စက်မှုဝန်ကြီးဌာန၏ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေး ဆောင်ရွက်ချက်များ

Type

 

ဒေါက်တာလပြည့်ခင်

စက်မှုဝန်ကြီးဌာနသည် နိုင်ငံတော်၏စီးပွားရေးမူဝါဒများနှင့်အညီ စက်မှုဖွံ့ဖြိုးရေး မဟာဗျူဟာနှင့် စက်မှုဇုန်ဥပဒေများ ရေးဆွဲပြဋ္ဌာန်းခြင်း၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒ၊ ဥပဒေနှင့် နည်းဥပဒေများအရ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ ဓာတုပစ္စည်းနှင့်ဆက်စပ် ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးဥပဒေ၊ နည်းဥပဒေများအရ လုပ်ငန်းများဆောင်ရွက်ခြင်း၊ မော်တော်ယာဉ်လုပ်ငန်းဆိုင်ရာ မူဝါဒရေးဆွဲပြီးဖြစ်၍ မော်တော်ယာဉ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဥပဒေများ ဆက်လက်ရေးဆွဲခြင်းများအပြင် Myanmar Sustainable Development Plan (MSDP)နှင့် Myanmar Investment Promotion Plan (MIPP) တို့နှင့် ချိတ်ဆက်၍လည်း စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစီမံချက်များ ရေးဆွဲချမှတ်ဆောင်ရွက်လျက်ရှိသည်။

 

စက်မှုဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှစ်ခု အနက် စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနက  အဓိက အကောင်အထည်ဖော်   ဆောင်ရွက်လျက် ရှိသည့်   ဓာတုပစ္စည်းနှင့်   ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေးဆိုင်ရာလုပ်ငန်း များအနက်  သိမှတ်ဖွယ်ရာ ဆောင်ရွက်ချက် များကို အများပြည်သူသိရှိစေရန် ကောက်နုတ်ဖော်ပြအပ် ပါသည်။
သုံးတတ်လျှင်ဆေး မသုံးတတ်ပါက 
ဘေးအန္တရာယ်များစွာ ကြုံတွေ့နိုင်
ဓာတုပစ္စည်းအများစုသည် နေရာများစွာတွင် အသုံးဝင်အကျိုးရှိသကဲ့သို့  သုံးတတ်လျှင်ဆေးဖြစ် ပြီး မသုံးတတ်ပါက ဘေးအန္တရာယ်များစွာ ကြုံတွေ့ ရနိုင်သည်။  ဓာတုပစ္စည်းများသည်   စီးပွားဖြစ် ထုတ်ကုန်ပစ္စည်းများအားလုံး၏ အချက်အချာအနေ ဖြင့်ရှိနေပြီး  မိုးလင်းမှ   မိုးချုပ်အထိ   မရှိမဖြစ် အသုံးပြုနေရသည့်    နေ့စဉ်ဘဝ၏     အစိတ်အပိုင်း တစ်ရပ်လည်း   ဖြစ်နေသည်။   အဓိကအားဖြင့် စက်မှုလုပ်ငန်းများ၊   စိုက်ပျိုးရေးလုပ်ငန်းများ၊ ဆေးဝါးပစ္စည်းများ၊ သိပ္ပံနှင့်   သုတေသနလုပ်ငန်း များ၊ အန္တရာယ်ရှိစွန့်ပစ်ပစ္စည်းစွန့်ပစ်သည့်နေရာများ၊ အိမ်သုံးပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ အဝတ် အထည်များ၊ ကလေးကစားစရာ ပလတ်စတစ်အရုပ် များနှင့်   စားသောက်ကုန်ပစ္စည်းများတွင်လည်း ဓာတုပစ္စည်းများကို မရှိမဖြစ်  အသုံးပြုနေရပြန် သည်။ 
  လူနှင့်တိရစ္ဆာန် အပါအဝင် သက်ရှိအားလုံး၏ အသက်အန္တရာယ်ကို ဆုံးရှုံးသည်အထိ ဖြစ်စေနိုင် သည့် ကျန်းမာရေး ထိခိုက်မှုများနှင့် သဘာဝပတ်ဝန်း ကျင်ကို များစွာထိခိုက်ပျက်စီးနိုင်သော ယင်းဓာတု ပစ္စည်းများ၏ အကြောင်းကို  သိရှိသူမှာ   များစွာ နည်းပါးလျက်ရှိနေသည်။ ယနေ့အထိကမ္ဘာပေါ် တွင် စက်မှုကဏ္ဍ  တစ်ရှိန်ထိုး   ဖွံ့ဖြိုတိုးတက်လာ သည့်နည်းတူ   ဓာတုပစ္စည်းသုံးစွဲမှုများမှာလည်း အဆမတန်   များပြားလာသဖြင့်   ဓာတုပစ္စည်း ထုတ်လုပ်မှုများလည်း တစ်ဟုန်ထိုးမြင့်တက်လာ နေသည်။ 
ကမ္ဘာပေါ်တွင်  ဓာတုပစ္စည်းအရေအတွက် 
