ကျောင်းဆရာဆိုတာ တိုင်းပြုပြည်ပြုပုဂ္ဂိုလ်များပါ

Type

 

ဒေါက်တာမောင်သင်း

 

“ဖွံ့ဖြိုးတဲ့နိုင်ငံဖြစ်လာခြင်းဟာ   သူ့နိုင်ငံသား တွေ ကောင်းကြ၊ တော်ကြလို့ပါ။ ကောင်းသလောက် တော်ကြတဲ့   နိုင်ငံသားတွေ    ကြွယ်ဝဖို့ကျတော့ အဲဒီနိုင်ငံရဲ့ပညာရေးမှာ     အရည်အသွေးမြင့်တဲ့ ဆရာတွေရှိမှ ဖြစ်မှာပါ”
လီရှန်လွန်း
စင်ကာပူဝန်ကြီးချုပ်
“ဆရာတော်မှ   တပည့်တော်မှာ။  ဆရာ ညံ့ရင် တပည့်တွေ  ပိုညံ့သွားမှာပေါ့”  ဆိုသည့်  ဆရာများ ထက်ရန်၊   မြက်ရန်    လိုအပ်ကြောင်း   ကျွန်တော် ဆရာငယ်ဘဝကတည်းက  ကိုယ့်ဆရာသမားများ အကြိမ်ကြိမ်ဆုံးမခဲ့သည်ကို  မှတ်သားခဲ့ရဖူးသည်။ 
မိမိတပည့်များ တော်ရန်အတွက် ကိုယ့်ကိုယ် ကိုယ်လည်း  ကြိုးစားဖြည့်ဆည်းခဲ့သည်။  တပည့် များကိုလည်း ထက်မြက်ပြီး လူကောင်းလူတော်များ ဖြစ်အောင် လေ့ကျင့်ပေးခဲ့သည်။ မိမိ၏သင်ဆရာ များအပြင် မြင်ဆရာ၊ ကြားဆရာများ၏ ဆုံးမမှုကို လည်း လက်လှမ်းမီသလောက် ရှာဖွေခံယူခဲ့သည်။ ထိုသို့ရှာဖွေရာတွင် “တပည့်ဟာ ဆရာထက် တော်ရ မယ်၊  ဒါမှသာ  မျိုးဆက်  တစ်ဆက်ပြီးတစ်ဆက် မြင့်တက်သွားမှာ၊  တပည့်က  ဆရာထက်ညံ့၊   အဲဒီ တပည့်ထက် နောက်မျိုးဆက်က ပိုညံ့ရင် မြန်မာ တွေ အဝီစိကို ငုံ့ကြည့်ရမယ်။ ဆရာဆိုတာ  ကိုယ့်ထက် သာတဲ့တပည့်တွေကို လေ့ကျင့်မွေးထုတ်နိုင်မှ ဆရာ ကောင်းဖြစ်တယ်”   ဆိုသည့်   ဆရာကြီး   ဦးဖေ မောင်တင်၏ဆုံးမစကားကို အထူးနှစ်သက်မိသည်။ 
သို့မှသာ  ကျောင်းဆရာဆိုသည်မှာ   ဖတ်စာအုပ် ထဲကစာ သို့မဟုတ် ပညာရပ်လောက်သာ သင်ပေး ရုံဖြင့် ဆရာ့အလုပ်မပြီးသေးပါလား။ နိုင်ငံနှင့် လူ့အဖွဲ့ အစည်း၏   အနာဂတ်ကို  ဖန်တီးပုံဖော်ပေးနေသည့် နေရာတွင် ရပ်တည်နေတာပါလားဆိုသည်ကို သတိ ပြုလာမိသည်။   “ဆရာတွေရဲ့တာဝန်    ကြီးလေး ကြောင်း” နှင့်  ဆရာများသည်  “တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်များ အဆင့်” တွင်   ရပ်တည်နေကြောင်းကို လည်း အထက်ပါစင်ကာပူဝန်ကြီးချုပ်၏ မိန့်ဆိုချက် ကို      နက်နက်နဲနဲတွေးကြည့်မှ    ထင်ထင်ရှားရှား မြင်လာရပါသည်။
သမိုင်းထဲမှ ဖိုးသုညတော်လှန်ရေး ဆင်နွှဲကြသူများ
