
ကိုရီးယားသမ္မတနိုင်ငံ ဘူဆန်မြို့ရှိ BEXCO ၌ ၂၀၂၃ ခုနှစ် နိုဝင်ဘာ လ ၁ ရက်မှ ၃ ရက်အတွင်း ကျင်းပပြုလုပ်မည့် Busan Interna-tional Seafood & Fisheries Expo 2023” သို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ပြသနိုင်ကြောင်း ဖိတ်ကြားလာပါသည်။
ပြပွဲ၌ ပါဝင်ပြသမည့်သူများပါက ပြခန်းနှစ်ခန်းအား အခမဲ့ ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ပြပွဲ၌ ပါဝင်ပြသခြင်းအားဖြင့် စီးပွားရေးလုပ်ငန်းများအချင်းချင်း ချိတ်ဆက်တွေ့ဆုံမှုများ၊ လုပ်ငန်းချင်းပေါင်းစပ်မှု တွေ့ဆုံပွဲများနှင့် ဆွေးနွေးပွဲများ ဆောင်ရွက်နိုင်မည်ဖြစ်ကာ လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေး အကျိုးအမြတ်များနှင့် နည်းပညာများ ဖလှယ်နိုင်မည်ဖြစ်သည်။
ပြပွဲသို့ နိုင်ငံပေါင်း ၂၅ နိုင်ငံမှ ခင်းကျင်းပြသမည့် ကုမ္ပဏီနှင့် အဖွဲ့အစည်းပေါင်း ၄၂၀ ကျော်က ပြခန်းပေါင်း ၁၀၀၀၀ ဝန်းကျင် ခန့် ပါဝင်ပြသမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ် moctradefair@myantrade.gov.mm ၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇-၄၀၈၆၂၃ သို့ ဆက်သွယ်၍ ချိတ်ဆက်ပြသနိုင် ကြောင်း သိရသည်။