သန်းပေါင်း ၁၆၀ ကျော်ရှိနေ
လက်ရှိတွင် ကမ္ဘာပေါ်၌   ဓာတုပစ္စည်းအရေ အတွက် သန်းပေါင်း ၁၆၀ ကျော်ရှိနေပြီး လုပ်ငန်းခွင် တွင် ထိခိုက်ဒဏ်ရာရရှိမှု သို့မဟုတ် ရောဂါဖြစ်ပွားမှု တို့ကြောင့် နှစ်စဉ် လူ  ၁ ဒသမ ၁ သန်းသည် သေဆုံး နေကာ ယင်း၏ လေးပုံတစ်ပုံမှာ ဓာတုပစ္စည်းများ ကြောင့်  သေဆုံးရခြင်းဖြစ်ကြောင်း   သိရသည်။ ထို့ကြောင့်  ကမ္ဘာ့နိုင်ငံများစွာတွင်   ဓာတုပစ္စည်း များစွာ   ထုတ်လုပ်သုံးစွဲနေသကဲ့သို့ ဓာတုပစ္စည်း ဘေးအန္တရာယ်ကင်းရှင်း လုံခြုံရေးဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ရေးဆွဲထုတ်ပြန် ၍ ဓာတုပစ္စည်းဘေးအန္တရာယ် ကင်းရှင်းရေးလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိနေသည်။
မြန်မာနိုင်ငံအနေဖြင့်လည်း   ဓာတုပစ္စည်းစီမံ ခန့်ခွဲရေးဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်းများ လိုအပ် နေသည်ဖြစ်ရာ စက်မှုဝန်ကြီးဌာနက  ဦးဆောင်၍ သက်ရှိများ၏ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်း ကျင်ကို ထိခိုက်ပျက်စီးမှုများကို အနည်းဆုံးဖြစ်စေ ရန်နှင့်   မတော်တဆဖြစ်ပွားပါကလည်း   တားဆီး ကာကွယ်နိုင်ရန်အတွက် ဓာတုပစ္စည်းနှင့်ဆက်စပ် ပစ္စည်းများ   အန္တရာယ်မှ   တားဆီးကာကွယ်ရေး ဥပဒေကို ၂၀၀၉ ခုနှစ်တွင် စတင်ရေးဆွဲခဲ့သည်။ 
ဥပဒေရေးဆွဲဆဲကာလအတွင်း  ၂၉-၁၂-၂၀၁၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့် မြို့နယ် စက်ဆန်းရပ်ကွက် ကူးတို့ဆိပ်ရှိ လျှပ်စစ် ပစ္စည်းသိုလှောင်ရုံ မီးလောင်မှုမှတစ်ဆင့် ပရဆေး သိုလှောင်ရုံသို့  မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားပြီး ပေါက်ကွဲမှုများ ဆက်လက်ဖြစ်ပွားခဲ့ရာတွင် မီးသတ် တပ်ဖွဲ့ဝင်    ငါးဦးအပါအဝင်   ပတ်ဝန်းကျင်မှာ နေထိုင်သူအမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ငါးဦးဖြင့် စုစုပေါင်း  ၂၁ ဦး   အသက်ဆုံးရှုံးခဲ့ပြီး   မီးသတ် တပ်ဖွဲ့ဝင် ၄၄ ဦး အပါအဝင် အရပ်သားအမျိုးသား ၄၇ ဦးနှင့် အမျိုးသမီး  ၁၈ ဦး ထိခိုက်ဒဏ်ရာရရှိသူ စုစုပေါင်း  ၁၀၉ ဦးရှိခဲ့သည်။ 
နည်းပညာချွတ်ယွင်းချက်မှု ထပ်မံဖြစ်ပွား
အဆိုပါမီးလောင်ပေါက်ကွဲမှုဖြစ်စဉ်တွင် ပရဆေး ဂိုဒေါင်၌  တန်ချိန်ပေါင်း  ၅၈ ဒသမ ၂၅ တန်ခန့် ရှိသော ဇဝက်သာ၊  ယမ်းစိမ်း၊   အရောင်ချွတ်မှုန့်၊ ပိုတက်စီယမ်ကလိုရိုက်၊ ဖော့စ်ဖရပ်စ်၊ ဆေးသကြား၊ အမိုနီယမ်နိုက်ထရိတ် စသည်ဖြင့် ပရဆေးအမည် တပ်ထားသော   ဓာတုပစ္စည်းများဖြစ်နေကြောင်း သိရသည်။  ၂-၈-၂၀၁၂  ရက်နေ့တွင် ချောက်မြို့ရှိ စက်မှုဝန်ကြီးဌာနပိုင် Hydrogen Peroxide စက်ရုံ တွင်  နည်းပညာချွတ်ယွင်းချက်ကြောင့်   မီးလောင် ပေါက်ကွဲမှုထပ်မံဖြစ်ပွားခဲ့ပြန်သည်။
ထိုစဉ်က နိုင်ငံတွင်း၌ ဓာတုပစ္စည်းနှင့်ဆက်စပ် ပစ္စည်းများ အန္တရာယ်မှတားဆီး ကာကွယ်ရေးဥပဒေ မရှိသေးသည့်အတွက် စနစ်ကျသည့် ကာကွယ်ရေး များနှင့် အရေးယူဆောင်ရွက်ခြင်းများ   ပြုလုပ်နိုင် ခြင်းမရှိသဖြင့် နိုင်ငံတော်အကြီးအကဲများက ဓာတု ပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှတားဆီး ကာကွယ်ရေးဥပဒေကို အမြန်ဆုံးပြီးစီးအောင် ရေးဆွဲ ဆောင်ရွက်ရန်  ညွှန်ကြားလာသဖြင့်   ဆက်လက် ဆောင်ရွက်ခဲ့ရာ  ၂၆-၈-၂၀၁၃  ရက်နေ့တွင် ပြဋ္ဌာန်း ထုတ်ပြန်နိုင်ခဲ့သည်။ 
