ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ မိန့်ခွန်းပြောကြားရာနေရာ၌ ဗုံးပေါက်ကွဲမှုဖြစ်၊ သံသယရှိသူကို ဖမ်းဆီးထား

 

တိုကျို    ဧပြီ    ၁၅


ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါသည် ဧပြီ ၁၅ ရက်တွင် မိန့်ခွန်းပြောကြားရန် ဂျပန်နိုင်ငံ အနောက်ပိုင်း ဝါကာယာမာမြို့ခရီးစဉ်အတွင်း  မီးခိုးဗုံးဟုယူဆရသည့်  အရာဝတ္ထုတစ်ခု  ဝန်ကြီးချုပ်အနီးနားသို့ ပစ်ပေါက်ခံရပြီးနောက် ဘေးလွတ်ရာသို့ အန္တရာယ်ကင်းစွာ ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။ 

 


ဝန်ကြီးချုပ်  ကီရှီဒါ  လာရောက်သော  ဝါကာ ယာမာရှိ    ဆိပ်ကမ်းတစ်ခုသို့     ပိုက်နှင့်တူသော ဗုံးတစ်လုံး   ပစ်ပေါက်လိုက်သော   သံသယရှိသူကို ဖမ်းဆီးရမိကြောင်း    ရဲတပ်ဖွဲ့သတင်းရင်းမြစ်ကို ကိုးကားပြီး နိုင်ငံပိုင်ရုပ်သံလိုင်း အင်န်အိတ်ချ်ကေ၏ ဖော်ပြချက်အရ သိရသည်။  

 


ဖမ်းဆီးရမိသည့် သံသယရှိသူမှာ ဟိုဂိုစီရင်စု ကာဝါနီရှိမြို့တွင် နေထိုင်သော အသက် ၂၄ နှစ် အရွယ် ကိမူရာယူဂျီဆိုသူဖြစ်သည်။ အင်န်အိတ်ချ် ကေက ဖော်ပြသော  ရုပ်သံတစ်ခုတွင်      ပေါက်ကွဲသံ ကျယ်လောင်စွာကြားရသော ဧရိယာတွင် မီးခိုးများ ဖုံးလွှမ်းသွားသည့်အတွက် လူအုပ်ကြီးမှာ ထွက်ပြေး သွားကြကြောင်းနှင့် ရဲတပ်ဖွဲ့အရာရှိများက သံသယ ရှိသူကို    မြေပြင်ပေါ်    လှဲချဖမ်းဆီးထားသည်ကို တွေ့ရသည်။ 

 


ဒေသတွင်းမီဒီယာများ၏     ဖော်ပြချက်အရ ကီရှီဒါသည် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက်  အခင်း ဖြစ်ပွားရာနေရာမှ     ချက်ချင်းထွက်ခွာခဲ့သည်။ အဆိုပါ    ဖြစ်ရပ်ကြောင့်  ရဲအရာရှိတစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း၊   ကီရှီဒါသည်    လက်ရှိတွင် ဝါကာယာမာစီရင်စုရှိ   ပင်မရဲတပ်ဖွဲ့ဌာနချုပ်တွင် ရှိပြီး မိန့်ခွန်းပြောကြားမည့် အစီအစဉ်ကို ဖျက်သိမ်း လိုက်ရကြောင်း သိရသည်။ 

 


ယခုဗုံးပေါက်ကွဲမှုဖြစ်စဉ်သည်     လာမည့် လအတွင်း ဂျပန်နိုင်ငံက ဟီရိုရှီးမားမြို့တွင် ဂျီ - ၇ ခေါင်းဆောင်များ   ထိပ်သီးအစည်းအဝေးမတိုင်မီ နိုင်ငံမြောက်ပိုင်း စပိုရိုမြို့နှင့် နာဂါ နိုရှိ ကာရူဇဝါမြို့ တို့တွင်  ဂျီ - ၇ ဝန်ကြီးအဆင့်   အစည်းအဝေးများ လက်ခံကျင်းပနေချိန် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။                                    

     
အင်န်အိတ်ချ်ကေ၊ ဆင်ဟွာ