အဆိုပါ   “ဖိုးသုညတော်လှန်ရေး”   ဟူသည့် ဝေါဟာရကို    သမ္မတကြီး    (ငြိမ်း)    ဒေါက်တာ မောင်မောင်က    သူ့စာအုပ်ဖြစ်သည့်    “သက်ရှိ ရာဇဝင်”တွင် ဖော်ပြထားခဲ့ခြင်းဖြစ်သည်။ ဤတွင် “ဖိုးသုည” ဟူသော  ဝေါဟာရကိုမူ  မြန်မာနိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ်ဦးနုက သုံးစွဲခဲ့ခြင်းဖြစ်သည်။ ထင်ရှားသည့်  သူ့စကားမှာ “ဖိုးသုညတွေနဲ့ နိုင်ငံ တည်ဆောက်လို့မရ”ဟူ၍ဖြစ်သည်။ 
ထိုခေတ်၊    ထိုအခါ  အမြင်အရ    စာမတတ်၊ ပေမတတ်  ပညာဉာဏ်နိမ့်သူများဖြင့်   နိုင်ငံဖွံ့ဖြိုး အောင်မလုပ်နိုင်ဟု    ဆိုလိုခြင်းပါ။    သို့ဖြစ်၍ နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် “ဘဝသစ်စီမံကိန်း”ကို ရေးဆွဲအကောင်အထည်ဖော်ခဲ့သည်။    ပြီးနောက် “လူထုပညာရေးဥပဒေ” ကို ထပ်မံပြဋ္ဌာန်းကာ လူထု ပညာရေးစီမံကိန်းကို အကောင်အထည်ဖော်ခဲ့သည်။ လွတ်လပ်ရေးရပြီးစအချိန်၌    မြန်မာနိုင်ငံတွင် စာမတတ်သူ  ၆၀ ရာခိုင်နှုန်းကျော်ရှိသည်။ ထိုဘဝ သစ်စီမံကိန်းကို  ဖိုးသုညများလက်ထဲ   အပ်ခဲ့မည် ဆိုလျှင် မောရုံသာရှိမည်ဟု ခံယူထားကြသည်။ 
“လူထုပညာရေးမှူး” များ  ခန့်အပ်ကာ ပညာ ရည်မြင့်မားသူများ   တိုးပွားစေရေးကို    အကောင် အထည်ဖော်ခဲ့သည်။    ထိုအချိန်က    “ဖိုးသုည တော်လှန်ရေး” ဆင်နွှဲနေသည့်  လူထုပညာရေးမှူး များနှင့် ကျောင်းဆရာများကို တောတွင်းကွန်မြူနစ် များက       လိုက်လံရှာဖွေ     သတ်ဖြတ်ကြသဖြင့် ပုန်းအောင်းကာ   ပညာသင်ကြားပေးခဲ့ရကြောင်း လည်း လေ့လာမိခဲ့သည်။ ပြည်သူများ အသိဉာဏ် ပွင့်လန်းလာမည်ကို  မလိုလားသူများ  ရှိခဲ့ကြောင်း သမိုင်းသက်သေပါ။ 
ကျောင်းများ  တိုးချဲ့ဖွင့်လှစ်ပေးခဲ့သည်။ ဆရာ များ ခန့်အပ်ပေးခဲ့ကာ လွတ်လပ်ပြီးခါစ မြန်မာ နိုင်ငံ၏ “ဖိုးသုညတော်လှန်ရေးစစ်ပွဲ” ကို ဆင်နွှဲ ခဲ့ခြင်းသမိုင်းတွင် ဉာဏတိုက်စစ်မှူးကျောင်းဆရာ များ ရှေ့တန်းက  ပါဝင်ခဲ့ကာ  နိုင်ငံတည်ဆောက်ရေး အခြေခံအုတ်မြစ်ဖြစ်သည့် နိုင်ငံသားများ ပညာရည် မြင့်မားအောင် စွမ်းဆောင်ပေးခဲ့သည်။ လွတ်လပ် ရေးရပြီး    တိုင်းပြည်ထူထောင်ရေး    သို့မဟုတ်  တိုင်းပြုပြည်ပြုသမိုင်းတွင်လည်း ဆရာများ တာဝန် ကျေခဲ့ကြသည်။   ယနေ့အချိန်အခါတွင်    ဖိုးသုည ခေတ်ဆီ ဦးတည်နေသူများ ရှိနေလျှင်လည်း မိမိ နိုင်ငံသားများ၏ မျိုးဆက်များကို ပညာသင်ကျောင်း ရောက်လာပြီး    အသိဉာဏ်ပွင့်လန်းလာအောင် သက်ဆိုင်သူများအား စည်းရုံးအသိဉာဏ် ဖွင့်ပေး ခြင်းဖြင့်  “ခေတ်သစ်ဖိုးသုညတော်လှန်ရေး”   ကို ဆက်လက်လုပ်ဆောင်ပေးရန် လိုပါလိမ့်မည်။  
