အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးသော မြို့ကြီးများဆု

Type
77

 

ကျော်နိုင်ဦး(ပတ်ဝန်းကျင်)
 

မြန်မာနိုင်ငံအပါအဝင် အာဆီယံဒေသတွင်း နိုင်ငံတွေဟာ အလွန်ထူးခြားတဲ့ သဘာဝဂေဟစနစ်တွေနဲ့ သယံဇာတအရင်းအမြစ်တွေ အမျိုးအစားစုံလင် ပေါကြွယ်ဝလှပါတယ်။ အဲဒီ သဘာဝသယံဇာတအရင်းအမြစ်တွေဟာ အာဆီယံရဲ့ စီးပွားရေးနဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့  အဓိကအထောက်အကူပြုလို့နေပါတယ်။ ဒီနေ့ ကျွန်တော်တို့ အသက်ရှင်နေထိုင်နေတဲ့ ၂၁ ရာစုမှာဆိုရင် အာဆီယံနိုင်ငံတွေဟာ စက်မှုလုပ်ငန်းနဲ့ စီးပွားရေး လုပ်ငန်းတွေ အပြိုင်အဆိုင် ဖွံ့ဖြိုးတိုးတက်လာကြတဲ့အတွက် ပတ်ဝန်းကျင်ညစ်ညမ်းတာတွေ၊ ရာသီဥတုပြောင်းလဲဖောက်ပြန်တာတွေစတဲ့ နောက်ဆက် တွဲဆိုးကျိုးတွေကို တခြားကမ္ဘာ့နိုင်ငံများနည်းတူ ရင်ဆိုင်ကြုံတွေ့လာနေရတာ အားလုံးအသိပဲဖြစ်ပါတယ်။ 

 


ဒါ့ကြောင့် အဖိုးတန် သဘာဝသယံဇာတတွေနဲ့ ဂေဟစနစ်တွေ   ယိုယွင်းပျက်စီးမှုမရှိရလေအောင် ဒေသတွင်းနိုင်ငံတွေအားလုံး  အချင်းချင်း  လက်တွဲ ပူးပေါင်းကာကွယ်ဖို့ဟာ        ယနေ့အချိန်အခါမှာ လွန်စွာမှအရေးကြီးလှတဲ့       အခန်းကဏ္ဍတစ်ရပ် ဖြစ်လာခဲ့ပါပြီ။ အာဆီယံနိုင်ငံတွေ ရေရှည်စဉ်ဆက် မပြတ်ဖွံ့ဖြိုးဖို့အတွက်   သန့်ရှင်း၍   စိမ်းလန်းသော အာဆီယံ(a clean and   green   ASEAN)ဆိုတဲ့ အာဆီယံမျှော်မှန်းချက်နဲ့အညီ    ဒေသတွင်းမှာရှိတဲ့ မြို့ကြီးတွေမှာ    စိမ်းလန်းသန့်ရှင်းပြီး   နှစ်လိုဖွယ် ကောင်းတဲ့  မြို့ကြီးများအဖြစ် ပတ်ဝန်းကျင်ရေရှည် တည်တံ့ကောင်းမွန်စေဖို့အတွက်   ရည်ရွယ်ပြီး အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ   စဉ်ဆက်မပြတ် ဖွံ့ဖြိုးသော မြို့ကြီးများဆု   (ASEAN Environ-mentally Sustainable Cities Award)၊ အတို ကောက်အားဖြင့် (ASEAN ESC Award) ကို ၂၀၀၈ ခုနှစ်ကစပြီး ASEAN Working Group on Environ-mentally Sustainable Cities (AWGESC)အဖွဲ့က သုံးနှစ်လျှင်တစ်ကြိမ်  ပေးအပ်ချီးမြှင့်လျက်ရှိတယ်။ အဲဒီ   ASEAN  ESC  Award  ဆုတွေကို အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ  ဝန်ကြီးများအဆင့် အစည်းအဝေးနဲ့     ဆက်စပ်အစည်းအဝေးတွေမှာ ထိုက်ထိုက်တန်တန်ပေးအပ်ချီးမြှင့်ခဲ့ရာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အထိ (၅) ကြိမ်တိုင်တိုင် ပေးအပ်ချီးမြှင့် နိုင်ခဲ့ပြီး ဖြစ်ပါတယ် ။