အဆိုပါ ဥပဒေကို ဓာတုပစ္စည်းနှင့်  ဆက်စပ် ပစ္စည်းများကြောင့်  သက်ရှိသတ္တဝါများကို   ဘေး အန္တရာယ်ဖြစ်စေခြင်းနှင့်   သဘာဝပတ်ဝန်းကျင် အရင်းအမြစ်များ       ထိခိုက်ပျက်စီးစေခြင်းမှ ကာကွယ်ရန်၊ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာလုပ်ငန်းကို ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ရာ တွင် အန္တရာယ်ကင်းရှင်းစေရေးအတွက် စနစ်တကျ ကြီးကြပ်ကွပ်ကဲရန်၊ ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်း များကို စနစ်တကျသုံးစွဲစေရေးအတွက် ပညာပေး လုပ်ငန်းနှင့် သုတေသနလုပ်ငန်းများကို ကျယ်ကျယ် ပြန့်ပြန့်ဆောင်ရွက်ရန်နှင့် သတင်းအချက်အလက် များ ရယူသောစနစ်ကို ဆောင်ရွက်ရန်နှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊     ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့အတွက်   စဉ်ဆက် မပြတ်   ဖွံ့ဖြိုးတိုးတက်ရေးကို   ဆောင်ရွက်ရန် ရည်ရွယ်ချက်များဖြင့် ရေးဆွဲခဲ့ခြင်းဖြစ်သည်။ 
ယင်းဥပဒေ  အသက်ဝင်လာစေမည့်   ကဏ္ဍ အလိုက် လိုက်နာဆောင်ရွက်ရန် အချက်များ ပြည့်စုံ စွာပါရှိသည့် ယင်း၏ နည်းဥပဒေများကိုလည်း  ၃၀-၁-၂၀၁၆ ရက်နေ့တွင် အပြီးသတ်ရေးဆွဲထုတ် ပြန်နိုင်ခဲ့သည်။ အဆိုပါ ဥပဒေ၊ နည်းဥပဒေများအရ လိုအပ်သည့်အမိန့်၊ ညွှန်ကြားချက်များကို ဆက်လက် ထုတ်ပြန်၍ ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ၏ အန္တရာယ်မှ တားဆီးကာကွယ်ရေးလုပ်ငန်းများကို တတ်စွမ်းနိုင်သမျှ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။ 
အသက် သို့မဟုတ် ပတ်ဝန်းကျင်အား   
ဆိုးကျိုးသက်ရောက်မှုဖြစ်စေ
ဤနေရာတွင် ဥပဒေ၌ ပါရှိသည့်ဓာတုပစ္စည်း ၏ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ဖော်ပြလိုသည်။ ဓာတုပစ္စည်းဆိုသည်မှာ လူနှင့်တိရစ္ဆာန်တို့၏ ကျန်းမာ ရေးကိုသော်လည်းကောင်း၊ အသက်ကိုသော်လည်း ကောင်း အန္တရာယ်ဖြစ်စေသည့် သို့မဟုတ် သဘာဝ ပတ်ဝန်းကျင်ကို   ဆိုးကျိုးသက်ရောက်မှုဖြစ်စေ သည့် သဘာဝအရဖြစ်စေ၊ လူတို့ပြုလုပ်ဖန်တီးရာမှ ဖြစ်စေ၊ ထွက်ပေါ်လာသော ဓာတုဒြပ်စင်၊ ဒြပ်ပေါင်း နှင့် ဒြပ်နှောများကိုဆိုလိုပြီး ယင်းတွင် ဓာတုဒြပ်စင်၊ ဒြပ်ပေါင်းနှင့်   ဒြပ်နှောများကို   နည်းပညာအရ ဓာတ်ပြုပေါင်းစပ်ခြင်းဖြင့်   ရရှိသောအခိုးအငွေ့၊ အရည်၊ အဆီနှင့်အစိုင်အခဲ စွန့်ပစ်ပစ္စည်းများလည်း ပါဝင်သည်။ ဆက်စပ်ပစ္စည်းဆိုသည်မှာလည်း ဓာတု ပစ္စည်းမှ ထွက်ပေါ်လာသော အန္တရာယ်ဖြစ်စေသည့်  ဆင့်ပွားပစ္စည်းများအားလုံးကို ဆိုလိုခြင်းဖြစ်သည်။
ဓာတုပစ္စည်းနှင့် ပတ်သက်၍ စီးပွားဖြစ်လုပ်ငန်း လုပ်ကိုင်သူများအတွက်  ၃၀-၄-၂၀၁၈ ရက်နေ့တွင် ဓာတုပစ္စည်းကိုဖြစ်စေ၊ ဆက်စပ်ပစ္စည်းကိုဖြစ်စေ၊ သိုလှောင်ခြင်း၊ နည်းပညာအရ ပြုပြင်ခြင်း၊ စီးပွား ရေးအလို့ငှာ ထုတ်လုပ်ခြင်း၊ သုံးစွဲခြင်း၊ ပြည်တွင်း သို့တင်သွင်းခြင်း၊ ပြည်ပသို့ တင်ပို့ခြင်း၊ သယ်ယူ ပို့ဆောင်ခြင်း၊  လက်ဝယ်ထားရှိခြင်း၊  ဖြန့်ဖြူးခြင်း၊  ဝယ်ယူခြင်း၊ ရောင်းချခြင်း  သို့မဟုတ်  စွန့်ပစ်ခြင်း စသည့် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းများကို  လုပ်ကိုင်လိုသူ   လုပ်ငန်းရှင်များ အနေဖြင့် သက်ဆိုင်ရာလိုင်စင်နှင့်  ဓာတုပစ္စည်း မှတ်ပုံတင်လက်မှတ်ကို မဖြစ်မနေပြုလုပ်ထားရန် ထုတ်ပြန်ထားပြီးမှသာ   ပြည်ပမှ  တင်သွင်းမည့် ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအတွက် ဗဟို ကြီးကြပ်ရေးအဖွဲ့၏ ထောက်ခံချက်ကို ရရှိနိုင်မည် ဖြစ်သည်။ 