ဆရာဆိုသည်မှာ ငြိမ်းချမ်းရေးဗိသုကာ
အောက်တိုဘာ ၅  ရက်သည်   ကမ္ဘာ့ဆရာ များနေ့ဖြစ်သည်။    နှစ်စဉ်ကျင်းပလာခဲ့သည်မှာ  ၂၀၀၂  ခုနှစ်မှ ယနေ့တိုင်ပင်ဖြစ်သည်။ ဆရာများနေ့ ပေါ်ပေါက်လာပုံမှာလည်း စိတ်ဝင်စားစရာကောင်း သည်။  ကုလသမဂ္ဂအဖွဲ့ကြီးအနေဖြင့် ကမ္ဘာ့ငြိမ်းချမ်း ရေးကို ဖော်ဆောင်ခဲ့သည်မှာ  နှစ်ပေါင်း  ၈၀  နီးပါး ရှိပါပြီ။  မငြိမ်းချမ်းသည့်အပြင်   ပြည်တွင်းစစ်များ၊  နိုင်ငံအချင်းချင်းဖြစ်ပွားမှုများ၊  ဆူပူမှု၊ ပုန်ကန်မှု ပေါင်းများစွာ၊       အကြမ်းဖက်မှုမျိုးစုံတို့ဖြင့်သာ ပြည့်လျှံနေသည်။ ငြိမ်းချမ်းမှုကို မရရှိသေး။ 
အဆိုပါ ပြည်တွင်းစစ်၊   ဆူပူမှု၊   ပုန်ကန်မှုနှင့် အကြမ်းဖက်မှု   စသည့်   မငြိမ်းချမ်းမှုများ   ဖြစ်ပွား နေသည့်နေရာများသည်   ပညာရည်နိမ့်ကျသူများ ထူထပ်သည့်နေရာဖြစ်ကြောင်း   လေ့လာတွေ့ရှိရ သည်။ အထူးသဖြင့်  အာဖရိကနိုင်ငံများ၊   အရှေ့ အလယ်ပိုင်းဒေသ၊ အာရှအနောက်ဘက်၊  ဥရောပ အရှေ့တောင်ဘက်နှင့် အမေရိကအလယ်ပိုင်းစသည့် နေရာများဖြစ်ကြသည်။ 
မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်    ပညာရည် မြင့်မားအောင်နှင့် လိမ္မာယဉ်ကျေးပြီး ငြိမ်းချမ်းမှုကို မြတ်နိုးသူများဖြစ်အောင် လုပ်ဆောင်ပေးနိုင်သည် မှာ တစ်ကမ္ဘာလုံးရှိ ဆရာ ဆရာမများဖြစ်သည်။  ပညာရည်မြင့်မားသူများ   ပေါများလာပါမှ    ကမ္ဘာ့ နေရာအနှံ့  မငြိမ်းချမ်းမှုများကင်းကာ    ငြိမ်းချမ်းမှု ပြည့်လျှံသည့်ကမ္ဘာဖြစ်ထွန်းလာမည်ကို   သိပြီး ကုလသမဂ္ဂလက်အောက်ခံ   အဖွဲ့လေးဖွဲ့ဖြစ်သည့် ယူနက်စကို  (UNESCO)၊   ယူနီဆက်  (UNICEF)၊ အိုင်အယ်လ်အို (ILO)နှင့်   ယူအန်င်ဒီပီ   (UNDP) တို့ပူးပေါင်းပြီး  ကမ္ဘာ့ဆရာများနေ့ဟူ၍    သတ်မှတ် ဂုဏ်ပြုခဲ့ကြခြင်းဖြစ်သည်။ 
“လူ့အဖွဲ့အစည်းရဲ့ ငြိမ်းချမ်းရေးကို အစောဆုံး ဆောင်ရွက်နိုင်သူတွေဟာ  ဆရာ  ဆရာမတွေပါပဲ” ဟူ၏။ မြန်မာ့လူ့အဖွဲ့အစည်းတွင် ဆရာဟူသမျှသည် တပည့်ကို  လိမ္မာယဉ်ကျေးသူ၊    လူ့အဖွဲ့အစည်း ငြိမ်းချမ်းရန်နှင့်      ကောင်းကျိုးသယ်ပိုးရန်သာ သင်ကြားလေ့ကျင့်ပေးခဲ့သည်။     ပြည်ဖျက်ရန်၊ ဆူပူရန်၊    အကြမ်းဖက်ရန်၊    တိုင်းဖျက်ပြည်ဆူရန် မည်သည့်ကျောင်းဆရာကမှ   သမိုင်းတစ်လျှောက် မလေ့ကျင့်ပေးခဲ့ပါ။      သို့ဖြစ်၍    ယဉ်ကျေးသည့် မြန်မာ့လူ့အဖွဲ့အစည်းက လေးစားတန်ဖိုးထားရသူ အနန္တဂိုဏ်းဝင်များအဖြစ် ရပ်တည်ခဲ့ကြသည်။ 
ဆရာဆိုသည်မှာ ဉာဏတော်လှန်ရေးသမား
ဆရာများ၏ တော်လှန်ရေးသည် အပြုတော်လှန် ရေး  သို့မဟုတ်   စစ်မှန်သည့်တော်လှန်ရေးဖြစ်ပေ သည်။ မသိနားမလည်မှုကို တော်လှန်၏။    အသိ ဉာဏ်ဆင်းရဲမှုကို    တော်လှန်ပေသည်။    ညင်သာ၏။ ချစ်စဖွယ်တော်လှန်ရေးဖြစ်၏။      တော်လှန်ရေး မစစ်လျှင် သွေးထွက်သံယိုရှိ၏။ သတ်ဖြတ်မှုပါဝင်၏။ ပျက်စီးမှု၊ ဖျက်ဆီးမှုများ များ၏။   တော်လှန်ရေးစစ်မှန် လျှင် လူတစ်ဦးချင်းမှသည် လူ့အဖွဲ့အစည်းတစ်ခု လုံးကို အသိဉာဏ်မြင့်အောင် စွမ်းဆောင်၏။ လူ့အဖွဲ့ အစည်းငြိမ်းချမ်း၏။ သာယာ၏။ ဖွံ့ဖြိုး၏။ အဆိုပါ မြတ်နိုးဖွယ်တော်လှန်ရေးကို ရှေ့တန်းမှ ဦးဆောင် နေကြသူများသည်   ဉာဏတိုက်စစ်မှူးများဖြစ်ကြ သည့် ကျောင်းဆရာများပင်ဖြစ်သည်။ 
ဉာဏတိုက်စစ်မှူးများ၏ တော်လှန်ရေးလုပ်ငန်း များတွင် - 
    (က)    အသိဉာဏ်ပညာ         ဆင်းရဲမွဲတေမှုကို  တော်လှန်ခြင်း၊ 
    (ခ)    နိုင်ငံကြီးသားစိတ်ထား       ကင်းမဲ့မှုကို တိုက်ဖျက်ခြင်း၊ 
    (ဂ)    အကျင့်စာရိတ္တချွတ်ခြုံကျမှု       မရှိအောင် စွမ်းဆောင်ခြင်း၊ 
    (ဃ)    အမျိုးသားရေး  “စံ”  များ  ပျက်သုဉ်းမှုမှ ကာကွယ်ထိန်းသိမ်းခြင်း၊ 
    (င)    အစွန်းရောက်မှု  မြင့်မားခြင်းနှင့်   တရား မျှတခြင်း  အားနည်းမှုမရှိရလေအောင် တည့်မတ်ခြင်း၊ 
    (စ)    ဒီမိုကရေစီစိတ်ထားနှင့်    အလေ့အကျင့် ခေါင်းပါးမှုကင်းအောင်  လေ့ကျင့်ပေး ခြင်း၊ 
    (ဆ)    ဘိုးဘွားအမွေအနှစ်ကို           ထိန်းသိမ်း လိုသည့်        ခံယူချက်မြင့်မားအောင် ဆောင်ရွက်ခြင်း        စသည်တို့ပါဝင်သည်။ 