 


ဆုများ ချီးမြှင့်ခြင်း၏ ရည်ရွယ်ချက်


အာဆီယံနိုင်ငံတွေအတွင်းမှာရှိတဲ့  မြို့ကြီးတွေ ဟာ ရေ၊ မြေ၊ လေ သန့်ရှင်းသာယာပြီး ရေရှည်ဖွံ့ဖြိုး တိုးတက်တဲ့ မြို့ကြီးတွေအဖြစ်နဲ့ ပေါ်ပေါက်လာစေ ဖို့၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို  ပိုမို  တွန်းအားပေးဆောင်ရွက်လာစေဖို့၊ ရာသီဥတုဒဏ် ကြံ့ကြံ့ခံနိုင်ပြီး  သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကောင်းမွန်စေဖို့၊ ရေရှည်တည်တံ့တဲ့ မြို့ပြဖွံ့ဖြိုးမှု ရရှိစေရေး ပေါင်းစပ်ဆောင်ရွက်နိုင်စေဖို့နဲ့ မြို့ကြီး တွေအချင်းချင်း  ဆက်သွယ်မှုကွန်ရက်ဖြစ်ပေါ်လာစေဖို့ စတဲ့ရည်ရွယ်ချက်ကောင်းများစွာနဲ့ အာဆီယံ ပတ်ဝန်းကျင်ဆိုင်ရာ   စဉ်ဆက်မပြတ်ဖွံ့ဖြိုးသော မြို့ကြီးများဆု   (ASEAN    Environmentally Sustainable Cities Award )ကို  ပေးအပ်ချီးမြှင့်တာ ဖြစ်ပါတယ်။

 


မြန်မာနိုင်ငံမှ ASEAN ESC Award ဆု ရရှိခဲ့သည့် မြို့ကြီးများ


ကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့     အာဆီယံ ပတ်ဝန်းကျင်ဆိုင်ရာ   စဉ်ဆက်မပြတ်ဖွံ့ဖြိုးသော မြို့ကြီးများဆုကို  ၂၀၀၈ ခုနှစ်မှာ  တောင်ကြီးမြို့၊ ၂၀၁၁ ခုနှစ်မှာ ပြင်ဦးလွင်မြို့၊ ၂၀၁၄ ခုနှစ်မှာ ရန်ကုန် မြို့၊ ၂၀၁၇ ခုနှစ်မှာ နေပြည်တော်၊ ၂၀၂၁ ခုနှစ်မှာ ညောင်ဦးမြို့တို့က  ဂုဏ်ယူဖွယ်ရာ အသီးသီးဆုရရှိ ခဲ့ပြီး ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၁ ရက်တုန်းက အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ (၁၆)ကြိမ်မြောက်   အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးနှင့်      ဆက်စပ် အစည်းအဝေးများ (16th  ASEAN   Ministerial Meeting   on   Environment  and   Related Meetings) မှာ     မြန်မာနိုင်ငံက   သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်  ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့          တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပြီး   အဲဒီအစည်းအဝေးက  (၅)ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာစဉ်ဆက် မပြတ်ဖွံ့ဖြိုးသောမြို့ကြီးများဆု   (5th   ASEAN Environmentally Sustainable Cities Award) ကို ရွေးချယ်ပေးအပ်ချီးမြှင့်ခဲ့ရာမှာတော့ မြန်မာနိုင်ငံ အနေနဲ့ ညောင်ဦးမြို့က ဆွတ်ခူးရရှိခဲ့ပါတယ်။