ဗဟိုဦးစီးအဖွဲ့မှ လိုင်စင်နှင့် မှတ်ပုံတင်လက်မှတ် တို့၏ သက်တမ်းကို နှစ်နှစ်အထိ သတ်မှတ်ထားပြီး လိုင်စင်လျှောက်ထားသူနှင့် မှတ်ပုံတင်လက်မှတ် လျှောက်ထားသူသည် လုပ်ဆောင်မည့်လုပ်ငန်းခွင် တွင်   အနိမ့်ဆုံးအနေဖြင့်   ဓာတုဗေဒဆိုင်ရာဘွဲ့ တစ်ခုခုရရှိထားသူကို တာဝန်ပေးအပ်ထားကြောင်း အထောက်အထားကို ပြသရန် လိုအပ်သည်။
အဆိုပါဥပဒေအရ ဆက်လက်ပြီးစက်မှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန် ယူပြီး  ၇-၆-၂၀၁၆ ရက်နေ့တွင် အဖွဲ့ဝင် ၂၁ ဦး ပါဝင် သည့် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ် မှ တားဆီးကာကွယ်ရေး ဗဟိုဦးစီးအဖွဲ့ကိုလည်း ကောင်း၊  ၄-၉-၂၀၁၈  ရက်နေ့တွင် စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်၍ အဖွဲ့ဝင်  ၂၇ ဦး ပါဝင် သည့်   ဓာတုပစ္စည်းနှင့်   ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေး   ဗဟိုကြီးကြပ် ရေးအဖွဲ့ကို လည်းကောင်း၊   ၂၇-၁၂-၂၀၁၈  ရက်နေ့ တွင် အဖွဲ့ဝင်  ၁၉  ဦးဖြင့် နေပြည်တော်ဓာတုပစ္စည်း နှင့် ဆက်စပ်ပစ္စည်းများ  အန္တရာယ်မှ  တားဆီး ကာကွယ်ရေးဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့နှင့်  အဖွဲ့ဝင်   ၂၃  ဦးဖြင့် တိုင်းဒေသကြီး   သို့မဟုတ် ပြည်နယ်ဓာတု ပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီး ကာကွယ်ရေး ကြီးကြပ် ရေးအဖွဲ့တို့ကိုလည်းကောင်း ဖွဲ့စည်း၍ ဓာတုပစ္စည်းနှင့်  ဆက်စပ်ပစ္စည်းများ၏ အန္တရာယ်မှ တားဆီးကာကွယ်ရေးဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ၏ အန္တရာယ်မှ   တားဆီးကာကွယ်ရေးပညာရပ် ဆိုင်ရာအဖွဲ့ ၃၀ နှင့် ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်း များ၏ အန္တရာယ်မှ တားဆီးကာကွယ်ရေး အကြံ ပေးအဖွဲ့ ၂၆ ဦးတို့ကိုလည်း သင့်လျော်သည့်ဝန်ကြီး ဌာနများမှ တာဝန်ရှိသူများနှင့်   ပြင်ဆင်ဖွဲ့စည်း၍ လိုအပ်သည့်  အကြံဉာဏ်နှင့်   နည်းပညာများကို ထောက်ပံ့ကူညီလျက်ရှိသည်။              


ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးဗဟိုဦးစီးအဖွဲ့မှ သိပ္ပံနည်းကျ သုတေသနပြုလုပ်ခြင်းနှင့် ကူးစက်ရောဂါကာကွယ် တိုက်ဖျက်ခြင်းတို့အတွက်    နိုင်ငံတော်ကသာ ထုတ်လုပ်၊ သုံးစွဲ၊ တင်သွင်းခွင့်ရှိသော ဓာတုပစ္စည်း နှင့် ဆက်စပ်ပစ္စည်း  ၆၅ မျိုးကို  ၃၀-၆-၂၀၁၆  ရက် နေ့တွင် ပထမအကြိမ်နှင့် ဓာတုပစ္စည်းနှင့် ဆက်စပ် ပစ္စည်း  ၇၃ မျိုးကို  ၉-၁၁-၂၀၂၀  ရက်နေ့တွင် ဒုတိယ အကြိမ်   တားမြစ်ဓာတုပစ္စည်း   (Prohibited Chemicals) အဖြစ် ကြေညာခဲ့သည်။ 