နိုင်ငံသားတစ်ဦးဖြစ်လာလျှင်     တောင့်တင်း ခိုင်မာစွာရှိနေရမည့် အထက်ပါအရည်အသွေးများ ချွတ်ခြုံကျမှုကို        တော်လှန်နေခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်    နိုင်ငံသားတိုင်းရှိရမည့် ကိုယ်ခံအားကျဆင်းလာပြီဆိုလျှင်      အမှား၊ အမှန် ခွဲခြားနိုင်မှုကင်းကာ ပြောသမျှ ယုံ၊   ခိုင်းသမျှသာ လုပ်တတ်သည့်အဆင့်သို့ လူ့အရည်အသွေး နိမ့်ဆင်း လာတော့သည်။  ဤသည်ကို အကွက်ချောင်းနေသော ခေတ်သစ်ကိုလိုနီများက မီဒီယာမျိုးစုံဖြင့် မှိုင်းတိုက်၊ ယုံအောင်ဇာတ်သွင်းကြတော့သည်။        ပြီးလျှင် ခေတ်သစ်ကျွန်ပြုရန်အကြံဖြင့်    “အိမ်ကြက်ချင်း အိုးမည်းသုတ် ခွပ်ခိုင်းသည့်ပမာသို့”    အချင်းချင်း ရန်တိုက်ပေး၏။    နိုင်ငံသားများ၏    စည်းလုံးမှု အင်အားချည့်နဲ့အောင်လုပ်ပြီးနောက်  အဝေးထိန်းဖြင့်  အချုပ်အခြာအာဏာကို  ယိုင်နဲ့အောင်ပြု၏။ ကျွန် ဇာတ်သွင်းလို၏။ ဤဇာတ်ညွှန်းမျိုးအတိုင်း လိုက်ပြီး မကမိစေရန်    ဆရာများက   ခေတ်အဆက်ဆက် ကြိုမြင်ခဲ့၏။ ထိုသို့မဖြစ်ရန် ထိန်းသိမ်းတည့်မတ် ပေးခဲ့ကြ၏။    ဉာဏ်ပညာဖြင့်     တော်လှန်၏။ သို့အတွက်   နိုင်ငံသားတိုင်းကို   အမျိုးသားရေး ကိုယ်ခံအားများချည့်နဲ့မှု     ကင်းဝေးစေရန်နှင့် ပိုမိုတောင့်တင်းခိုင်မာသည်ထက်  ခိုင်မာအောင်   မျိုးဆက်    တစ်ဆက်ပြီးတစ်ဆက်     လေ့ကျင့် တည်ဆောက်ပေးနေကာ နိုင်ငံတော်ကို ကာကွယ် နေသည်က ယနေ့ကျောင်းဆရာများပင်ဖြစ်သည်။
ဆရာ ဆရာမများနှင့် နွေရာသီမွမ်းမံသင်တန်း
နွေရာသီကျောင်းပိတ်ရက်တွင် ဆရာ ဆရာမ များ    မည်သည့်အတွက်    မွမ်းမံသင်တန်းများ တက်နေရသလဲဆိုသည့်  မေးခွန်းကို  ပြည်သူများ ကြားတွင် နှစ်စဉ်နှစ်တိုင်းမေးနေကြသည်။ 
(က) နုပျိုဆေး အမြဲမှီဝဲကြသူများပါ
အထက်ပါမေးခွန်းကို “ကမ္ဘာကျော် Ford ကား ကုမ္ပဏီ” စတင်တည်ထောင်သူ “ဟင်နရီဖို့ဒ်” ၏ “နုပျိုဆေး” ကြောင့်ပါဟု ဆရာ  ဆရာမများ၏ ကိုယ်စား ဆရာတစ်ယောက်အနေဖြင့် ပထမဆုံး ဖြေကြားပါရစေ။  သူ့အဆိုကတော့   “လေ့လာ လိုက်စားမှုကို ပြုမြဲပြုနေသူသည် နုပျိုသူမည်၏” “လေ့လာလိုက်စားမှု ရပ်ဆိုင်းလိုက်သူသည် အိုမင်း သူမည်၏” ဟူ၍ဖြစ်သည်။ 
အမှန်တွင်မူ ဆရာ ဆရာမများ၏ အမြော်အမြင် နှင့် ဉာဏ်ပညာသည်  ထာဝစဉ်ခေတ်ရှေ့ပြေးနေရ မည်။  နုပျိုလန်းဆန်းနေရမည်။   အတွေးသစ်၊ အမြင်သစ်ဖြင့် အနာဂတ်မြန်မာ့လူ့ဘောင်သစ်ကို လှမ်းမျှော်ကြည့်ရှုနိုင်စွမ်းရှိရမည်။ သို့မှသာ ယနေ့ မျိုးဆက်သစ်များအား အနာဂတ်လူ့ဘောင်သစ်နှင့် ကိုက်ညီမည့်    အရည်အသွေးများကို     