 


ဆုရရှိရေးအတွက် သတ်မှတ်ထားသည့် Guidelines များနှင့် ညီညွတ်မှု


၂၀၁၁ ခုနှစ်ကစပြီး   အာဆီယံနိုင်ငံတွေမှာရှိတဲ့ မြို့ကြီးတွေကို သန့်ရှင်းတဲ့လေထု၊ သန့်ရှင်းတဲ့မြေထု၊   သန့်ရှင်းတဲ့ရေထုနဲ့   ပတ်သက်ပြီး   အကောင်းဆုံး စံပြမြို့တွေအတွက်       အသိအမှတ်ပြုလက်မှတ် (Certificate   of   Recognition)    ချီးမြှင့်ခြင်း အစီအစဉ်ကိုလည်း  ASEAN ESC Award တွေနဲ့ အတူပူးတွဲပြီး  သုံးနှစ်လျှင်တစ်ကြိမ်  ထပ်မံပေးအပ် ချီးမြှင့်ခဲ့ရာမှာ အဲဒီလက်မှတ်တွေ  ချီးမြှင့်ခဲ့ခြင်းဟာ လည်း ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာဆိုရင် လေးကြိမ်တိုင် ရှိခဲ့ပြီဖြစ်ပါတယ်။ ASEAN ESC Award ဆုနဲ့ Certi-ficate of Recognition လက်မှတ်တွေ ရရှိဖို့အတွက် AWGESC အဖွဲ့ဥက္ကဋ္ဌထံကို မြို့အမည်စာရင်းတွေ  အဆိုပြုပေးပို့တဲ့အခါ  သတ်မှတ်ထားတဲ့ Guideline for  the  nomination  of  Cities  for  the  ASEAN Environmentally  Sustainable   Cities   (ESC) Award and Certificate of Recognition ပါ အချက် အလက်တွေနဲ့အညီ ပြည့်စုံစွာပေးပို့ လျှောက်ထားရ ပါတယ်။ အဲဒီ Guidelines တွေမှာ သန့်ရှင်းတဲ့လေထု (Clean Air)၊ သန့်ရှင်းတဲ့ရေထု(Clean Water) နဲ့  သန့်ရှင်းတဲ့မြေထု (Clean Land) တို့အတွက် အညွှန်း ကိန်း(Indicators)များစွာ  ဖော်ပြသတ်မှတ်ထားရှိ ပါတယ်။

 

သန့်ရှင်းတဲ့လေထုအတွက် အဓိကအညွှန်း ကိန်း (Key Indicators)တွေကို  ဥပမာအားဖြင့် ဖော်ပြရမယ်ဆိုရင်တော့        လေထုညစ်ညမ်းမှု လျော့နည်းစေဖို့အတွက် ကာဗွန်မိုနော့ ဆိုက်(CO)၊ ဆာလဖာဒိုင်အောက်ဆိုက်(SO2)၊ နိုက်ထရိုဂျင်ဒိုင် အောက်ဆိုက်(NO2)၊ အလွန်သေးငယ်တဲ့အမှုန်အမွှား (PM10) စတာတွေဟာ တစ်နှစ်တာအတွင်း သတ်မှတ် စံချိန်စံညွှန်းအတွင်း တည်ရှိတဲ့ နေ့ရက်အရေအတွက်၊  မိမိတို့နိုင်ငံအလိုက် သတ်မှတ်ထားရှိတဲ့  ပတ်ဝန်းကျင် အရည်အသွေး   စံချိန်စံညွှန်းတွေနဲ့အညီ    လိုက်နာ ဆောင်ရွက်နိုင်တဲ့  စက်ရုံ/ အလုပ်ရုံတွေရဲ့  အရေ အတွက်/ ရာခိုင်နှုန်း စတဲ့အချက်တွေ ပါဝင်ပါတယ်။ သန့်ရှင်းတဲ့ရေထုအတွက် အဓိကအညွှန်းကိန်း(Key Indicators)တွေကို    ဥပမာအားဖြင့်   ဖော်ပြရရင် WHO   Drinking   Water   Standard နဲ့အညီ သောက်သုံးရေရရှိတဲ့          အိမ်ထောင်စုရာခိုင်နှုန်း၊ ကောင်းမွန်တဲ့ မိလ္လာစနစ်ရှိမှု  ရာခိုင်နှုန်း စတဲ့အချက် တွေ ပါရှိပါတယ်။ သန့်ရှင်းတဲ့မြေထုအတွက် အဓိက အညွှန်းကိန်း (Key Indicators) တွေကို ဥပမာအား ဖြင့်ဖော်ပြရမယ်ဆိုရင် အိမ်တိုင်ရာရောက် အမှိုက် သိမ်းဆည်းနိုင်တဲ့ရာခိုင်နှုန်း၊ စွန့်ပစ်ပစ္စည်းတွေကို  ပြန်လည်ပြုပြင်သုံးစွဲနိုင်မှု  (Recycle)  ရာခိုင်နှုန်း စတဲ့အသေးစိတ်အချက်အလက်တွေ ဖော်ပြပါရှိတာ ကို တွေ့ရပါတယ်။