အဆိုပါ    တားမြစ်ဓာတုပစ္စည်းစာရင်းတွင် ကမ္ဘာ့နိုင်ငံများစွာ   ပါဝင်လက်မှတ်ရေးထိုးထား သည့် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းများဖြစ်သော Stockholm Convention ဖြင့် တားဆီးပိတ်ပင်ထား သည့် ပတ်ဝန်းကျင်ကို  ဆိုးရွားစွာ ညစ်ညမ်းစေပြီး သဘာဝတွင် မပျောက်မပျက်   ကြာရှည်တည်မြဲ နေနိုင်သည့် အော်ဂဲနစ်ဓာတုပစ္စည်းများ (Persistent Organic Pollutants-POPs)၊   Rotterdam Convention အရ တားမြစ်ထားသည့် ပိုးသတ်ဆေး နှင့် စက်မှုလုပ်ငန်းသုံးဓာတုပစ္စည်းများ (Pesticide & Industrial Chemicals)၊ Vietnam Convention အရတားမြစ်ခဲ့သည့် လေအေးပေးစက်သုံးဓာတ်ငွေ့ များ (CFCs)နှင့် Chemical Weapons Convention အရ ဓာတုလက်နက်  တားဆီးပိတ်ပင်ရေးအဖွဲ့က တားမြစ်ထားသည့် ဓာတုလက်နက်စာရင်းအုပ်စု(၁) (Schedule I Chemicals) တို့ ပါဝင်သည်။ 
ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၃၃ အရ  ဓာတု ပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီး ကာကွယ်ရေး ဗဟိုဦးစီးအဖွဲ့က တားမြစ်ပိတ်ပင် ထားသည့် အဆိုပါဓာတုပစ္စည်း သို့မဟုတ် ဆက်စပ် ပစ္စည်းများကို ထုတ်လုပ်ခြင်း၊ ပြုပြင်ဖော်စပ်ခြင်း၊ သုံးစွဲခြင်း၊  လက်ဝယ်ထားရှိခြင်း၊  သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ပြည်ပမှတင်သွင်းခြင်း သို့မဟုတ် ပြည်ပသို့တင်ပို့ ခြင်းတို့ကို  မည်သူမျှ   ပြုလုပ်ခွင့်မရှိကြောင်းနှင့် အဆိုပါပုဒ်မ ၃၃ ပါ  တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း    ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ပုဒ်မ ၃၇ ဖြင့် ထိုသူကို ခုနစ်နှစ် ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ခုနစ်သိန်း ထက်မပိုသော  ငွေဒဏ်ဖြစ်စေ၊   ဒဏ်နှစ်ရပ်လုံး ဖြစ်စေချမှတ်ရမည့်အပြင် ပြစ်မှုနှင့်သက်ဆိုင်သော ပစ္စည်းများကိုလည်း        ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမည်ဖြစ်ကြောင်း ပါရှိသည်။
ဆက်လက်၍  ၃၀-၆-၂၀၁၆   ရက်နေ့တွင် လူသားများ၏ ကျန်းမာရေးနှင့်   ဘေးအန္တရာယ် ကင်းရှင်းရေးအတွက်  အထူးထိန်းချုပ်ထားသော အန္တရာယ်ရှိသည့် ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်း  ၂၉ မျိုးကို ပထမအကြိမ် ကန့်သတ်ဓာတုပစ္စည်းနှင့်  ၉-၁၁-၂၀၂၀ ရက်နေ့တွင် ဓာတုပစ္စည်းနှင့် ဆက်စပ် ပစ္စည်း ၅၄ မျိုးကို ဒုတိယအကြိမ် ကန့်သတ်ဓာတု ပစ္စည်း  (Restricted Chemicals) အဖြစ် ထုတ်ပြန် ကြေညာ၍ ထုတ်လုပ်ခြင်း၊ ပြုပြင်ဖော်စပ်ခြင်း၊ သုံးစွဲ ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူး ခြင်း၊ ရောင်းချခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ပြည်ပမှ တင်သွင်းခြင်း သို့မဟုတ် ပြည်ပသို့ တင်ပို့ခြင်းတို့ကို ထိန်းချုပ်ကွပ်ကဲလျက်ရှိသည်။ 
ကန့်သတ်ထားသောပစ္စည်းများ
ကန့်သတ်ဓာတုပစ္စည်းစာရင်းတွင်    မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ပြုလုပ်ရာတွင် အသုံးပြုနိုင်သည့် ထိန်းချုပ်ဓာတု ပစ္စည်းများ   (Precursor Control Chemicals)၊ အိုဇုန်းလွှာထိခိုက်စေသော လေအေးပေးစက်နှင့် ရေခဲ သေတ္တာသုံးဓာတ်ငွေ့များ (Ozone Depleting Subs- tance-ODS)၊   ပိုးသတ်ဆေးဘုတ်အဖွဲ့မှ ကန့်သတ် ထားသော ပိုးသတ်ဆေးများနှင့် ရွှေသတ္တုတူးဖော် ရေးတွင် အဓိကအသုံးပြုသော အခြားဓာတုပစ္စည်း များဖြစ်သည့် မာကျူရီ(Mercury)နှင့် ဆိုဒီယမ် ဆိုင်ယာနိုက် (Sodium Cyanide) တို့ ပါဝင်သည်။