တပ်ဆင် ပေးနိုင်ပါလိမ့်မည်။   မွမ်းမံသင်တန်းလာတက်နေ ခြင်းသည်   ဉာဏ်အဟောင်းပြင်၍     ဉာဏ်သစ် တပ်ဆင်ကာ   မြင့်မားသည့်  လူ့အဖွဲ့အစည်းဆီသို့ ကျောင်းသား  ကျောင်းသူများကို   တွန်းပို့နိုင်ရန် အတွက် အားသစ် ဉာဏ်သစ်လောင်းနေခြင်းပင်။ ဆိုလိုသည်မှာ     ဆရာ့ဉာဏ်အသစ်ဆောင်းနိုင်မှ တိုင်းပြည်ကောင်းအောင်          စွမ်းဆောင်မည့်         ခေတ်မီတပည့်အပေါင်းကို           မွေးထုတ်နိုင်မည် ဖြစ်သည်။        


(ခ) အောင်မြင်သည့်အဖွဲ့အစည်းမို့ပါ
 “အောင်မြင်သော    အဖွဲ့အစည်းတိုင်းသည် အမြဲတမ်းသင်ကြားပို့ချပေးနေသည့်   အဖွဲ့အစည်း ဖြစ်သည်”ဟု အမေရိကန်နိုင်ငံ မီချီဂန်တက္ကသိုလ် ပါမောက္ခ ဒေါက်တာနိုအဲလ်တီချီ  (Noel Tichy) က  လေ့လာတွေ့ရှိခဲ့သည်။    မိမိအဖွဲ့အစည်းကို အောင်မြင်အောင်  အကောင်အထည်ဖော်သည်မှာ အမြဲလေ့လာနေသော လူသားအရင်းအမြစ်များပင် ဖြစ်သည်။   လူသားအရင်းအမြစ်၏    ဉာဏ်ပညာ ရေချိန်မြင့်ပါမှ    အဖွဲ့အစည်း၏    အောင်မြင်မှု “ကြာပန်း” တင့်တယ်နိုင်ပေမည်။ သင်တန်းပို့ချခြင်း တွင် အဖွဲ့အစည်း၏ အားနည်းချက်၊ အားသာချက် များနှင့် ခေတ်အလိုက်ပြောင်းလဲလာသည့် လူ့အဖွဲ့ အစည်း၏ အတွေးသစ်၊ အမြင်သစ်နှင့် နည်းပညာ သုံးစွဲမှုတို့ အကောင်းဆုံးအသုံးချနိုင်ရန်များ  အပါ အဝင် အတွေ့အကြုံရှိသူ  လူကြီးများက မိမိတို့၏ အတွေ့အကြုံကို နောက်မျိုးဆက်များသို့ လက်ဆင့် ကမ်းပေးကြသည်။ အဆိုပါအချက်များကို ပညာရေး ဌာနအကြီးအကဲများနှင့်   ဆရာ   ဆရာမများက ခံယူကျင့်သုံးရင်း “အမြဲလေ့လာ ဆည်းပူးနေသည့် ပညာလူ့အဖွဲ့အစည်း” ဖြစ်ရန် ဆရာများက စံနမူနာပြ ကြိုးပမ်းနေခြင်းဖြစ်သည်။ 
(ဂ) လူ့အဖွဲ့အစည်းဖွံ့ဖြိုးမှု၏   မဏ္ဍိုင်ခိုင်မြဲစေရန် ကြိုးပမ်းနေသူများပါ
ပညာရေးသည် နိုင်ငံတစ်နိုင်ငံ၊ လူ့အဖွဲ့အစည်း တစ်ခု၏ ဗဟိုချက်မဖြစ်သည်။ ပညာရေးနိမ့်ကျလျှင် နိုင်ငံဖွံ့ဖြိုးရေးဖြစ်သည့်   နိုင်ငံရေး၊    စီးပွားရေး၊ လူ့အဖွဲ့အစည်းများ အားလုံးနိမ့်ကျပြီး ပညာရေး ကောင်းမွန်သည့်   နိုင်ငံနှင့်လူ့အဖွဲ့အစည်းသည် ကမ္ဘာ့ထိပ်တန်းကို  ရောက်ရှိနေသည်။    ဖွံ့ဖြိုးမှု၊ နိမ့်ကျမှုအားလုံးသည်    လူသားတစ်ဦးချင်းနှင့် လူ့အဖွဲ့အစည်းကို  ပညာရေးက  လေ့ကျင့်ပေး
