
ဒါကာ ဧပြီ ၁၅
ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာမြို့ရှိ နာမည် ကျော် အဝတ်အထည်ဈေးတွင် ဧပြီ ၁၅ ရက် နံနက် ပိုင်းက မီးအကြီးအကျယ်လောင်မှုဖြစ်ပွားခဲ့သည်။
မီးအကြီးအကျယ်လောင်မှုကို ငြှိမ်းသတ်ရန် အတွက် မီးသတ်ကားအစီး ၃၀ ဖြင့် မီးငြှိမ်းသတ် နိုင်ရေး ကြိုးပမ်းခဲ့သည်ဟု မီးသတ်ဌာနနှင့် မြို့တော် ပြည်သူ့ကာကွယ်ရေးဌာနချုပ်မှ ဒုတိယ အကြီးအကဲ အာရှက်ဒ် ဟိုစိန်က ဆင်ဟွာသို့ ပြောသည်။ မီးအရှိန်ကြောင့် မီးခိုးလုံးကြီးများ လေထုထဲသို့ လွင့်တက်လာပြီး မီးခိုးငွေ့များကြောင့် ကီလိုမီတာအနည်းငယ်အတွင်းသာ မြင်နိုင်စွမ်းရှိ သည်။ ဒေသစံတော်ချိန် နံနက် ၆ နာရီဝန်းကျင်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းကိုမူ မသိရသေးဟု ဆိုသည်။
အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ လုံခြုံရေးအရာရှိ များကလည်း မည်သည့်မှတ်ချက်မှ မပေးခဲ့ပေ။ ဘင်္ဂလားဒေ့ရှ်ကြည်းတပ်၊ လေတပ်နှင့်ရေတပ်တို့မှ မီးသတ်တပ်စုများလည်း မီးလောင်မှုကိုငြှိမ်းသတ် ရန်အတွက် အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိ လာကြသည်။ မီးလောင်မှုကို ထိန်းချုပ်နိုင်ပြီ ဖြစ်သော်လည်း အပြီးသတ်ငြှိမ်းသတ်ရန် လိုအပ် သေးသည်ဟု မီးသတ်ဌာနနှင့် မြို့တော်ပြည်သူ့ ကာကွယ်ရေးဌာနချုပ်မှ ဗိုလ်မှူးချုပ် အမ်ဒီ မိန်းအူဒင်က သတင်းထောက်များကို ပြောသည်။
ယခုတစ်ကြိမ် မီးလောင်မှုမှာ ပြီးခဲ့သည့် သီတင်းနှစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက် ဈေးအတွင်း မီးအကြီးအကျယ်လောင်ခြင်းဖြစ် သည်။ ဧပြီ ၄ ရက်ကလည်း ဒါကာမြို့ ဘန်ဂါ ဇဘာဇာဈေးတွင် ဈေးဆိုင်ခန်းထောင်ပေါင်းများစွာ မီးလောင်ပျက်စီးခဲ့ရသည်။
ဆင်ဟွာ