ကန့်သတ်ဓာတုပစ္စည်းများအနက်မှ မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ပြုလုပ်ရာတွင် ထည့်သွင်းအသုံးပြုနိုင်သည့် ထိန်းချုပ် ဓာတုပစ္စည်းများကို ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ တစ်ဆင့်ပြန်လည်ရောင်းချ ခြင်း၊  သိုလှောင်ခြင်း၊   သယ်ယူပို့ဆောင်ခြင်းတို့ ဆောင်ရွက်မည်ဆိုပါက ဤဝန်ကြီးဌာန၊   ဓာတု ပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ   အန္တရာယ်မှတားဆီး ကာကွယ်ရေး   ဗဟိုကြီးကြပ်ရေးအဖွဲ့၌    လုပ်ငန်း လိုင်စင်နှင့်     ဓာတုပစ္စည်းမှတ်ပုံတင်တို့ပြုလုပ်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ထိန်းချုပ်ဓာတုပစ္စည်းများ ကြီးကြပ်ရေးအဖွဲ့ရှိ မူးယစ်ဆေးဝါးနှင့်   စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့တွင်   ထောက်ခံချက်ရယူ ဆောင်ရွက်ရန် လိုအပ်သည်။    
အိုဇုန်းလွှာထိခိုက်စေသော လေအေးပေးစက် နှင့် ရေခဲသေတ္တာသုံးဓာတ်ငွေ့များ (ODS) များကို ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ တစ်ဆင့်ပြန်လည်ရောင်းချခြင်း၊  သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းတို့  ဆောင်ရွက်မည်ဆိုပါက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန   ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာန၌  တင်သွင်းမည့်ပမာဏနှင့်   ထောက်ခံချက် ရယူရန်လိုအပ်ပြီး     အကြီးစားနှင့်  အလတ်စား ရွှေသတ္တုတူးဖော်ရေးလုပ်ငန်းများတွင်   အဓိက အသုံးပြုသည့်  ဆိုဒီယမ်ဆိုင်ယာနိုက်နှင့်  တစ်နိုင် တစ်ပိုင်နှင့် အငယ်စား ရွှေတူးဖော်ရေးလုပ်ငန်းများ တွင်   အသုံးပြုသည့် မာကျူရီ (Mercury-Hg) ကိုလည်း ပြည်တွင်းသို့  တင်သွင်းခြင်း၊ ပြည်ပသို့  တင်ပို့ခြင်း၊   တစ်ဆင့်ပြန်လည်ရောင်းချခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းတို့ ဆောင်ရွက် မည်ဆိုပါက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အမှတ်(၂) သတ္တုတွင်း လုပ်ငန်းနှင့်   စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်း ဆောင်ရွက်ရေး ဦးစီးဌာန၊ ဓာတုပစ္စည်းနှင့် ဆက်စပ် ပစ္စည်းများအန္တရာယ်မှ    တားဆီးကာကွယ်ရေး ဗဟိုကြီးကြပ်ရေးအဖွဲ့တို့တွင်    ထောက်ခံချက်  ရယူဆောင်ရွက်ရန်ဖြစ်သော်လည်း    ဆိုဒီယမ် ဆိုင်ယာနိုက်ကို    ပြည်ထဲရေးဝန်ကြီးဌာန၏  ထိန်းချုပ်ဓာတုပစ္စည်းစာရင်းတွင် ထည့်သွင်းလိုက် သဖြင့် ထိန်းချုပ်ဓာတုပစ္စည်းများ   ကြီးကြပ်ရေး အဖွဲ့နှင့် ကာကွယ်ရေးဝန်ကြီးဌာနတွင် ထောက်ခံ ချက်   ထပ်မံယူရမည်ဖြစ်ကြောင်းနှင့်   ကန့်သတ် ပိုးသတ်ဆေးများကို    ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြည်ပသို့  တင်ပို့ခြင်း၊  တစ်ဆင့်ပြန်လည်ရောင်းချ ခြင်း၊  သိုလှောင်ခြင်း၊    သယ်ယူပို့ဆောင်ခြင်းတို့ ဆောင်ရွက်မည်ဆိုပါက စိုက်ပျိုးရေး၊  မွေးမြူရေးနှင့်   ဆည်မြောင်းဝန်ကြီးဌာန၊   ပိုးသတ်ဆေးဘုတ် အဖွဲ့တွင် လုပ်ငန်းလိုင်စင်၊ မှတ်ပုံတင်နှင့် ထောက်ခံ ချက်ရယူဆောင်ရွက်ရန် လိုအပ်သည်။