လိုက်သည့်   အရည်အသွေးအပေါ်  မူတည်နေပေ သည်။ 
လူသားတစ်ဦးချင်းဖွံ့ဖြိုးမှ    လူ့အဖွဲ့အစည်း ဖွံ့ဖြိုးမည်။   လူ့အဖွဲ့အစည်းဖွံ့ဖြိုးမှုသည်လည်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးရန်    လိုပေသည်။    ရပ်တန့် သွားလျှင်         နောက်ကျကျန်နေပေလိမ့်မည်။ လူသားတိုင်း မိခင်ဝမ်းအတွင်းမှ  သေဆုံးသည်အထိ ကင်းလွတ်၍မရသည့်အရာကား   ပညာရေးပင် ဖြစ်ပေသည်။ 
 ဖွံ့ဖြိုးပြီးနိုင်ငံများက   ပညာရေးကို   “From Womb to Tomb” ဟု ခံယူကျင့်သုံးနေပေသည်။ ကျောင်းသင်ပညာရေး သို့မဟုတ် အတန်းကျောင်း (Formal Education) ပြီးဆုံးတိုင်း ပညာရေး ပြီးဆုံး ခြင်းမဟုတ်ပေ။ ကျောင်းမှ ထွက်သွားသူတစ်ဦးဦး သည် ပညာရေး  သို့မဟုတ် ကိုယ်တိုင်သင်ပညာရေး (Non-formal Education) နှင့် ဆက်လက်ထိတွေ့ လေ့လာသင်ယူနေရမည်။   အတန်းပညာရေးပြီး၍ ကျောင်းမှဆင်းသွားသည့် ကျောင်းသားတစ်ဦးချင်း သည်   “ဘဝမှာ   တိုးတက်ချင်၊  အောင်မြင်ချင်၊ ကြီးပွားချင်ရင်   ကိုယ်တိုင်ဆက်လက်လေ့လာမှု၊ ဆည်းပူးမှုကို သေသည်အထိ လုပ်ဆောင်နေရမည်” ဟူသည့်   အသိဉာဏ်ပါသွားသည်အထိ    ယနေ့ ကျောင်းသင်ပညာရေးကို အကောင်အထည်ဖော်နေ ကြသူ ဆရာ ဆရာမများက လေ့ကျင့်ပေးရပါလိမ့် မည်။ ဆရာများကိုယ်တိုင်လည်း အဆိုပါအသိကို ရှေ့ဆုံးက   လက်ခံကျင့်သုံးကာ   ယခုကဲ့သို့မွမ်းမံ သင်တန်းများ တက်နေခြင်းဖြစ်သည်။ 
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ   ခေတ်တွင် သမ္မတတာဝန်ထမ်းဆောင်ခဲ့သူ ဦးစန်းယုက “ဆရာ ဆိုတာ ထာဝရကျောင်းသားကြီးတွေပါ” ဟု ဆိုခဲ့ သည်။ ယင်းအဆိုသည် “တစ်သက်တာ သင်ယူသူ” (Lifelong learners)  ဟုဆိုခဲ့ခြင်းဖြစ်ပြီး  ယနေ့ “ပညာခေတ်”တွင် ပိုမိုမှန်ကန်ကြောင်း တွေ့မြင်နေ ရသည်။   ခေတ်ရှေ့ပြေးသည့်  အမြင်ပါ။    ဆရာ ဆရာမများ  ယခုကဲ့သို့    မွမ်းမံသင်တန်းတက်ရင်း မိမိကိုယ်ကို ဖြည့်ဆည်းနေခြင်းသည်   ပညာရေး သည်  လူတစ်ဦးချင်း၏   ဘဝတိုးတက်မှုကို   ပိုမို ဖော်ဆောင်နိုင်ပြီး  လူ့အဖွဲ့အစည်း၏    ဖွံ့ဖြိုးမှုဗဟို ချက်မ၌ ဆက်လက်ရပ်တည်နေနိုင်အောင် ကြိုးပမ်း နေကြခြင်းဖြစ်သည်။
နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးမှုတွင်        “ဆရာသည် ခေါင်းကိုင်သခင်များ” ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော်   နိုင်ငံ၏ဖွံ့ဖြိုးမှုကို   ဖော်ဆောင်သည်မှာ နိုင်ငံသားများပင်ဖြစ်သည်။ ဆောင်းပါးအစတွင် ဖော်ညွှန်းခဲ့သည့်    စင်ကာပူဝန်ကြီးချုပ်၏ စကား ကဲ့သို့ တော်သလောက် ကောင်းသည့်နိုင်ငံသားများကို လေ့ကျင့်ပေးနေသည်မှာ ဆရာကောင်း၊ ဆရာမြတ် များပင်။ သို့ပါ၍  ဆရာသည်   တပည့်များကို   စာ သို့မဟုတ် ပညာရပ် တော်ရုံလောက်သာ သင်ပေး၊ လေ့ကျင့်ပေးမှုအဆင့်တွင်       ရပ်မထားအပ်ပေ။ ဤအဆင့်သည်          ဆရာ့တာဝန်ကျေပွန်မှု မလုံလောက်သေးပေ။   မိမိနှင့် တပည့်များသည် “တိုင်းပြုပြည်ပြုနိုင်ငံသား”  ဖြစ်ကြသည်ဟူသည့် ခံယူချက်ရှိရမည်။   “တိုင်းဖျက်ပြည်ဆူစိတ်ထား ကင်းသူများ”ဖြစ်ရမည်။   ထို့အပြင်    မိမိသည် လည်းကောင်း၊ မိမိ၏တပည့်သည်လည်းကောင်း ဤနိုင်ငံတွင်မွေး၍ ဤလူ့အဖွဲ့အစည်းတွင် ကြီးပြင်း ကာ ဤယဉ်ကျေးမှုနှင့် မွေ့လျော်ခွင့်ရခြင်းကိုလည်း အမြဲဂုဏ်ယူလိုစိတ် ရှိစေရပေမည်။ 
ထိုဂုဏ်ယူစိတ်နှင့်အပြိုင်    ဤမြေ၊   ဤရေ၊ ဤလူ့အဖွဲ့အစည်းနှင့် ယဉ်ကျေးမှုတို့သည် ဂုဏ်ယူ ထိုက်၊ ဂုဏ်ယူစရာဖြစ်အောင် အမြဲကြိုးပမ်းနေရေး သည်   နိုင်ငံသားဖြစ်သည့်   မိမိတို့    ဆရာများနှင့် မိမိတို့ဆရာများက   လေ့ကျင့်သင်ကြားပေးလိုက် သည့် နိုင်ငံသားတပည့်များ၏ “ကောင်း” သလောက် “တော်” မှုအပေါ်တွင်   မူတည်နေပေသည်ဟူသည့် နိုင်ငံတည်ဆောက်ရေးခံယူချက်ဖြင့်    သင်ကြား လေ့ကျင့်ပေးနေခြင်းဖြစ်ရမည်။    နောက်ဆုံးတွင်  ဆရာတပည့် ဉာဏ်ရည်ဉာဏ်သွေးမြင့်မားမှုအပေါ် တွင် နိုင်ငံ၏   အခြေတင့်မှု၊   မတင့်မှုသည် တည်မီ နေပါသလားဟူသည့်  “တိုင်းပြုပြည်ပြု   နိုင်ငံရေး အမြင်ကျယ်မှု” ရှိသော “ထာဝရကျောင်းသားကြီး များဘဝ”ကို ခံယူထားကြသူများအဖြစ် ဆရာဘဝ ကို ရပ်တည်နိုင်သူများဖြစ်ရမည်။ 
သို့အတွက် အစဉ်လေ့လာနေပြီး အမြဲတမ်း မိမိ ကိုယ်ကို အရည်အသွေးမြင့်သည်ထက် မြင့်အောင် မြှင့်တင်နေကြသည့် မြတ်ဆရာ ဆရာမများဘဝကို အစဉ်ခံယူနိုင်ရန် နွေရာသီမွမ်းမံသင်တန်း တက်နေ ကြခြင်းဖြစ်သည်။  အဆိုပါနွေရာသီမွမ်းမံသင်တန်း သို့ လာရောက်သင်တန်းတက်ရောက်နေကြသည့် “တိုင်းပြုပြည်ပြုဆရာ ဆရာမများ” အား ဂုဏ်ပြု လျက်      ယခုဆောင်းပါးကို    ရေးသားလိုက်ရပါ သည်။    ။