
ဘားအံ ဧပြီ ၁၄
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ကရင်ပြည်နယ် ဘားအံမြို့၌ အေးချမ်း ပျော်ရွှင်စွာ ဆင်ယင်ကျင်းပလျက်ရှိရာ ဧပြီလ ၁၄ ရက် မဟာသင်္ကြန်အကျနေ့တွင် ဘားအံမြို့ပေါ်ရှိ ပြည်နယ်အဆင့် ဝန်ကြီးဌာနရေကစားမဏ္ဍပ်များနှင့် ရပ်ကွက်အလိုက် ရေကစားမဏ္ဍပ်များတွင် သင်္ကြန် ရေကစားကြသူများ၊ ရေပက်ခံထွက်သူများဖြင့် စည်ကားလျက်ရှိသည်ကို တွေ့ရသည်။
မဟာသင်္ကြန်အကျနေ့ နံနက်ပိုင်းတွင် ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်ဇနီး ဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများသည် ဘားအံမြို့ အမှတ်(၃) ရပ်ကွက် မြို့မဘောလုံးကွင်းရှိ မဟာသင်္ကြန် ဗဟို မဏ္ဍပ်တွင် သင်္ကြန်ယိမ်းအကအဖွဲ့များ၊ တစ်ပင်တိုင် အကများ၊ အနုပညာရှင်များ၏ တေးသီချင်းဖြင့်သီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီး အောင်သပြေခက်ဖြင့် အတာရေအေးပက်ဖျန်းပေး ကြကာ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့ ကမ်းနားလမ်းရှိ ရေကစားမဏ္ဍပ်များသို့ လှည့်လည်၍ ရေပက်ခံထွက်ရေကစားခဲ့ကြပြီး ဖျော်ဖြေမှုများကို ကြည့်ရှုအားပေး၍ ဖျော်ဖြေရေး အဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဘားအံမြို့ မဟာသင်္ကြန်ပွဲတော်တွင် ပထမဆုံး အကြိမ် ထည့်သွင်းကျင်းပသည့် ခေမာလမ်းထိပ်မှ အင်ကုန်းလမ်းထိပ်အထိ မုခ်ဦးအလှ၊ ထီးအလှ၊ ပိတောက်ပန်းအလှ၊ ရေပန်းအလှများဖြင့် တန်ဆာ ဆင်ထားသော လမ်းလျှောက်သင်္ကြန်တွင် ဒေသခံ တိုင်းရင်းသားပြည်သူများ အေးချမ်းပျော်ရွှင် စည်ကားစွာ ရေကစားနေမှုများကို ကြည့်ရှုအားပေး ခဲ့ကြပြီး ဘားအံမြို့ ဇွဲကပင်ပန်းခြံရှိ စည်ပင်သာယာ ရေးအဖွဲ့ ရေကစားမဏ္ဍပ်တွင် သင်္ကြန်ယိမ်းအဖွဲ့များ၊ တစ်ပင်တိုင်အကအလှများ၊ တေးသံရှင်များ၏ သီဆို ကပြဧည့်ခံဖျော်ဖြေမှုများကို ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ဘားအံမြို့ ကမ်းနားလမ်း မြို့မဘောလုံးကွင်း၌ မဟာသင်္ကြန်အကပြိုင်ပွဲကို ကိုယ်ပိုင်သံစဉ်တီးခတ် သီဆိုကပြသည့်ပြိုင်ပွဲနှင့် ကော်ပီသီဆိုတီးခတ် ကပြ သည့်ပြိုင်ပွဲဟူ၍ နှစ်မျိုးခွဲ၍ကျင်းပပြီး သင်္ကြန် ယိမ်း အကအဖွဲ့ ၂၇ ဖွဲ့၊ တစ်ပင်တိုင်အကအဖွဲ့ ၁၁ ဖွဲ့တို့က အလှည့်ကျယှဉ်ပြိုင်ကြမည်ဖြစ်ပြီး မဟာသင်္ကြန် အတက်နေ့ညပိုင်းတွင် ဆုများပေးအပ်ချီးမြှင့်မည် ဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)