ယင်းဥပဒေပုဒ်မ ၃၄ အရ မည်သူမျှလိုင်စင်မရှိဘဲ ဓာတုပစ္စည်းနှင့်    ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းကို လုပ်ကိုင်ခြင်းမပြုရနှင့် ပုဒ်မ ၃၅ အရ မည်သူမျှ မှတ်ပုံတင်ထားခြင်းမရှိသော သို့မဟုတ် မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ပြီးဖြစ်သော သို့မဟုတ် အရည်အသွေး စံချိန်စံညွှန်းမမီသော ဓာတုပစ္စည်း သို့မဟုတ် ဆက်စပ်ပစ္စည်းများကို ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာလုပ်ငန်းတွင် သုံးစွဲခြင်း မပြုရဟု ပါရှိပြီး မည်သူမဆို ပုဒ်မ ၃၄ နှင့် ၃၅ တို့ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန် ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ငါးနှစ်ထက်မပိုသော   ထောင်ဒဏ်ဖြစ်စေ၊   ကျပ် ငါးသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးဖြစ်စေ ချမှတ်ရမည့်အပြင် ပြစ်မှုနှင့်သက်ဆိုင် သောပစ္စည်းများကိုလည်း   ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်ဟု ပုဒ်မ ၃၈ တွင် ဖော်ပြထား သည်။
ဖော်ပြပါ တားမြစ်နှင့် ကန့်သတ်ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများမှအပ   ကျန်ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအားလုံးကို   အများပြည်သူ သာမန်သုံးစွဲရန်     သာမန်ဓာတုပစ္စည်းများဟု သတ်မှတ်ထားပြီး   ယင်းတို့နှင့်   ပတ်သက်သည့် လုပ်ငန်းလုပ်ကိုင်လိုသူ လုပ်ငန်းရှင်များအနေဖြင့် ဓာတုပစ္စည်းကိုဖြစ်စေ၊ ဆက်စပ်ပစ္စည်းကိုဖြစ်စေ၊ သိုလှောင်ခြင်း၊ နည်းပညာအရ ပြုပြင်ခြင်း၊ စီးပွား ရေးအလို့ငှာ ထုတ်လုပ်ခြင်း၊ သုံးစွဲခြင်း၊ ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြည်ပသို့   တင်ပို့ခြင်း၊   သယ်ယူ ပို့ဆောင်ခြင်း၊  လက်ဝယ်ထားရှိခြင်း၊  ဖြန့်ဖြူးခြင်း၊  ဝယ်ယူခြင်း၊ ရောင်းချခြင်းစသည့် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာလုပ်ငန်းများကို လုပ်ကိုင် လိုသူ လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာလိုင်စင် နှင့် ဓာတုပစ္စည်းမှတ်ပုံတင်လက်မှတ်ကို မဖြစ်မနေ ပြုလုပ်ရမည်။ 
 စွန့်ပစ်ခြင်းလုပ်ငန်းလိုင်စင်နှင့် စွန့်ပစ်ပစ္စည်း သယ်ယူပို့ဆောင်ခြင်း လုပ်ငန်းလိုင်စင်တို့ ထုတ်ပေး နိုင်ရေးအတွက် “ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်း များဆိုင်ရာ  လုပ်ငန်းများမှထွက်ရှိသည့်   စွန့်ပစ် ပစ္စည်းများ စွန့်ပစ်ခြင်းဆိုင်ရာအမိန့်” ကြော်ငြာစာ နှင့် စွန့်ပစ်ခြင်းလုပ်ငန်းလိုင်စင်  ရယူဆောင်ရွက် ရမည့်   စွန့်ပစ်ပစ္စည်းအမျိုးအစားများ  (Waste Codes) တို့ကို  ၉-၃-၂၀၂၁ ရက်နေ့တွင် ထုတ်ပြန်ပြီး ဖြစ်သည်။
ထုတ်ပြန်သတိပေး
