
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်အတွင်းမှ ရွှေဂူကြီးစေတီတော်ကြီးသည် ပုဂံခေတ် (အေဒီ ၁၁ ရာစု)မှ ပင်းယခေတ် (အေဒီ ၁၄ ရာစု)အတွင်း အနုပညာလက်ရာများ တစုတဝေးတည်း အပြည့်စုံဆုံး စုဝေးတည်ရှိရာ စေတီတော်ကြီးဖြစ်သည်။
ရွှေဂူကြီးစေတီတော်ကြီး တည်နေရာနှင့် သမိုင်း
ပထမမြန်မာနိုင်ငံတော်ကြီးကို စတင် တည်ထောင်ခဲ့သော ထေရဝါဒဗုဒ္ဓဘာသသာသနာ ပြု မင်းမြတ်အနော်ရထာသည် ပုဂံနိုင်ငံတော်ကြီး၏ စပါးကျီဒေသဖြစ်သော စမုံ၊ စမာ၊ ဇော်ဂျီ၊ ပန်းလောင် နှင့် ဒုဋ္ဌဝတီမြစ်တို့ ဖြတ်သန်းစီးဆင်းရာ ကျောက်ဆည်လွင်ပြင်တွင် ပင်လယ်၊ ပြည်မနား၊ မြစ်သာ၊ ရမုန်း၊ မြင်းခုံတိုင်၊ ပနန်၊ တမုတ်၊ သင်တောင်း၊ မက္ခရာ၊ တပြက်သာ၊ ခံလူး စသည့် လယ်တွင်း ၁၁ ခရိုင် ခံမြို့များ အခိုင်အမာ တည်ဆောက်ခဲ့ပြီး အဆိုပါ ခံမြို့များသည် မြစ်သား မြို့နယ်၌ သုံးမြို့၊ ကျောက်ဆည်မြို့နယ်၌ ငါးမြို့၊ စဉ့်ကိုင်မြို့နယ်၌ သုံးမြို့ အသီးသီးတည်လျက် ရှိသည်။
၁၁ ခရိုင်မြို့များတွင် တစ်မြို့အပါအဝင်ဖြစ်သော တမုတ်မြို့ဟောင်းသည် ပန်းလောင်မြစ်၏ အရှေ့ ဘက် ကြောင်ပန်းကုန်းကျေးရွာအုပ်စု ညောင်ပင် ဇောက်ကျေးရွာအနီးတွင် တည်ရှိခဲ့ပြီး အကျယ် အဝန်း ၂၅ ဧကရှိသည်။ မြင်းခွာပုံသဏ္ဌာန်ရှိသော အုတ်မြို့ရိုး တည်ဆောက်ထားပြီး တမုတ်ရွှေဂူကြီးစေတီတော်မြတ်ကြီးသည် အဆိုပါ တမုတ်မြို့ ဟောင်းကုန်း၏ အတွင်းဘက် အရှေ့တောင်ထောင့် ကျောက်ဆည်မြို့၏ အနောက်ဘက် ခြောက်မိုင် အကွာ ကျောက်ဆည်- တံတားဦး ကားလမ်းဘေး ညောင်ပင်ဇောက်ကျေးရွာအနီးတွင် တည်ရှိသည်။
တစ်မုတ်ရှင်ပင်ရွှေဂူကြီး စေတီတော်ကြီးသည် ပုဂံခေတ်ဦးပိုင်းက ပန်းလောင်မြစ်ရိုးတစ်လျှောက် အနော်ရထာမင်းကြီး တည်ထားပူဇော်ခဲ့သော ဂူကြီးကိုးလုံးအနက် တစ်လုံးဖြစ်ခဲ့ပြီး ပုဂံခေတ် နှောင်းပိုင်း (၁၂ ရာစုနှောင်းပိုင်း)တွင် မြစ်တော် နရပတိစည်သူမင်းကြီးက မူလစေတီတော်ပုံ အထွတ် တင် တစ်ထပ်ဂူဘုရားငယ်ကို ကွမ်းတောင်ပေါက် နှစ်ထပ်ဂူဘုရားအဖြစ် ပြောင်းလဲပြုပြင်လိုက်သည့် အပြင် အတွင်းရှိ ဆင်းတုတော် အကြီးအငယ်များ၊ အပြင်မှ အလွန်အနုစိတ်လှသော ကနုတ်ပန်းများ၊ တိရစ္ဆာန်ပုံမျိုးစုံ၊ ကျေးငှက်ရုပ်မျိုးစုံ၊ လူ၊ နတ်၊ ဗြဟ္ဗာ၊ ကိန္နရာပေါင်းစုံတို့၏ အရုပ်များဖြင့် ပြန်လည်အလှ ဆင်ခဲ့သည်။ ပင်းယခေတ် (သက္ကရာဇ် ၆၈၄ ခု) ဥဇ္ဇနာ မင်းကြီး လက်ထက်တော်တွင် စေတီတော်၊ သိမ် တော်၊ ဆင်းတုတော်များကို ထပ်မံလွှမ်းငုံ၍ စေတီ တော်အသစ် တည်ထားကိုးကွယ်ခဲ့ကြောင်း သမိုင်း သုတေသီ မောင်ဝင်းမောင်(တမ္ပဝတီ) ရေးသားပြုစု ထားသည့် တမုတ်ရှင်ပင်ရွှေဂူကြီး စေတီတော် သမိုင်းအကျဉ်းစာအုပ်မှ သိရသည်။
နံရံဆေးရေးပန်းချီနှင့် အနုပညာလက်ရာများ
ယခုအခါ တမုတ်ရှင်ပင် ရွှေဂူကြီးဘုရားကြီးကို ပြန်လည်ပြုပြင်မွမ်းမံထားမှုကြောင့် ဒုတိယလိုဏ်ဂူ ဂန္ဓကုဋိတိုက်အတွင်းရှိ နံရံဆေးရေးပန်းချီများ၊ ဦးခေါင်းတော် နှစ်ပေ ခြောက်လက်မ၊ ဉာဏ်တော် ၁၀ ပေခန့်ရှိ အလွန်သပ္ပာယ် ကြည်ညိုဖွယ်ကောင်း သော အင်္ဂတေရုပ်ပွားတော်ကြီး ကိုယ်တစ်ပိုင်းနှင့် အနော်ရထာမင်းကြီး တည်ထားပူဇော်ခဲ့သော ရုပ်ပွားတော်များ၊ ရှေးဟောင်းအနုပညာလက်ရာများ ဖြစ်သည့် ပန်းဆွဲဘီလူးများ၊ နံရံအင်္ဂတေ ပန်းတော့ ရုပ်ကြွများ၊ စေတီတော်လေးဘက်မျက်နှာရှိ မုခ်ဦး တံကဲ ကနုတ်ပန်း ဒီဇိုင်းများ၊ ခြင်္သေ့ကိုယ်နှစ်ခွ မြင်းခေါင်းပုံနှင့် လူခန္ဓာ(အဿမုခိ)ပုံ၊ ဆင်ဦးခေါင်း နှင့် ငှက်ကိုယ်(ဆင်ငှက်)၊ ဗျိုင်းနှစ်ကောင်လည်လိမ်၊ ကြက်ဖ၊ ဆင်၊ သမင်၊ မျောက်၊ မိကျောင်း၊ ငါး စသည့် ပုံများကို လေ့လာနိုင်သည်။
ထို့ပြင် အထက်ပစ္စယံ အဆင့်ဆင့်၏ မှန်ကွက် များတွင် အင်္ဂတေများဖြင့် ဇာတ်တော်နိပါတ်စဉ် များနှင့် ဇာတ်တော်အမည်ရေးထိုးထားသော ငါးရာ့ ငါးဆယ် သရုပ်ဖော် ဖောင်းကြွရုပ်ပုံများ၊ မုခ်ဦး အတွင်း ဉာဏ်တော် ၁၀ ပေရှိ ရုပ်ပွားတော် စသည် ဖြင့် ဆန်းကြယ်သော ၁၂ ရာစုခေတ် ပန်းတော့ လက်ရာ အနုစိတ် အင်္ဂတေဒီဇိုင်းများကိုလည်း တမုတ်ရှင်ပင်ရွှေဂူကြီး စေတီတော်မြတ်ကြီး၌ ဖူးတွေ့ လေ့လာနိုင်မည်ဖြစ်သည်။
သို့ဖြစ်၍ ပုဂံခေတ်မှ ပင်းယခေတ်အတွင်း အနုပညာ လက်ရာများ(ရှေးမူလလက်ရာအတိုင်း) တစ်နေရာတည်း အပြည့်စုံဆုံး စုဝေးတည်ရှိရာ မြန်မာနိုင်ငံ၏ တစ်ဆူတည်းသော မြန်မာ့ ဂုဏ်ဆောင် တမုတ်ရှင်ပင် ရွှေဂူကြီးစေတီတော် မြတ်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ မိဘပြည်သူများ အနေဖြင့် သင်္ကြန်ရက်ရှည် ရုံးပိတ်ရက်များတွင် လာရောက်လေ့လာ ကြည်ညိုနိုင်ပါစေကြောင်း အသိပေးရေးသားလိုက်ရပါသည်။ ။
သက်မောင်
(ကျောက်ဆည်)