 


မြန်မာနိုင်ငံက  အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ  စဉ်ဆက်မပြတ်ဖွံ့ဖြိုးသော     မြို့ကြီးများဆုတွေ ရရှိခဲ့ကြတဲ့ တောင်ကြီးမြို့၊ ပြင်ဦးလွင်မြို့၊ ရန်ကုန် မြို့၊ နေပြည်တော်နဲ့ ညောင်ဦးမြို့တို့ဟာ အထက်က ဖော်ပြခဲ့တဲ့ သန့်ရှင်းတဲ့ လေထု၊ သန့်ရှင်းတဲ့ ရေထုနဲ့ သန့်ရှင်းတဲ့ မြေထုတွေအတွက် အဓိကလိုအပ်တဲ့ Guidelines ပါ   အညွှန်းကိန်းတွေဟာဆိုရင်ဖြင့် အခြားမြို့တွေထက်  စနစ်တကျ   ပြည့်ပြည့်စုံစုံ ကိုက်ညီနေတာကြောင့် ဆုတွေအသီးသီးရရှိခဲ့ကြ တာဖြစ်ပါတယ်။ အဲဒီမြို့တွေမှာ လေထုအရည်အသွေး ပုံမှန်တိုင်းတာစောင့်ကြည့်တဲ့            စနစ်တွေရှိတာ၊ လေထုညစ်ညမ်းမှု              လျော့နည်းတဲ့ယာဉ်တွေ အများဆုံးအသုံးပြုတာ၊    သဘာဝပတ်ဝန်းကျင်နဲ့ ပြည်သူလူထုရဲ့ ကျန်းမာရေးမထိခိုက်စေဖို့ ကြိုတင် စီမံထားရှိတာ၊ သန့်ရှင်းတဲ့သောက်သုံးရေကို မြို့ရေ ပေးဝေရေးစနစ်ကနေတစ်ဆင့် ဖြန့်ဖြူးပေးနိုင်တာ၊  ရေစီးရေလာကောင်းမွန်တဲ့   ရေနုတ်မြောင်းတွေရှိ တာ၊ မြေထုသန့်ရှင်းဖို့အတွက်  စွန့်ပစ်ပစ္စည်းတွေကို  စနစ်တကျစီမံခန့်ခွဲနိုင်တာ၊ အမှိုက်ခွဲခြားစွန့်ပစ်တာ၊  စနစ်ကျတဲ့  မြေဖို့စွန့်ပစ်တဲ့စနစ်တွေရှိတာ၊   စွန့်ပစ် ပစ္စည်းတွေကနေ            အခြားပစ္စည်းအသစ်တွေ ပြန်လည်ထုတ်လုပ်နိုင်တာ၊  ပလတ်စတစ်သုံးစွဲမှု လျှော့ချဖို့    အသိပညာပေးလုပ်ငန်းတွေ    ပုံမှန် ဆောင်ရွက်တာ၊  အမှိုက်မီးရှို့စက်တွေကို အသုံးပြု ပြီး  စနစ်တကျစီမံခန့်ခွဲနိုင်တာ၊  နှစ်ရှည်ပင်တွေ၊ သစ်ပင်ပန်းမန်နဲ့ ပန်းဥယျာဉ်တွေ စိုက်ပျိုးထားရှိ တာ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာ ပေးလုပ်ငန်းတွေကို  အမြဲမပြတ်  ဆောင်ရွက်တာ စတဲ့ အာဆီယံကသတ်မှတ်ထားတဲ့ လမ်းညွှန်ချက်ပါ  အချက်အလက်တွေနဲ့အညီ   ဆောင်ရွက်ချက်တွေ ကြောင့် ASEAN ESC Award ဆုတွေကို ထိုက်ထိုက် တန်တန် ချီးမြှင့်ခံခဲ့ရတာ ဖြစ်ပါတယ်။  