 ဤဥပဒေအရ ဓာတုပစ္စည်းအသုံးပြုသည့် စက်ရုံအလုပ်ရုံအချို့မှ ညစ်ညမ်းသည့် စွန့်ပစ်ရည် များကို   စနစ်တကျ   စွန့်ထုတ်နိုင်ရန်အတွက် “အရက်၊ ဘီယာနှင့် ဝိုင် ထုတ်လုပ်သည့်စက်ရုံများ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်”၊ “အမိုး နီးယားဓာတ်ငွေ့အသုံးပြုသော ရေခဲစက်ရုံများနှင့် အအေးခန်းစက်ရုံများမှလိုက်နာဆောင်ရွက်ရန်”၊ “ရွှေသတ္တုထုတ်လုပ်သန့်စင်ရာတွင် အသုံးပြုသည့် ဆိုဒီယမ်ဆိုင်ယာနိုက်နှင့်     ပြဒါးဓာတုပစ္စည်းများ ပြည်ပမှဝယ်ယူတင်သွင်းခွင့်ဆိုင်ရာမူဝါဒ”၊ “ရွှေသတ္တု ထုတ်လုပ်သန့်စင်ရာတွင် ဆိုဒီယမ်ဆိုင်ယာနိုက်နှင့် ပြဒါးဓာတုပစ္စည်းများအသုံးပြုခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်များ” ကို  ထုတ်ပြန်သတိ ပေးနိုင်ခဲ့သည်။ 
စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန နှင့်ပူးပေါင်း၍ ပုဂ္ဂလိကစက်မှုလုပ်ငန်း မှတ်ပုံတင် ပြုလုပ်ထားသည့် စက်ရုံအလုပ်ရုံများမှ ထွက်ရှိသည့် စွန့်ပစ်ပစ္စည်း၊  စွန့်ပစ်ရေဆိုး၊   အမှုန်အမွှားနှင့် မြေဆီလွှာပျက်စီးမှုတို့ကို   ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည့်  နည်းပညာအကူအညီနှင့်  လိုက်နာ ဆောင်ရွက်ရန် ညွှန်ကြားချက်များ ထုတ်ပေးလျက် ရှိပြီး  အရက်ချက်စက်ရုံနှင့်   ဘီယာစက်ရုံများ၌ စွန့်ပစ်ရည်အရည်အသွေးအား အချိန်နှင့်တစ်ပြေးညီ တိုင်းတာ စောင့်ကြပ်ကြည့်ရှုသည့်စနစ် (Real-time Wastewater  Online  Monitoring  System)တပ်ဆင်၍ ဤဝန်ကြီးဌာနမှ ထိန်းချုပ်ကွပ်ကဲခြင်း နှင့် ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေးဥပဒေ၊   နည်းဥပဒေများ၊ ထောက်ခံချက်၊ လိုင်စင်နှင့် မှတ်ပုံတင်လက်မှတ် လျှောက်ထားရာတွင် ဆောင်ရွက်ရမည့် အစီအစဉ် များကိုလည်း  ပြည်သူများ    ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက်   အသိပညာပေးခြင်းနှင့် သင်တန်းများကို   အခါအားလျော်စွာဆောင်ရွက် ပေးလျက်ရှိသည်။
ဓာတုပစ္စည်းနှင့်      ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေးဗဟိုဦးစီးအဖွဲ့ နှင့် ဗဟိုကြီးကြပ်ရေးအဖွဲ့တို့၏ ကိုယ်စား Focal Ministry အဖြစ် ပြည်သူများ  ဘေးအန္တရာယ်ကင်းရှင်း စွာ လုပ်ကိုင်ဆောင်ရွက်နိုင်စေရန်အတွက် ကန့်သတ် နှင့် သာမန်ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ကို ဓာတုပစ္စည်းနှင့်  ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလိုင်စင်၊ ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်း များ မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း၊ ပြည်တွင်း သို့ တင်သွင်းခြင်းနှင့် ပြည်ပသို့တင်ပို့ခြင်းအတွက် ထောက်ခံချက်များ ထုတ်ပေးခြင်းတို့ကို သတ်မှတ် ထားသော စာရွက်စာတမ်းအထောက်အထားများ ပြည့်စုံပါက အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေး လျက်ရှိကြောင်းနှင့် လိုအပ်ပါက ရုံးအမှတ်(၃၀)၊ စက်မှုဝန်ကြီးဌာန စက်မှုပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာန တယ်လီဖုန်းနံပါတ် ၀၆၇-၃၄၀၅၂၃၁ နှင့် ၀၆၇-၃၄၀၅၃၂၄   တို့သို့   လူကိုယ်တိုင်ဖြစ်စေ၊ industry.mm @ gmail.com သို့ဖြစ်စေ ဆက်သွယ် ဆောင် ရွက်နိုင်ကြောင်းနှင့် အခြားသိရှိလိုသည်များ ရှိပါက www.industry.gov.mm website တွင် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ   အန္တရာယ်မှ တားဆီးကာကွယ်ရေးဥပဒေနှင့်   ဆက်စပ်သည့် အကြောင်းအရာများကို    လွှင့်ထူထားကြောင်း အသိပေးရေးသားတင်ပြလိုက်ရပါသည်။      ။