရိုက်တွေ၊ ဖြတ်သန်းမှုတွေ၊ ဆင် တွေနဲ့ လူသားတွေရဲ့ ပတ်သက်ဆက်နွှယ်မှုတွေ ကိုလည်း စိတ်ဝင်တစား လေ့လာကြည့်ရှုလို့ရသလို ရွက်အုပ်ဖြတ်လျှောက်လမ်း၊ တောတွင်းဖြတ် လျှောက်လမ်းနဲ့ ကြိုးတံတားတစ်လျှောက် အနားယူ အပန်းဖြေနိုင်ပါတယ်။
ယခုနှစ် နွေကျောင်းပိတ်ရက်တွေမှာ ဆန်းသစ် ထူးခြားမှုအနေနဲ့ကတော့ အေးမြတဲ့ အမြဲစိမ်းစို နေတဲ့ ထင်းရှူးတောအုပ်လေးရယ်၊ ဦးပိန် တံတားထက်ပိုရှည်တဲ့ သစ်သားတံတားလေးရယ်၊ ချစ်စရာဆင်အက အလှပြပွဲ၊ ဆင်ဝတ်တန်ဆာတွေ ကို အပြည့်အစုံဝတ်ဆင်ထားတဲ့ ခံ့ညားလှပတဲ့ ဆင်ကလေးတွေရဲ့အပေါ်မှာ ဓာတ်ပုံရိုက်ကူးတာ တွေအပြင် ခြေထောက်သုံးချောင်းထောက် ဆွေသော်ကြီးရဲ့ ထူးခြားမှုတွေကိုလည်း လေ့လာ နိုင်ပါတယ်လို့ ငလိုက်ဆင်စခန်း တာဝန်ရှိသူများ ထံက သိရပါတယ်။
ဆည်ရေပြင် အလှအပတွေကို ခံစားရင်း ကုန်ကျစရိတ်သက်သာစွာ စားသုံးနိုင်မယ့် စားသောက်ဆိုင်တဲလေးတွေကလည်း ခရီးသွားတွေ ကို ဆွဲဆောင်စေပါတယ်။ ကုန်ကျစရိတ် သက်သက် သာသာနဲ့ သဘာဝအလှအပတွေကို တစ်ဝကြီး ခံစားရင်း တစ်နေ့တာ အပန်းဖြေဖို့အတွက်တော့ ငလိုက်ဆင်စခန်းကို ရွေးချယ်လိုက်ပါတော့လို့ အကြံပြုလိုက်ပါရစေ။ ။