 


နိဂုံး


အာဆီယံအနေနဲ့  အခုလို ပတ်ဝန်းကျင်ဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးသော    မြို့ကြီးများဆုတွေကို ပုံမှန်ပေးအပ်ချီးမြှင့်တဲ့အတွက်             ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းတွေမှာ          နိုင်ငံ အချင်းချင်း   ပူးပေါင်းဆောင်ရွက်မှုတွေကို    ပိုမို တိုးမြှင့်လာနိုင်မှာဖြစ်တဲ့အပြင် စိမ်းလန်းသန့်ရှင်းပြီး နှစ်လိုဖွယ်ကောင်းတဲ့  သဘာဝဘေးဒဏ်ကြံ့ကြံ့ခံနိုင် တဲ့ မြို့ကြီးပြကြီးတွေ  အများအပြား ပေါ်ထွန်းလာမှာ ဖြစ်ပါတယ်။ ဒါတင်မကဘဲ ကမ္ဘာလုံးဆိုင်ရာ ရေရှည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး   ရည်မှန်းချက် ပန်းတိုင် (၁၇)  ချက်ထဲက   အမှတ်စဉ် (၁၁)  ဖြစ်တဲ့ ရေရှည်တည်တံ့သော မြို့ပြဒေသများနှင့် ကျေးလက် ဒေသလူမှုအဖွဲ့အစည်းများ    ဖြစ်ပေါ်လာစေရေး (Sustainable Cities and Communities) ဆိုတဲ့ အချက်ကို    အကောင်အထည်ဖော်တဲ့နေရာမှာ တစ်ဖက်တစ်လမ်းကနေပြီး အထောက်အကူပြုနေပါ တယ်။  ဒါကြောင့်     စိမ်းလန်းသန့်ရှင်းသာယာပြီး နှစ်လိုဖွယ်ကောင်းတဲ့မြိုကြီးတွေနဲ့    ပတ်ဝန်းကျင် ဆိုင်ရာ     စဉ်ဆက်မပြတ်  ဖွံ့ဖြိုးသောမြို့ကြီးတွေ ကျွန်တော်တို့ မြန်မာနိုင်ငံအနှံ့အပြားမှာ ဆက်လက် ပေါ်ပေါက်လာစေဖို့အတွက်  သက်ဆိုင်ရာဌာနတွေ၊ အဖွဲ့အစည်းတွေနဲ့အတူ ပြည်သူလူထုတစ်ရပ်လုံးက လက်တွဲညီညာစွာဖြင့် ပူးပေါင်းကြိုးပမ်း ဆောင်ရွက် ကြပါစို့လို့    အလေးအနက်ထား   တိုက်တွန်းအပ် ပါတယ် ။      ။